New Artical

မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ (မြန်မာလူငယ်များ ဖတ်ရန်)


မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ (မြန်မာလူငယ်များ ဖတ်ရန်)

ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။

အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရှင် ဖြစ်စေမယ့် အရာကတော့ တစ်ဦးတည်း ကြိုးစား ပန်းစား ရေးသားတင်ဆက်နေ တဲ့ အွန်လိုင်းမီဒီယာ www.innewsmyanmar.com ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စာရေးသူရဲ့ လစဉ် စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေပါတယ်။ ကမ်းလှမ်းထားတဲ့ ပရောဂျက်များလည်း ရှိနေပါသေးတယ်။ စာရေးသူ လုပ်တဲ့ အလုပ်တိုင်းအတွက် ရုံးတက်စရာ မလိုပါဘူး။ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာကနေ မဆို လုပ်လို့ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ် ဒီထပ်တိုးလာလည်း ကိုယ်လုပ်နိုင်ဖို့ပဲ လိုတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတင် ကန်ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ဝန်းကျင်ကြား ဆိုတော့ မိသားစု တစ်ခု ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ ငွေပမာဏ ဖြစ် ပါတယ်။ ပြီးတော့ International news for myanmar ကို အွန်လိုင်း မီဒီယာကြီး တစ်ခု ပီပီပြင်ပြင် ဖြစ်လာဖို့ စီးပွားရေး လုပ်ငန်းရှင်အချို့ရဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက် မှု ရရှိအောင် ဆွေးနွေးတိုင် ပင်နေပြီ ဖြစ် ပါတယ်။ ဒီလောက်ဆိုရင် မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖို့ စာဖတ်သူတို့ လက်ခံပြီလို့ မျော်လင့်ပါ တယ်။

စာရေးသူ ပညာရေးနှင့် မိသားစု

ကျွန်တော် မောင်အောင်ခမ်းက စင်္ကာပူပြန်လည်း မဟုတ်ပါ။ မျိုးရိုးစဉ်ဆက် ချမ်းသာသူလည်း မဟုတ်ရပါ။ ရေကြောင်းပညာကောလိပ် အပတ်စဉ် ၃ မှာ အင်ဂျင်နေယာအရာရှိလောင်း ဘာသာရပ်နဲ့ အဆင့် ၁ ရအောင် ယူလာ သူ ဖြစ်ပါတယ်။ အဲ့တုန်းကတော့ ခံယူချက် တစ်ခုတည်းနဲ့ ကြိုးစား ခဲ့ခြင်း ဖြစ်ပါတယ်။ အဆင့် ၁ နဲ့ ကျောင်းပြီးတဲ့အခါ သင်္ဘောသားအေး ဂျင့်များက အလွယ်တကူခေါ်ယူတယ်လို့ ကြားဖူးတော့ သူများတွေလို သီအိုရီ၊ လက်တွေ့ နှစ်မျိုးကို နားလည်မှ ကျက်မယ်၊မှတ်မယ်၊ လေ့လာ မယ်လို့ ခေါင်းမမာတော့ပဲ စာမေးပွဲမှာ အမှတ်ပြည့် ရဖို့ပဲ ကြိုးစားခဲ့ပါတယ်။ တကယ်လည်း ရခဲ့ပါတယ်။ သို့ပေမယ့် ကျောင်းပြီးတဲ့အခါ ထင်သလိုမဟုတ် ပဲ သင်္ဘောတက်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ စာရေးသူက ဆင်းရဲပါတယ်။ အေးဂျင့်ဖိုး သိန်း ဆယ်ချီပေးပြီး သင်္ဘောပေါ်တက်ဖို့ မစွမ်းသာပါဘူး။ စာရေးသူက ပအိုဝ်းလူမျိုး တိုင်းရင်းသား စစ်စစ် ဖြစ်ပါတယ်။

