New Artical

ဗမာ (၉) မျိုးတွင်ပါဝင်သော "ဖွန်းလူမျိုး"


ဗမာ (၉) မျိုးတွင်ပါဝင်သော  "ဖွန်းလူမျိုး"

ဖွန်းလူမျိုးတို့သည် တိဘက်_မြန်မာ အနွယ်ဝင်များဖြစ်ကြ၍ မရှု၊ မရှီ၊ အဇီ၊ မိုင်းသာလူမျိုးများသို့ပင် မြန်မာစကားပြော လူမျိုးငါးမျိုးအနက် တစ်မျိုးအပါအဝင် ဖြစ်သည်။ ယင်းတို့သည် ရှမ်းလူမျိုးများနှင့် ပို၍ ဆင်သည်ဟု တချို့ကဆို၍ တချို့ကမူ မြန်မာတို့နှင့် ပို၍ ဆင်သည်ဟု ဆိုကြသည်။
 
မိုးကောင်းမင်းများလက်ထက် လက်အောက်ခံလူမျိုး ရှစ်မျိုးအနက် တစ်မျိုးအပါအဝင်ဖြစ်ပြီး ဖွန်းကြီးမျိုး၊ ဖွန်းငယ်မျိုး ဟူ၍ ရှိကြောင်းဖြင့်လည်း ဆိုကြသည်။
 
ဖွန်းလူမျိုးတို့ကို ဗန်းမော်မြို့အထက် ရွှေဘို၊မြစေတီရွာများနှင့်ဆင်ဘိုမြို့အကြား ဧရာဝတီ ပထမ မြစ်ကျဉ်း တလျောက်တွင် တွေ့ရသည်။ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင် နယ်နိမိတ်သည် ဖွန်းတို့၏ ဒေသကို အလယ်မှဖြတ်သွားရာ မြစ်ကြီးနားဒေသရှိ ဖွန်းလူမျိုးနှင့် ဗန်းမော်ခရိုင်ဘက်ရှိ ဖွန်းလူမျိုး အနည်းငယ်ကွဲပြားကြသည်။ပူးလောင်၊ နမ့်တီ၊ ထုံးဘို၊ သမိုင်းကြီး အစရှိသည့် ဗန်းမော်ခရိုင်အတွင်းရွာများတွင် နေထိုင်ကြသူများကို ရှေးအခါက ဖွန်းဖျေ ( သို့ ) မွန်တီဖွန်းလူမျိုးဟုခေါ်ကြသည်။ 
 
ယခု မယ်ကျော့ဖွန်းဟု ခေါ်သည်။ မြင်သာ၊ ပင်လုံရေနား၊ မန်လေ၊ ပင်လုံတော၊ ပင်တော်၊ နမ့်ဟဲ အစရှိသည့် မြစ်ကြီးနားခရိုင်အတွင်း ရွာများတွင် နေထိုင်ကြသောသူများကို ဖွန်းဆမန်း ( သို့ ) မွန်ဝန်ဖွန်းလူမျိုးဟု ခေါ်ကြသည်။ 
 
ဖွန်းလူမျိုးတို့သည် တရုတ်နိုင်ငံ မင်တီနှင့် မင်ဝန်ဒေသမှ မိုးကောင်းမြို့အနီး နမ္မတီချောင်းဝန်းကျင်သို့ ပြောင်းရွှေ့နေထိုင်လာသော လူမျိုးမှ ဆင်းသက်လာသည်ဟု အဆိုရှိသည်။ ယင်းတို့အနက် လူခပ်များများသည် အထက်ချင်းတွင်းအရပ်ရှိ မောင်တီးအရပ်သို့ ပြောင်းရွှေ့သွား၍ ကျန်လူနည်းစုက ဧရာဝတီပထမ မြစ်ကျဉ်းဒေသသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။မြစ်ကျဉ်းဒေသသို့ ပြောင်းရွှေ့နေထိုင်ကြသော သူတို့၏ အဆက်အနွယ်များကို ဖွန်းခေါ်သည်ဟု ဆိုကြသည်။
 
ဖွန်းစကားကို လူကြီးများသာပြောတက်၍ လူငယ်များသည် မြန်မာစကားကိုသာ ပြောဆိုကြသည်။ ဖွန်းစကားကို လူကြီးများ ပြောဆိုသည့်အခါလူငယ်များက စကားဝှက်ပြောသည်ဟုပင် ထင်ကြသည်အထိ ဖွန်းစကားသည် တိမ်ကောလျှက် ရှိနေလေပြီဖြစ်သည်။
 
Wai Linn
မူရင်း၊ ကိုးကား _ မောင်ပုဆိုးကြမ်း (တိုင်းရင်းသား လူမျိုးများ အဘိဓာန်)

No comments