New Artical

လင်မယားကွာရှင်းခွင့်နှင့်ဥပဒေ



 လင်မယားကွာရှင်းခွင့်နှင့်ဥပဒေ

တရားဥပဒေစိုးမိုးဖို့၊ လူ့ဘောင်အဖွဲ့အစည်း ပျော်ရွှင် ချမ်းမြေ့ဖို့ဆိုလျှင် ရာဇဝတ်မှုခင်းများကို ဥပဒေနှင့်အညီ မှန်ကန်စွာစစ်ဆေး၍ မှန်ကန်စွာဖော်ထုတ်ပြီး မှန်ကန်စွာ စီရင်ဆုံးဖြတ်ရန် လိုအပ်သကဲ့သို့ တရားမမှုခင်းများကို လည်း ဥပဒေနှင့်အညီမှန်ကန်စွာ အဆုံးအဖြတ်ပေးရန် လိုအပ်မည်ဖြစ်သည်။ ဥပဒေအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌လည်း ရာဇဝတ်မှုခင်းများသာမက တရားမမှုခင်းကိစ္စများကိုပါ ပြည်သူတွေသိရှိကြရအောင် ဆောင်ရွက်ပေးကြရပါလိမ့်မည်။

” လင်မယားကွာရှင်းရန် အကြောင်းသုံးမျိုး ”

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်း ပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။ ၎င်းတို့မှာ –

  • (က) နှစ်ဦး သဘောတူကွာရှင်းခြင်း၊

  • (ခ) လင်ဖြစ်သူရဟန်းပြုခြင်း၊

  • (ဂ) အိမ်ထောင်ရေး ပြစ်မှုကျူးလွန်ခြင်းတို့ဖြစ်သည်။

နှစ်ဦးသဘောတူကွာရှင်းခြင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ဖြစ်သူသည် ၎င်း၏သဘောဆန္ဒအလျောက် အကြောင်းမဲ့ သက်သက် မယားဖြစ်သူကို ကွာရှင်းခွင့်မရှိပါ။ မြန်မာဗုဒ္ဓဘာသာဝင်များ အိမ်ထောင်ပြုခြင်းမှာ တစ်ဦးနှင့်တစ်ဦး ကတိ ပဋိ ညာဉ် ပြုလုပ်ကြခြင်းပင်ဖြစ်ရာ နှစ်ဦးသဘောတူလျှင် အချိန်မရွေး အလွယ်တကူကွာရှင်းနိုင်သည်။ ထိမ်းမြား လက်ထပ်ရာတွင် စာချုပ်မလိုသကဲ့သို့ ကွာရှင်းရာတွင် လည်း စာချုပ်မလိုပါ။ လင်မယား နှစ်ဦးသဘောတူညီ ချက်အရ ကွာရှင်းလျှင် လင်ခန်း မယားခန်း လုံးဝပြတ်စဲသည်။

” ဂြိုဟ်ပြေနံပြေကွာရှင်းခြင်း”

လင်မယားကွာရှင်းရေးနှင့်ပတ်သက်၍ ဂြိုဟ်ပြေ နံပြေဟု ခေါ်တွင်သည့် ဟန်ဆောင် ကွာရှင်းမှုတစ်မျိုးကို မြန် မာဗုဒ္ဓဘာသာ တရားဥပဒေက အသိအမှတ်ပြုထား သည်။ လင်ခန်း မယားခန်း ပြတ်စဲခြင်းမရှိပါ။

” လင်ဖြစ်သူရဟန်းပြုခြင်း”

လင်ဖြစ်သူသည် လူ့လောကကို စွန့်ခွာပြီး (ဒုလ္လဘ မဟုတ်ဘဲ) ရဟန်း ပြု၍ ရဟန်းဘောင်သို့ အပြီးပိုင် ကူး ပြောင်းသွားခဲ့သော် လင်ခန်း မယားခန်းပြတ်စဲသည်။

” အိမ်ထောင်ရေးပြစ်မှုဆိုသည်မှာ”