ဒီမှာ ၁ ကစလို့ ပြန်စဉ်းစားကြည့်ပါတယ်။ “ငါဘာလို့ သင်္ဘောတက်ချင်တာ လဲ။ အရာရှိ ဖြစ်ချင်တာလဲ။ ငွေကြောင့်လား၊ ဂုဏ်ကြောင့်လား” အတွေးက နဂိုကတည်းက ရှိပါတယ်။ မြန်မာပြည်က လူငယ်တော်တော်များများမှာ လွမ်းမိုးနေတာက ငွေနဲ့ ဂုဏ်နဲ့ မိသားစု ခံယူချက် ဖြစ်ပါတယ်။ ဒီ သုံးခုရဲ့ လွမ်းမိုးမှုကို စာရေးသူ ခံခဲ့ရပါတယ်။ မိသားစု ဆင်းရဲတွင်းကလွတ် ရန်၊ ငွေချမ်းသာရန်၊ ဂုဏ်ချမ်းသာရန် ရည်ရွယ်ချက် အားလုံးနဲ့ သင်္ဘောသားအရာရှိ ဖြစ်ရမယ်လို့ မသိမလိုနဲ့ ခံယူချက်လေး တစ်ခု ကိန်းအောင်းခဲ့ပါတယ်။ သင်္ဘောတက်ရန် အခက်အခဲတွေတွေ့လာတော့ ယင်းခံယူချက်တွေ ရော့ရဲ လာပါတယ်။ ဘဝရဲ့ အဓိပ္ပါယ်ကို ပြန်လည်အဖြေ ရှာကြည့်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်လည် အဖြေရှာကြည့်ပါတယ်။

စာရေးသူ ကျောင်းပြီးပြီးချင်း အလုပ်လုပ်ပြီး ဘာသာရေးလည်း လုပ်ပါ တယ်။ အခုဆို အဘိဓမ္မာ အခြေခံ သုံးဆင့်အောင်၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) လည်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ဒီထက် ပိုမို အဆင့်မြ့င်မားတဲ့ ဗုဒ္ဓဘာသာ စာပေများကို ဆက်လက်လေ့လာဆည်းပူး မှာ ဖြစ်ပါတယ်။ ကျောင်းပြီးပြီးချင်း ဘာသာရေးကျောင်း၊သင်တန်း ဆက်တက်ပြီး အလုပ်လည်းတွဲလုပ်ပါတယ်။ အဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သတင်းမီဒီယာဝဘ်ဆိုဒ် တစ်ခုမှာ ဘာသာပြန်အနေနဲ့ အခြေခံကစလုပ်ရခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာကလည်း သင်တန်းကြီးတွေ မတက်ဖူးထားပေမယ့် ပညာဒါန ကျောင်းတစ်ခုမှာ တက်ထားဖူး၊ ကိုယ်တိုင်လည်း လေ့လာအားလေးလည်း ရှိတော့ ဘာသာပြန်လုပ်ရတာ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ၁၀ တန်းကိုတော့ ရန်ကုန်မှာပဲ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိဘများ ဇာတိက တောင်ကြီးဖြစ်ပေမယ့် သားသမီးပညာရေးရှေးရှုလို့ ရန်ကုန်ကို မိသားစုဝင် အားလုံး ယာယီပြောင်းရွေ့လာပေးပါတယ်။ စာရေးသူ ကျောင်းပြီးတော့ ဌာနေသို့ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ မိဘနဲ့ ညီမကို လစဉ်ထောက်ပံ့လျက် ရှိပါတယ်။

ကျွန်တော်နှင့် အလုပ်ကြိုးစားမှု

သင်္ဘောသား ဖြစ်ရန် စာရွက်စာတန်းများ စုရင်း၊ သင်တန်းများတက်ရင်း မီဒီယာလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ပါတယ်။ ဒီလိုနဲ့ လုပ်ရင်းက မီဒီယာမှာ ဝါသနာလည်း ပါနေတော့ တော်တော်လေး ခရီးရောက်တယ်လို့ ဆိုရပါမယ်။ ဒါဆို ဝါသနာ ဆိုတာကို သိဖို့လိုအပ် လာပြန်ပါတယ်။ စာရေးသူကတော့ ဝါသနာဘာပါလဲဆိုတာကို သေသေချာချာတောင် မသိသေးပါဘူး။ စာရေးနေရတော့ စာရေးရတာ ကြိုက်တာမှန်ပေမယ့် မရေးရလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ဒါကို ဝါသနာလို့ မဆိုသာပြန်ပါ ဘူး။ ရေကြောင်းအင်ဂျင်နေယာဘာသာရပ်မှာ အမှတ်ပြည့်ရထားပေမယ့် အင်ဂျင်နေယာ ဖြစ်ဖို့ ဝါသနာ ပါလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်လည်အဖြေရှာကြည့်ဆဲ ဖြစ်ပါတယ်။

