New Artical

ငရဲသွားမယ့်မျက်စိနဲ့ မကြည့်ပါနဲ့


တစ်ခါသော် . . .
မစိုးရိမ်တိုက်သစ် မဟာနာယကချုပ် ဆရာတော်ဘုရားကြီးထံသို့ ကျောင်းဒကာတစ်ဦး ဆွမ်းချိုင့်ကိုကိုင်ပြီး တက်လာ၏။ ရောက်မဆိုက်ပင် မကျေနပ်တဲ့လေသံနဲ့ ဆရာတော်ဘုရားကြီးကို လျှောက်ထားလေ၏ ...

ဆရာတော်ဘုရား ...
တပည့်တော်ကျောင်းထဲကို ဝင်လာတော့ ကျောင်းထောင့်နားမှာ  ကိုယ်တော်ငါးပါး ခါးထောင်းတွေ ကျိုက်ပြီး ခြင်းခတ်နေကြတယ်ဘုရား.. အဲ့ဒါဆုံးမပေးပါအုံး အမြင်မတော်ဘူးဘုရား။

အေး...  ဟုတ်ပီကွ ဆုံးမပေးမယ်။
ကဲ...  ငါနဲ့ ခန လိုက်ခဲ့... လာ ...
ဆရာတော်က ဒကာကို ခေါ်ဆောင်ကာ ဦးဇင်းတွေ စာဝါတက်နေတဲ့ ဓမ္မမဟိဒ္ဓိအဆောင်သို့ ခေါ်ဆောင်သွား၏။
ဆရာတော့်အဆောင်သို့ ပြန်ရောက်တော့ ဒကာကို မေး၏ .....

မင်း ခုနမြင်ခဲ့တဲ့ စာသင်နေတဲ့ ကိုယ်တော်တွေနဲ့ ခြင်းခတ်နေတဲ့  ကိုယ်တော်တွေ ဘယ်ဟာက များလဲကွ? ဟာ..ဆရာတော် စာသင်နေတာက ထောင်ချီရှိတယ်လေ စာသင်နေတဲ့ ကိုယ်တော်တွေက များတာပေါ့ ခြင်းခတ်နေတဲ့ ကိုယ်တော်က ငါးပါးထဲရယ်။

အေး...  မင်းတို့ဒကာ ဒကာမတွေက အဲ့ဒီ စာသင်နေတဲ့ ဦးဇင်းတွေကို ကြည်ညိုရကောင်းမှန်း မသိပဲဘာမှ မပြောပလောက်တဲ့ လေးငါးပါးကို ကြည့်ပြီး ငရဲယူနေကြတာ ငရဲမျက်လုံးနဲ့ ကြည့်နေကြတာငရဲကျတာတောင် နည်းသေးသကွာ ...

မှတ်ထားကွ ... ဘာပဲကြည့်ကြည့် နတ်ပြည်ရောက်မယ့် မျက်စိနဲ့ပဲကြည့် ငရဲသွားမယ့် မျက်စိနဲ့မကြည့်နဲ့ တဲ့ ..
ကွက်ကနဲမြင်အောင် ဒတ်ကနဲထိအောင် လက်တွေ့ ဥပမာနဲ့ နောင်လာနောက်သားတွေ မှတ်သားရစ်ရလေအောင် ဆုံးမနိုင်တဲ့ ဆရာတော်ကြီးပါတကား ..
ကဲ ဘာမျက်လုံးနဲ့ ကြည့်ကြမလဲ ရွေးကြလေ.....။
(ဧဝံ မေ သုတံ)

ဓမ္မရံသီအရှင်ကဝိန္ဒ
မန္တလေးဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်

No comments