အိမ်ထောင်ရေးပြစ်မှုတွင် သာမန်အိမ်ထောင်ရေး ပြစ်မှုနှင့် ကြီးလေးသောအိမ်ထောင်ရေး ပြစ်မှုဟူ၍ ခွဲခြား တွေ့ရှိနိုင်သည်။

” သာမန်အိမ်ထောင်ရေး ပြစ်မှုဆိုသည်မှာ”

(က) ရက်စက်မှု (ခ) လင်၏ဖောက်ပြန်မှု၊ (ဂ) ဒုတိယ မယားယူမှု၊ (ဃ) စွန့်ပစ်မှု၊ (င) လီဆယ်မှု တို့ဖြစ် သည်။ ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုဆိုသည်မှာ (က) မယား၏ဖောက်ပြန်မှု (ခ) ကြီးလေးသောရက်စက်မှု တို့ ဖြစ်သည်။

အိမ်ထောင်ရေးပြစ်မှုများတွင် သာမန် အိမ်ထောင် ရေး ပြစ်မှုနှင့် ကြီးလေး သော အိမ်ထောင်ရေးပြစ်မှုဟူ၍ ခွဲခြား ထားရခြင်းမှာ လင်မယားကွာရှင်းခွင့်ပြုခြင်း မပြုခြင်းအတွက် အဓိကမဟုတ်ပါ။ လင်မယားကွာရှင်းခဲ့သော် ပစ္စည်းခွဲဝေသည့်အခါ ကျူးလွန်သောပြစ်မှုကို အခြေပြု ၍ ခွဲဝေရခြင်းကြောင့်ဖြစ်သည်။

” သာမန်အိမ်ထောင်ရေးပြစ်မှုများ ”

ရက်စက်မှု ။ ။ ရက်စက်မှုဆိုရာတွင် သာမန်ရက်စက်မှုနှင့် ကြီးလေး သောရက်စက်မှုဟူ၍ နှစ်မျိုးရှိသည်။ သာမန် ရက်စက်မှုနှင့်ကြီးလေးသော ရက်စက်မှုခွဲခြားရာတွင် လက်ရောက်မှု ကျူးလွန်ခြင်းကြောင့် ရရှိ သည့် ဒဏ်ရာ သည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂ဝ အရ အပြင်းအထန် နာကျင်စေမှုဖြစ်ခဲ့သော် သို့မဟုတ် မယားအား ကွာရှင်းခွင့် မတောင်းတောင်းအောင် ရည်ရွယ်ချက်ဖြင့် ညှဉ်းပန်း နှိပ်စက်နေခဲ့သော် သို့မဟုတ် လင်ဖြစ်သူက သူနှိပ်စက် ညှဉ်းပန်းခြင်းကို နောင်တမရဘဲ သူကပင်ကွာရှင်းပြတ်စဲ ရန် လိုလားနေခဲ့သော် ထိုရက်စက်မှုသည် ကြီးလေးသော ရက်စက်မှုဖြစ်သည်။

ဥပဒေသဘောအရ ရက်စက်မှုဆိုရာတွင် ကိုယ်ကာယ ဆင်းရဲခြင်းသာမက စိတ်ဆင်းရဲခြင်းလည်း ပါဝင်သည်။ စိတ်ဒုက္ခခံစားရမှုများသည် ကိုယ်ထိလက်ရောက် ရိုက် နှက်ခြင်းခံရသော ကိုယ်ကာယဆင်းရဲခြင်းထက် ဆိုး သည်။ ထို့ကြောင့် စိတ်ဆင်းရဲအောင် ရက်စက်မှုကျူးလွန်လျှင် ကွာရှင်းခွင့်ရသည်။