ဒီလိုနဲ့အဖြေတွေရှာရင်း Facebook ကိုအခြေခံလို့ Blog တွေ၊ ဝဘ်ဆိုဒ်တွေ အထိကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းနိုးရာရာ ဗဟုသုတွေ ရှာဖတ်၊ သူများလည်း ဖတ်လို့ရအောင် လိုက်ဘာသာပြန်ပေး၊ မျှဝေပေးရင်း မီဒီယာအလုပ်ကို လုပ်နေမှန်းမသိလုပ်နေပြီး ဒီအခြေအနေ ကို ရောက်ရှိ လာပါတယ်။ သူများတွေ Facebook ကို ဘဝပျော်ရွှင်ရာ အပန်းဖြေဖို့ အသုံးပြုနေချိန်မှာ စာရေးသူကတော့ ဟိုဖက်ဒီဖက်၊ ဟိုလေ့လာဒီလေ့ လာနဲ့အချိန်ကုန်ပါတယ်။ လေ့လာရသမျှ၊ ဖတ်ရသမျှ၊ သတင်း၊ ဗဟုသုတ တွေကို ပြန်လည် ဘာသာပြန်ရင်း၊ ကိုယ်လေ့လာထားတဲ့ ဘာသာရေးအသိအမြင် ဘဝအသိအမြင် များကို ဆောင်း ပါးရေး ပြန် လည်ချပြရင်း စာရေးဆရာ ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောတာ အတော်လေး များပါပြီ။ ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ ဘယ်လိုကြိုးစားမယ် ဆိုတာကို အတိုဆုံးပဲဖောပြလိုက် ပါမယ်။ နောက် အခွင့်ကြုံမှာ ဆောင်းပါးရှည် သီးသန့် ထပ်ရေးပြီး မြန်မာပြည် က လူငယ်များအတွက် အားပေးစကားများနဲ့ အိုင်ဒီယာများ မျှဝေပေးချင် ပါသေးတယ်။

ဒီလိုနဲ့ ဆက်သွယ်လာတဲ့ မီဒီယာကုမ္မဏီများ၊ ဝဘ်ဆိုဒ်များရှိလာပြီး ပုံနှိပ်မီဒီယာမှာလည်း မိတ်ဆွေတွေ တိုးလာပြီး အပြင်မျာ တွေ့ဆုံပါတယ်။ သူတို့လုပ်ငန်းအကြောင်း နားထောင်၊ ကိုယ်လုပ်တာတွေ ပြန်ပြောပြ ဒီလိုနဲ့ သူတို့ ဝဘ်ဆိုဒ်မှာ ဝင်ရေးဖို့ ကူညီပေး၊ ပုံနှိပ်ဂျာနယ်တွေမှာ ကူညီပေးရင်း၊ လုပ်ရင်း၊လုပ်ရင်းနဲ့ ဂျာနယ်တစ်ခုမှာ အယ်ဒီတာ ရာထူးရပြန်ပါတယ်။ အယ်ဒီတာ ရာထူးဆိုလို့ ရုံး တကူးတက သွားစရာ မလိုပါဘူး။ အင်တာနက် လိုင်းကောင်းတဲ့ နေရာကို ရှာလို့ ထိုင်လုပ်ရုံပဲဖြစ်ပါတယ်။ ဂျာနယ်ရဲ့အွန်လိုင်းစာမျက်နှာကို တာဝန်ယူထားရသူ ဖြစ်ပါတယ်။ အလုပ်အားလုံး အင်တာနက်လိုင်းရှိတဲ့နေရာကနေ ထိုင်လုပ်ရုံပဲ ဖြစ်ပါတယ်။ အချိန် တန်တော့ လစာထုတ်ရုံပါပဲ။ သို့ပေမယ့် အလုပ်တစ်ခုကတော့ တစ်ပတ်မှာ တစ်ရက်သာ ရုံးတက်စရာလိုပြီး တက်တဲ့ တစ်ရက်တိုင်းကို ၃၅ ဒေါ်လာပေး ပါတယ်။ နိုင်ငံခြားကုမ္မဏီတစ်ခု ဖြစ်ပြီး ၎င်းတို့ဝဘ်ဆိုဒ်များကို မြန်မာပြည် မှာ ဘယ်လို ထိုးဖောက်ရမယ် ဆိုတာ ရှိတဲ့ အိုင်ဒီယာလေး မျှဝေပေးနေ၊ ကူညီပေးနေခြင်း ဖြစ်ပါတယ်။

