New Artical

အလွယ်တကူ အိပ်ပျော်စေနိုင်မယ့် နည်းလမ်းလေးတွေ

 


ပုံမှန်အားဖြင့်ဆိုရင် လူဆိုတာ ညရောက်ရင် အိပ်စက်ကြပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ညတိုင်း အိပ်ပျော်နေကြတာမဟုတ်ပါဘူး။ ညည အိပ်မပျော်လို့ အခက်တွေ့နေသူတွေ အများကြီးပါ။
အိပ်ယာဝင်ချိန်ရောက်တိုင်း အိပ်စက်ဖို့ ခက်ခဲနေတာမျိုး လူတိုင်း ကြုံဆုံဖူးမှာပါ။ ဒီကနေ့ခေတ်လို အခြေအနေမျိုးမှာ လူတိုင်းနီးပါး ပူပင်သောကအမျိုးမျိုးနဲပ ညညအိပ်မပျော်ဖြစ်နေကြတာ ထုနဲ့ထေးရယ်ပါ။
လူတွေ တွေးထင်သလောက် အလွယ်တကူအိပ်မပျော်နိုင်တဲ့အခါ အိပ်ရေးပျက်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်လာပါတယ်။ အိပ်ရေးပျက်တာဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာမို့ ခုလိုကာလမျိုးမှာ အန္တရယ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ညအချိန်တွေမှာ အချိန်မှန်မှန် အိပ်ရေးဝဝအိပ်စက်ဖြစ်ဖို့ အလွယ်တကူအိပ်ပျော်ဖို့ လိုအပ်လာပါပြီ။ သိပ္ပံနည်းကျလေ့လာချက်တွေအရ တွေ့ရှိထားတဲ့ အိပ်စက်ရလွယ်ကူစေတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဒီလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို ပြောပြပါရစေ။

အခန်း အပူချိန်လျှော့ချပါ – အခန်းအပူချိန် မြင့်မားရင် အိပ်ပျော်ဖို့ခက်ပြီး အေးရင် အိပ်စက်ရပိုမိုလွယ်ကူပါတယ်။ အိပ်ယာဝင်ခါနီးမှာ ခန္ဓာကိုယ်အပူချိန်ကျဖို့ ရေချိုးတာမျိုး လုပ်သင့်ပါတယ်။

အိပ်ချိန် စနစ်တကျ သတ်မှတ်ပါ။ ဘယ်အချိန်အိပ်မယ်ဆိုတာကို စနစ်တကျ သတ်မှတ် အိပ်ယာဝင်ပါ။ ရက်ဆက်လာတဲ့အခါ အကျင့်ရလာပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို အကျိုးရှိစေပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အိပ်စက်မှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ မနက် နဲ့ ညအိပ်ယာဝင်ခါနီးတွေမှာ လေ့ကျင့်ခန်းလုပ်တာက အိပ်ပျော်စေဖို့ နည်းကောင်းပါ။

တရားထိုင်ပါ။ ယောဂလေ့ကျင့်တာ၊ တရားထိုင်တာလိုမျိုး အလေ့အထတွေက စိတ်ကိုငြိမ်းချမ်းစေတာမို့ ညဘက်တွေမှာ အလွယ်တကူအိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

နာရီမကြည့်ပါနဲ့။ တရေးနိုးချိန်တွေမှာ နာရီထကြည့်တတ်တာက အိပ်မပျော်အောင် စေ့စော်တတ်ပါတယ်။ ဖြစ်နိုင်ရင် တရေးနိုးချိန်တွေမှာ နာရီမကြည့်ပါနဲ့။

နေ့ခင်းနေ့လယ်မှာ တရေတမောအိပ်ခြင်းကို ရှောင်ပါ။ ည ဘက် အိပ်မပျော်ဖြစ်ဖြစ်နေရင် နေ့ခင်းနေ့လယ် တရေးတမော အိပ်စက်တာမျိုးကို လျှော့ချပါ။

အစာစားချိန်နဲ့ အစားအစာကို ဂရုစိုက်ပါ။ အိပ်ယာဝင်ချိန်နဲ့ အစာစားချိန်ကို ၃ နာရီလောက် ခွာထားသင့်ပါတယ်။ အိပ်ခါနီးမှာ ဘာမှမစားတာက နည်းလမ်းကောင်းဖြစ်ပါတယ်။ ဒါ့အပြင် ကာဘိုဟိုက်ဒြိတ်များတဲ့ အစားအစာကိုလည်း ရှောင်ကျဉ်ပါ။

ဂီတသံတွေ နားဆင်ပါ။ ဂီတသံတွေကို နားဆင်တာက အိပ်စက်ချင်စိတ်ကို တွန်းအားပေးပါတယ်။ အထူးသဖြင့် ငြိမ့်ငြောင်းပြီး သာယာနာပျော်ဖွယ်ရှိတာမျိုးတွေပေါ့။

အိပ်ယာက မာကျောပြီး အိပ်ရတဲ့နေရာကလည်း မသက်မသာဖြစ်နေမယ်ဆိုရင် အိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။ သက်သောင့်သက်သာရှိပြီး အလွယ်တကူခါးဆန့်လို့ရတဲ့ နေရာမျိုးတွေမှာ အိပ်စက်ရင် ပိုအိပ်ပျော်ရလွယ်ပါတယ်။

မီးချောင်း၊ တီဗီ၊ ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတိုင်းကို ပိတ်ထားတာက အိပ်စက်မှုကို အထောက်အကူဖြစ်စေပါတယ်။ အိပ်ယာဝင်ခါနီးမှာ ဖုန်းကြည့်တာမျိုးကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။

ကော်ဖီ၊ အရက်လျှော့သောက်ပါ။ ကြိုက်တတ်လို့ သောက်တယ်ဆိုရင်တောင်မှ ပမာဏကို လျှော့ချသင့်သလို ညအိပ်ယာဝင်ခါနီးမှာလည်း မသောက်သုံးသင့်ပါဘူး။

No comments