လင်နှင့်မယားတို့တစ်ခါတစ်ရံ စိတ်သဘောထားချင်း မတိုက်ဆိုင်သဖြင့် ပဋိပက္ခဖြစ်ကာ စိတ်လိုက်မာန်ပါ လင်ကမယားအား ရိုက်နှက်ဆုံးမခြင်းမျိုးကို ဥပဒေအရ ရက်စက်မှု ကျူးလွန်သည်ဟု မဆိုနိုင်သော်လည်း မကြာ ခဏလင်ကမယားအား ကိုယ်ထိလက်ရောက် ရိုက်နှက် ခြင်း၊ ဆံပင်ဆွဲခြင်းစသည့် ပြုမူချက်များကို ပြုလုပ်ခဲ့ ပါလျှင် လင်ဖြစ်သူသည် ရက် စက်မှုကို ကျူးလွန်ခဲ့သည်ဟု ကောက်ယူရမည်ဖြစ်ကြောင်း ဆုံးဖြတ် သည်။

မယား၏ရက်စက်မှု ။ ။ ”လင်ဖြစ်သူက ရက်စက်၍ မယားကကွာလိုသည့်အမှုမျိုးမှာ သမားရိုးကျဖြစ်သည်။ တရားရုံးများတွင် အစဉ် တွေ့နေရသည်။ တရား လွှတ်တော်နှင့် တရားရုံးချုပ်တို့၏ စီရင်ထုံးများကိုလေ့ လာ လျှင် လင်၏ရက်စက်မှုနှင့်ပတ်သက်သည့် အမှုများကို သာတွေ့ရသည်။ ထို့ကြောင့် မယားကရက်စက်မှု ကျူးလွန်လျှင် လင်၌ကွာရှင်းခွင့် ရှိ၊ မရှိ ဆိုသည့်ပြဿနာ ကို ဆင်ခြင်ရာတွင် စီရင်ထုံးသည် ဥပဒေမဟုတ်၊ စီရင်ထုံးအရပ်ရပ် မတင်ပြကာမျှဖြင့် ရှိရင်းစွဲဥပဒေအရ ဆောင်ရွက်မှုကို မပိတ်ပင်နိုင်ဟု သဘောရရှိသည်။ ဤသို့စွဲဆိုခွင့်မရှိဟု တားမြစ်လျှင် မယားသည် လင်ယောက်ျားကို အလွန်အမင်းရက်စက်မှုများ ပြုလုပ် စေ ကာမူ လင်ယောက်ျားက မယား၏ရက်စက်မှုကို အကြောင်းပြု၍ မယားကွာလိုမှုမစွဲရဟု ပိတ်ပင်ရာ ရောက် သည့် အပြင် တရားမျှတမှုလည်း ရှိနိုင်မည်မဟုတ်ပေ။ ယခင် စီရင်ထုံးဓမ္မသတ်များ၌ ရက်စက်မှုတွင် မြန်မာ့ ဓလေ့ထုံးတမ်းအရ လင်မယားကွာရှင်းပေးစေရန်အတွက် တောင်းဆိုနိုင်သည့် အိမ်ထောင်ရေးပြစ်မှု တစ်ရပ် ဖြစ်သည်ဟု ဖော်ပြထားသည်။ အဆို ပါအခွင့် အရေးကို လင်ကသော်လည်းကောင်း၊ မယားကသော် လည်း ကောင်း ရယူနိုင်ကြောင်းဆုံးဖြတ်ထားချက်အရ လင်ဖြစ်သူက ရက်စက်မှုကျူးလွန်လျှင် မယား၌ ကွာရှင်း ခွင့် ရှိသည့်နည်းတူ မယားဖြစ်သူက ရက်စက်မှုကျူးလွန် လျှင်လည်း လင်၌ကွာရှင်းခွင့်ရှိကြောင်း ထင်ရှားသည်။”

ဤသည်မှာ ၂ဝ၁၅ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လမ်း ညွှန်ဆုံးဖြတ်ခဲ့သည့် စီရင်ထုံးပါ ဆုံးဖြတ်ချက်ဖြစ်သည်။

လင်၏ဖောက်ပြန်မှု။ ။ လင်ဖြစ်သူသည် အခြားမိန်းမ နှင့် ကျူးလွန်ပြီး မယားဖြစ်သူအား နှိပ်စက်ညှဉ်းပန်း လျှင် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည့် အတွက် မယား၌ ကွာရှင်းခွင့်ရနိုင်သည်။