Facebook ကို ကျေးဇူးတင်ခြင်း

ဒီလောက်ဆို စာရေးသူ ဘယ်လိုကြိုးစားတယ်ဆိုတာ သိဖို့လည်း လိုပါအုံး မယ်။ ကျွန်တော် Facebook တည်ထောင်သူ ဇူကာဘတ်ကို ကျေးဇူး အရမ်းတင်ပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော်ဒီလိုအခြေအနေ ရောက်ရတာပါ။ သူများတကာ တွေ ရုံးမှာ ဖေ့စ်ဘွတ်သုံးလို့ သူဌေးက ပိတ်ခိုင်းနေချိန် ကျွန်တော်ကတော့ ဖေ့စ်ဘွတ်သုံးတိုင်း ပိုက်ဆံရနေပါတယ်။ စာဖတ်ရတဲ့ အတွက် အင်္ဂလိပ်စာတိုးတက်မှု ကလည်း မြန်ပါတယ်။ ဝေါဟာရ အသစ်များတိုးပါတယ်။

လုပ်ရင်းက မီဒီယာတင်မကတော့ပါဘူး။ ဒီ အွန်လိုင်းမီဒီယာကို အခြေပြုလို့ ဘယ်လိုငွေရမယ်ဆိုတာကိုပါ လေ့လာရပြန်ပါတယ်။ နိုင်ငံခြားက ဝဘ်ဆိုဒ်တွေကို လေ့လာပါတယ်။ ကုန်ပစ္စည်းကြော်ငြာတဲ့ နည်းဗျူဟာ များကို ပြန်လေ့လာပါတယ်။ မြန်မာပြည်ရဲ့ အင်တာနက် ကွန်ရက်ပေါ်ကို စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုအာရုံ စိုက်လာအောင် ဘယ်လို ကြိုးစား စည်းရုံးရမယ် ဆိုတဲ့ နည်းလမ်းများကို ပြန်လေ့လာပါတယ်။ သူများ တကာ နိုင်ငံခြား ဝဘ်ဆိုဒ်တွေက တစ်လဝင်ငွေ ဒေါ်လာ ထောင်သောင်း မက ရှိပေမယ့် မြန်မာပြည် ဝဘ်ဆိုဒ်များကတော့ မရှိသေးပါဘူး။ မြန်မာပြည် မှာ အင်တာနက် အသုံးပြုသူအရေအတွက် တိုးတက်ဆဲရှိနေသေးပြီး အွန်လိုင်းကြော်ငြာနည်းစနစ်က အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ် ဆိုတာကိုပါ သိအောင် လုပ်ပေးရအုံးမှာ ဖြစ် ပါတယ်။ လေ့လာရ အုံး မှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ Facebook မှာ တွေ့ကရာ လုပ်ငန်းရှင်တွေ၊ နာမည်ကြီးလူတွေ လိုက် Add ပါတယ်။ မိတ်ဆက်ပါတယ်။ ကိုယ်အခုလုပ်နေတာတွေပြောပြပါတယ်။ သူလုပ်နေတာတွေ ပြန်နားထောင်ပါတယ်။ သင်ယူလို့ရတာ သင်ယူပြီး ပူးပေါင်းလို့ရမယ်လူကျ ပူးပေါင်းပါတယ်။ ကံကောင်းအကြောင်း လှလို့ ပြည်ပကနေ မြန်မာပြည်လာမယ့် လုပ်ငန်းရှင်တွေနဲ့တောင် ရှားရှားပါးပါးတွေ့ဆုံရပြီး မြန်မာပြည်မှာ ကုန်ပစ္စည်း ဘယ်လိုကြော်ငြာ မလည်းလို့ အကြံဥာဏ် တောင်းဆိုခြင်း ခံရပါတယ်။ ဒီလိုနဲ့ သိတဲ့အကြောင်း အရာလေးတွေ ရှင်းပြပြောပြတော့ စာရေးသူရဲ့ အိုင်ဒီယာနဲ့ မီဒီယာ ဝဘ်ဆိုဒ်တွေကို သဘောကျလာပါတယ်။ အပြင်ပိုင်း ကြော်ငြာမှု၊ မားကတ် ဆင်းမှုမှာ အကုန်ကျများပေမယ့် အွန်လိုင်းမှာ စျေးသက်သက်သက်သာသာ နဲ့လုပ်နိုင်တယ်ဆိုတာကို သိလာတော့ ထုတ်ကုန်ပစ္စည်းလုပ်ငန်းရှင် အချို့လည်း စိတ်ဝင်စားလာပါတယ်။ လူငယ်တွေတင်မကပဲ လူကြီးအရေအတွက် ပါတိုးလာတဲ့ မြန်မာ့အင်တာနက် ကွန်ရက်မှာ စာရေးသူတို့က အကျိုးရှိရာ သတင်းအချက်၊ ဗဟုသုတကို မျှဝေမယ်။ ဒါကိုအခြေပြုလို့ ထုတ်ကုန်ပစ္စည်းကြော်ငြာ ကုမ္မဏီများကိုလည်း စိတ်ပါဝင်စားလာအောင်၊ သိရှိလာအောင် ဆွေးနွေးတိုင်ပင်ပြီး စပွန်ဆာရှစ်ပ်၊ ပါတနာရှစ်ပ် အစရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တည်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ

ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ ကိုယ်သိတာလေး တစ်ခုနဲ့သွားလို့မရဘူး ဆိုတာ သိလာပါတယ်။ အဘက်ဘက်က လိုအပ်တဲ့ အရည် အချင်းတွေ၊ လေ့လာမှုတွေ၊ သင်ယူမှုတွေလည်း လိုအပ်နေသေးတယ် ဆိုတော့ ဒါတွေကို အဆက်မပြတ်ရအောင် ပြန်လည်လေ့လာ သင်ကြားဖို့လည်း လိုပြန်ပါသေးတယ်။ လက်ရှိမှာ စာရေးသူက ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့ လူပုဂ္ဂိုလ်တို့ သင်ကြားလို့ရသည်ထိ သင်ကြားလို့ ပြန်လည် မျှဝေဖို့လည်း စိတ်ကူးထားပါတယ်။ လက်ရှိမှာလည်း ဓမ္မစာပေဆောင်း ပါးများရေးသားနေပေမယ့် လိုသလောက် ခရီးမရောက်သေး ပါဘူး။ မြန်မာပြည်ရဲ့ အဓိက လိုအပ်ချက်ထဲက ဘာသာရေး တစ်ခု လူငယ်တွေကြားမှာ ပုံဖော်လာအောင်လည်း ကြိုးစားအုံးမှာ ဖြစ်ပါတယ်။ ဒါက တစ်ကဏ္ဍပါ။

