New Artical

အာနာပါနသတိရှုမှတ်ခြင်း (အပိုင်း ၁)

 


အာနာပါနသတိရှုမှတ်ခြင်းသည် သမာဓိလျှင်မြန်စွာ ရရှိနိုင်စေရန်အတွက် အထိရောက်ဆုံးသော တရားထိုင်နည်းဖြစ်ပါသည်။

ဤနည်းသည် တရားထိုင်သူများစွာတို့အတွက် သင့်တော်သောနည်းလမ်းဖြစ်ပြီး များစွာသော တရားစခန်းများတွင် ဤနည်းလမ်းကို အသုံးပြုကြသည်။

ဤနည်းသည် သမာဓိရရှိစေနိုင်ရန်အတွက် အထူးနည်းတစ်ခုလည်းဖြစ်သည်။

ဤနည်းကို ကောင်းမွန်စွာကျင့်ကြံပါက စတုတ္ထ ရူပါဝစရဈာန် အထိရရှိနိုင်သည်။

အာနာပါနသတိ လက်တွေ့ရှုမှတ်ပုံ

တရားရှမှတ်မည့် ယောဂီသည် ပထမဦးဆုံးအနေဖြင့် တရားပြဆရာထံမှ တရားကျင့်ပုံ ကျင့်နည်းများကို လေ့လာသင်ယူသင့်သည်။

ထို့နောက် တရားထိုင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော သီးသန့်နေရာတစ်နေရာကို ရှာဖွေသင့်သည်။ ထိုနေရာသည် အသက်ရှူခြင်းကို သတိပြု၊ သိရှိရာတွင် ဆူညံသံများမှ မနှောင့်ယှက်နိုင်သည့်နေရာဖြစ်သင့်သည်။

တရားထိုင်မည့် ယောဂီသည် ဖျာသို့ မဟုတ် ထိုင်စရာနေရာတစ်ခုတွင် သက်တောင့်သက်သာ အနေအထားဖြင့်ထိုင်သင့်သည်။

ထို့နောက် ခေါင်းနှင့်ကိုယ်ကိုမတ်ထားပြီး ကြွက်သားများကို ဖြေလျှော့ထားရမည်။

တရားထိုင်နေစဉ်အတွင်း နာကျင်ကိုက်ခဲမှုများရှိလာပါက တရားထိုင်နေသည့် ပုံစံအနေအထားကို ပြောင်းနိုင်သော်လည်း တရားထိုင်နေစဉ်အတွင်း ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းကိုမျှ လှုပ်ရှားခြင်းမပြုသင့်ပေ။

တရားထိုင်နေစဉ် ခန္ဓာကိုယ်အတွင်း နာကျင်ကိုက်ခဲမှုများကို အတတ်နိုင်ဆုံး သည်းခံပြီး တရားထိုင်နေသည့် ပုံစံအနေအထား ပြောင်းလိုပါက သတိထားလျက် ညင်သာစွာပြောင်းရမည်။

ယောဂီသည် ညာဘက်လက်ဖဝါးကို ဘယ်ဘက်လက်ဖဝါးပေါ်တွင်တွင် ပက်လက်တင်လျက် လက်များကို ပေါင်ပေါ်တွင်တွင် သို့မဟုတ် ခြေပေါ်တွင်တင်ထားရမည်။ မျက်စိကို မှတ်ထားပြီး အသက်ပုံမှန် ရှူပါ။

အသက်ရှူသည့် ထိမှတ်ကို မှတ်သားပါ။

နှာခေါင်းရှည်သည့် ပုဂ္ဂိုလ်၏ အသက်ရှူထိမှတ်မှာ နှာသီးဖျား၏ အောက်တွင်ဖြစ်တတ်သည်။

သာမန်အလျားနှာခေါင်း ရှိသူ၏ အသက်ရှူထိမှတ်မှာ နှာပေါက်နှစ်ပေါက်လုံးတွင် သို့မဟုတ် ထိုနှစ်ပေါက်မှ တစ်ပေါက်တွင်လည်းဖြစ်နိုင်သည်။

နှာခေါင်းတိုသည့် ပုဂ္ဂိုလ်၏ ထိမှတ်မှာ အပေါ်နှုတ်ခမ်းတွင်ဖြစ်နိုင်သည်။

မည်သည့်နေရာတွင်ထိသည်ဖြစ်စေ မိမိ၏စိတ်ကို ထိမှတ်တွင်ထားပေးပြီး အသက်ရှူသွင်းခြင်းနှင့် ရှူထုတ်ခြင်းကို သိနေရမည်။