ဒုတိယမယားယူမှု ။ ။ ပထမမယားကြီးရှိလျက်နှင့် ဒုတိယမယားယူခြင်းသည် ရက်စက်မှုကို ကျူးလွန်ခြင်း ဖြစ်သောကြောင့် ပထမမယား၌ ကွာရှင်းခွင့်ရှိသည်။

စွန့်ပစ်မှု ။ ။ စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ လင်ကမယားအား စွန့်ပစ်ထားပြီး သုံးနှစ်ပတ်လုံး ဟင်းရွက်တစ်ရွက်၊ ထင်းတစ်ချောင်းမျှပင် မထောက် ပံ့လျှင်သော်လည်းကောင်း၊ မယားကလင်အား တစ်နှစ်ပတ်လုံး ဟင်းရွက် တစ်ရွက်၊ ထင်းတစ်ချောင်းကိုမျှ မထောက်ပံ့လျှင်သော်လည်း ကောင်း လင်နှင့်မယားကွာရှင်းပိုင်ခွင့်ရှိကြောင်း ”မနု ကျယ်ဓမ္မသတ်” ပဉ္စမတွဲ အခန်း ၁၇ ၌ ဖော်ပြထားသည်။

မညွန့်နှင့်မောင်စံသိန်း စီရင်ထုံးတွင် စွန့်ပစ်ခြင်း အတွက် သတ်မှတ်ထားသော နှစ်ကာလစေ့လျှင် လင် မယား အဖြစ်မှ အလိုအလျောက် တရားဝင်ကွာရှင်းခြင်းသို့ ရောက်သည်ဟု ဆုံးဖြတ်ခဲ့သည်။

သို့သော် လင်မယားနှစ်ဦးသည် လင်ဖြစ်သူက သုံးနှစ်၊ မယားဖြစ်သူကတစ်နှစ် စွန့်ပစ်ထားရုံနှင့် မပြတ်စဲသေး ပေ။ စွန့်ပစ်ခြင်းခံရသူက ပြတ်စဲလိုသောဆန္ဒကို ထုတ်ဖော်ပြောမှသာလျှင် ပြတ်စဲနိုင်သည်။

ထို့ပြင် စွန့်ပစ်မှုနှင့်ပတ်သက်၍ ထိမ်းမြားမှုအလို အလျောက် မပျက်ပြယ်ကြောင်း၊ ထိမ်းမြားမှု ပျက်ပြယ် လို သည့်ဆန္ဒကို အထင်အရှားဖြစ်စေ၊ သိသာထင်ရှားသည့် အမူအရာဖြင့်ဖြစ်စေ ပေးရမည်။ ထိုသို့ ဆန္ဒမပေး သမျှ ထိမ်းမြားမှု တည်မြဲနေသည်ဟု ဒေါ်ခင်ပုနှင့် ဒေါက်တာသာမြ အမှုတွင် ဆုံးဖြတ်သည်။

မခင်မြနှင့် ကုလားစီရင်ထုံးတွင်လည်း စွန့်ပစ်သော ကာလအပိုင်းအခြား ကုန်ဆုံးသောအခါ၌ စွန့်ပစ်ခြင်း ခံရသူ က လင်ခန်းမယားခန်းပြတ်စဲလိုသော မိမိ၏ဆန္ဒ ကို ထုတ်ဖော်ပြောဆိုရပါမည်။ စွန့်ပစ်သွားသူ၏ ဆန္ဒ တစ်ခု တည်းဖြင့် ကွာရှင်းခွင့်မရနိုင်ပေ။ စွန့်ပစ်ခြင်းခံရ သူက ကွာရှင်းလိုမှသာလျှင် ကွာရှင်းနိုင်သည်။