လက်ရှိလည်း အွန်လိုင်းမီဒီယာနဲ့ ပက်သက်လို့ လုပ်ငန်းရှင်အချို့နဲ့ ပူးပေါင်း လုပ်ကိုင်မှုများ ရှိနေတဲ့အပြင် ကိုယ်ပိုင် မီဒီယာ ကုမ္မဏီ တစ်ခုဖြစ်လာ ဖို့လည်း ကြိုးစားနေပါတယ်။ ဒီအတွက် အရင်းအနှီး သိပ်မလို ပါဘူး။ မြန်မာပြည်မှာ ဝဘ်ဆိုဒ် တစ်ခု Register လုပ်ဖို့ ဒီလောက်မကုန်ကျ တာ စာဖတ်သူတို့လည်း သိမယ် ထင်ပါတယ်။ ထိုင်ခုံပေါ်ထိုင်နေရင်း စာတွေ ၊ဖတ်နေ၊ ရေးနေရင်းနဲ့ ငွေဝင်တာ မှန်ပေမယ့် အနာဂတ်မှာ ဆက်လက် ရပ်တည်နိုင်မလားဆိုတာကျတော့လည်း ထည့်စဉ်းစားရပြန်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ ပညာကို လစ်ဟင်းလို့မရဘူး ဆိုတာကိုလည်း သိလာပါတယ်။ ရထားတဲ့ဘွဲ့က Diploma in Marine Engineering နဲ့ အဘိဓမ္မာဂုဏ်ထူးဆောင်ဆိုတော့ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ ဘာမှကို မဆိုင်ပါဘူး။ နိုင်ငံတကာမှာဆိုရင် အိုင်တီနဲ့ကျောင်းတက် ရင်း Application ဆွဲလို့ မီလျံနာတွေ ဖြစ်ကျပါတယ်။ Website Theme တွေဆွဲပြီးအွန်လိုင်းကနေ ရောင်းလို့ မီလျံနာတွေ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာပြည်မှာ ဒါမျိုးဖြစ်လာဖို့ အခွင့်ကြုံဖို့ မဝေးတော့ပါဘူး။ သို့ပေမယ့် လက်ရှိ အသက်နဲ့လက်ရှိအခြေအနေ မှာ သူတို့လိုမဖြစ်တောင် ကိုယ်နိုင်တဲ့ ဖက်က ကြိုးစားယူရမယ်ဆိုတာ အမှန်ပါပဲ။ ဒီတော့ ဘာနဲ့ပဲ ကျောင်းပြီးထား၊ တတ်ထားပေမယ့် ယခု လုပ်တဲ့ အလုပ်နဲ့ဆိုင်တဲ့ ပညာကို ပြန်လေ့လာမယ်ဆိုတဲ့ ခံယူချက်တစ်ခုတော့ ရှိလာပြန်ပါတယ်။ စာရေးသူတို့ မိဘက ဆင်းရဲပါတယ်။ ကျောင်းပြီးအောင်ထားပေးနိုင်ပေ မယ့် ကျောင်းပြီးနောက်ပိုင်းဘဝရပ်တည်ဖို့ မစွမ်းသာပါဘူး။ ဒီအခြေအနေထိ ရောက်လာအောင် တွန်းပို့ပေးနိုင်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဆယ်ဘဝမက ပြန်ဆပ်သင့်နေပါပြီ။ ရန်ကုန်မှာ တစ်ယောက်တည်း နေလို့ ရည်ရွယ်ချက် အကြီးကြီးထားနေပါတယ်။ မိဘနဲ့ မမေ့မလျော့ဖုန်းဆက် တိုင်ပင် ပါတယ်။ ထောက်ပံ့ပါတယ်။ ညီမလေးတွေကျောင်းတက် ဖုိ့ ထောက်ပံ့ ပါတယ်။ တစ်ဖက်ကလည်း မြန်မာပြည် အွန်လိုင်းမီဒီယာ တစ်ခုအနေနဲ့ အများပြည်သူ လက်ခံ၊ယုံကြည်ရတဲ့ reliable media တစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်။