လီဆယ်မှု ။ ။ ယောက်ျားဖြစ်သူက သားကြီးမယားကြီးရှိ လျက်နှင့် လူပျိုပါဟုလည်းကောင်း၊ ယခင်မယား ကြီးနှင့် ကွာရှင်းပြီးပြီဟုလည်း ကောင်း အဖြစ်မှန်ကို လီဆယ် ပြောဆို ထိမ်းမြားလက်ထပ်ခြင်းသည် လီဆယ်မှု ပင် ဖြစ်သည်။ ထိုသို့လီဆယ်မှုကျူးလွန်လျှင် မယားဖြစ်သူ ၌ ကွာရှင်းခွင့်ရနိုင်ကြောင်း ”ဓမ္မသတ်သုံးဆယ့်လေး စောင်တွဲ၊ အိမ်မှုခန်းဓမ္မသတ် အခန်း ၇၊ ပုဒ်မ ၉၁ နှင့် အဍ္ဍသံခေပဝဏ္ဏနာကျမ်း ပုဒ်မ ၃၄၉ တို့တွင် ပြဆိုထားသည်။

” ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုများ”

မယား၏ဖောက်ပြန်မှု။ ။ မယားသည် မိမိလင်မဟုတ် သည့်ယောက်ျားနှင့် ကာမစပ်ယှက်မှု ကျူးလွန်သည်ကို မယား၏ ဖောက်ပြန်မှုဟုခေါ် သည်။ ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဖြစ်၍ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ပစ္စည်းခန်းအခွင့်အရေးများ ဆုံးရှုံးခြင်းခံရ မည်ဖြစ်သည်။ မယားဖြစ်သူ ဖောက်ပြန်လျှင် လင်ဖြစ်သူ ၌ ကွာရှင်း ခွင့်ရှိ သည်။

” ဘာသာခြားများနှင့်လက်ထပ်သည့်အခါ”

ယခင်က မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် ဘာသာခြားများလက် ထပ်ရာမှ ကွာရှင်းရေးကိစ္စရပ်များ တွင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ စီရင် ဆုံးဖြတ် သည်။

ယခုအခါ ယင်းဥပဒေကိုရုပ်သိမ်းလိုက်သည်။ မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ကို ၂ဝ၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ ပုဒ်မ ၂၅ တွင် လင်မယားကွာရှင်းမှု၊ ပစ္စည်းခွဲဝေမှုနှင့် သား သမီး ထိန်းသိမ်းမှုတို့နှင့်သက်ဆိုင်သည့် မြန်မာဓလေ့ ထုံးတမ်းဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေအရ ထိမ်းမြားကြသူ သို့မဟုတ် ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူ ရခြင်းခံရသူတို့အပေါ် အာဏာသက် ရောက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုနည်းတူ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၄ အရ တည်ဆဲ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ၊ ကိုးကွယ်ရာ ဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ၊ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် လင် သို့မဟုတ် မယားသည် အခြားသူနှင့်ထပ်မံ၍ ထိမ်းမြား လျှင် ဤဥပဒေအရ အိမ်ထောင်ရေး ပြစ်မှုကို ကျူးလွန် ခြင်းဖြစ်၍ ကျန်သည့်မယား သို့မဟုတ် လင်က ကွာရှင်း ခွင့်ရှိသည်။

ဗဟုသုတအလို့ငှာ မျှဝေပေးခြင်းသက်သက်မျှသာ ဖြစ်သည်။ အကြင်လင်မယား ချစ်သူဇနီးမောင်နှံတို့ ကွာရှင်း မှု တွေ မဖြစ်ပေါ်စေလိုပါ။ ရာသက်ပန် ရိုးမြေကျ၊ အတူတကွ ချစ်ခင်ပေါင်းဖက် နေနိုင်သွားကြစေလိုသည်။ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ လင်ဝတ္တရား ငါးပါး၊ မယားဝတ္တရားငါးပါးနှင့်အညီ ကျင့်သုံးနေထိုင်ကြပြီး မြန်မာ့ဓလေ့၊ မြန်မာ့ဂုဏ်ကို မြှင့်တင်ကြပါစို့ဟု ဆန္ဒပြု လိုက်ပါရစေ။

လင်ဝတ္တရားငါးပါး ကျေပွန်နိုင်ကြပါစေ၊ မယားဝတ္တရားငါးပါး မလစ်ဟင်းနိုင်ကြပါစေနှင့်။

Credit

No comments