နိဂုံးချုပ်

လောကမှာ ဘယ်အရာမှ မပြီးပြည့်စုံပါဘူး။ အထူးသဖြင့် စာရေးသူတို့လို လူငယ်တွေဆိုတာ ပိုလို့တောင် ပြီးပြည့်စုံဖို့အတွက် ကြိုးစားရ၊ သင်ယူရ လေ့လာရဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ ရရှိပိုင်ဆိုင်ထားတဲ့ အခြေအနေကိုပဲ အကောင်းဆုံး ဖန်တီးလုပ်ဆောင်ရမှာ အားလုံး ဘဝပေး အသိပဲ ဖြစ်ပါတယ်။ ကံမရှိ၊ ဥာဏ်ရှိတိုင်းမွဲဆိုတဲ့ စကားပုံရှိပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ ကံရှိရှိ၊ ဥာဏ်ရှိရှိ တစ်ဦးတစ်ယောက်ချင်းစီရဲ့ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ အချို့က ဥာဏ်ကောင်းပေမယ့် ကံမလိုက်လို့ ဆင်းရဲနေရတယ်။ မအောင်မြင်ဘူးလို့ဆိုကြပါတယ်။ ဒါကို ကံ (စေတနာ) ထက်သန်လောက်အောင် ကြိုးစားမှု အလုပ်က ဥာဏ်ကို မထောက်ပံ့ပေးနိုင်သေးလို့ မရောက်သေးတာလို့ပဲ မှတ်ယူသင့်ပါတယ်။ ငါက ကံကိုက မကောင်းတာဆိုပြီး လက်မိုင်ကျနေရင် အရှုံးသမားမှ အရှုံးသမား စစ်ပါပဲ။ လက်ရှိ မြန်မာပြည်မှာ တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရောက်လေ ရာ၊ ဖြစ်လေရာ၊ ရလေရာမှာ လုပ်လည်း လုပ်နိုင်နေတယ်ဆိုရင် အကောင်း ဆုံး လုပ်လိုက်ခြင်းက အောင်မြင် ဖို့ ခြေလှမ်းပဲ ဖြစ်ပါတယ်။

စာရေးသူ ရေးတာ အတော်လေး ရှည်သွားပါတယ်။ ဒီမှာ တင်ပြချင်တဲ့ အကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပါမသွားပါဘူး။ ကိုယ့်အကြောင်းချည်း ဇွတ်ရေးမိနေတယ်ဆိုတာ ဝန်ခံပါတယ်။ သို့ပေမယ့် ဒီစာထဲကနေ အသက် ၂၀ ကျော် မြန်မာပြည်က လူငယ်တစ်ဦးအနေနဲ့ ရောက်လေရာ အခြေအနေ ကနေ ဘယ်လိုကြိုးစားယူတယ် ဆိုတာလေးကိုတော့ မှတ်သား မိမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အလုပ်ရှားပါးတယ်။ ဦးနှောက်ယိုစီးနေပါတယ်။ ပညာတတ်ပေမယ့် ကိုယ့်ပညာ အလဟသ ဆုံးရှုံးနေရ ပါတယ်။ နိုင်ငံခြား မှာ ကျောင်းမတက်ရလို့၊ ကျောင်းမတက်နိုင်လို့ဘဝအဓိပ္ပါယ်မဲ့နေရပါတယ်။ ဆင်းရဲနေရပါတယ်။ ချမ်းသာသော်လည်း မလုပ်တတ်၊ မကိုင် တတ် ဖြစ်နေ ပါတယ် အစရှိသဖြင့် မြန်မာပြည်က အခက်အခဲ တွေ့နေတဲ့ လူငယ်အားလုံး ကို ဘယ်လိုကြိုးစားဖြေရှင်း၊ ရင်ဆိုင် ကျော်ဖြတ်၊ လုပ်ကိုင်ရမယ် ဆိုတာ တတ်နိုင်သလောက် အကူညီပေး အကြံပေးချင်ပါသေးတယ်။ ၎င်းတို့နဲ့လည်း ပက်သက်လို့ ခွန်အားပေး၊ ရသ၊ ဗဟုသုတပေး ဆောင်းပါးများနဲ့ လူငယ်များ အတွက် ရေးသားတင်ဆက်မျှဝေဖုိ့ စာရေးသူဟာ အမြဲ အဆင်သင့် ရှိနေကြောင်း အသိပေးတိုက်တွန်းလို့ နိဂုံးချုပ်လိုက် ရပါတယ်။

Credit: 

No comments