အာနာပါနရှုမှတ်ပုံ ပထမအဆင့် (ဝင်လေနှင့် ထွက်လေကို သိရှိခြင်း)

အာနာပါနရှုမှတ်ရာတွင် ပထမအဆင့်၏ အရေးအကြီးဆုံး အချက်မှာ ဝင်လေ နှင့် ထွက်လေကို နှာသီးဝ သို့မဟုတ် အပေါ်နှုတ်ခမ်းပေါ်တွင် ညင်သာစွာ ပွတ်တိုက်သွားစေခြင်းဖြင့် ပုံမှန်သိရှိ သတိပြုနေစေရန်ဖြစ်သည်။

အကယ်၍ ဝင်လေနှင့် ထွက်လေ ထင်ရှားမှုမရှိခဲ့လျှင် ယေဂီသည် အသက်ကို အနည်းငယ် ခပ်ပြင်းပြင်း ရှူသင့်သည်။

အသက်ရှူခြင်း ထင်ရှားလာပြီး ၎င်းကို သတိပြုနိုင်သောအခါမှ ပုံမှန်ရှူသင့်သည်။

ယောဂီသည် အသက်ရှူရာတွင် အာရုံစူးစိုက်ထားရမည်။

အာနာပါနသတိဆိုသည်မှာ ဝင်လေနှင့် ထွက်လေပေါ်တွင် သတိရှိခြင်းဖြစ်သည်။

အဓိကလိုအပ်သည်မှာ ဝင်လေနှင့် ထွက်လေတို့၏ ထိမှတ်တွင်သာ စိတ်ကိုထားရန်ဖြစ်သည်။

နှာခေါင်းဝမှ ဖြတ်သွားသော ဝင်လေ နှင့်ထွက်လေတို့၏ နောက်ကို လိုက်ရန်မဟုတ်ပေ။

အကယ်၍ ဝင်လေ၊ ထွက်လေ တို့၏နောက်သို့လိုက်သွားပါက စိတ်သည် တစ်နေရာတည်းတွင် ရှိမည်မဟုတ်ဘဲ သမာဓိရရန် ကြန်ကြာလိမ့်မည်။

ထို့နောက် တရားထိုင်နေစဉ်အတွင်း ယားယံ ကိုက်ခဲခြင်းစသော ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသမျှကို အာရုံမစိုက်သင့်ပေ။

စိတ်သည် တစ်ကြိမ်တွင် တစ်ခုတည်းကိုသာ သိနိုင်သောကြောင့် ယေဂီသည် ဝင်လေ၊ ထွက်လေ တို့၏ ထိမှတ်တစ်ခုတည်းအပေါ်တွင် စိတ်ကို ကပ်ထားနိုင်လျှင် တခြားသောအရာများကို သတိထားမိမည် မဟုတ်ပေ။

တခြားသော အရာများကို သိနေခြင်းမှာ စိတ်မငြိမ်သက်ဖြစ်နေခြင်းကို ပြသနေသည်။

ခန္ဓာကိုယ်အတွင်း ယားယံ ကိုက်ခဲခြင်းများကို တတ်နိုင်သမျှ သည်းခံပြီး လျစ်လျှူပြုသင့်သည်။

ဤသို့ဖြင့် ဝင်လေ၊ ထွက်လေတို့၏ ထိမှတ်တွင် သတိပိုမိုရှိစေလာသည်။

ယောဂီသည် ထိုထိမှတ်တွင် ကောင်းမွန်စွာ အာရုံစိုက်နိုင်လာသောအခါ နောက်ထပ် ယားယံ နာကျင်မှုများရှိလာနိုင်မည်မဟုတ်ပေ။

ယားယံ နာကျင်မှုများမခံမရပ်နိုင်ဖြစ်လာခဲ့လျှင် သက်သာမှုရရှိစေရန် တရားထိုင်နေသည့် ပုံပန်းသွင်ပြင်ကို ပြောင်းသင့်သည်။

ထို့နောက် စိတ်ကို တခြားသော အာရုံများပေါ်သို့ မရောက်စေဘဲ ဝင်လေနှင့် ထွက်လေကိုသာ တသမတ်တည်း အာရုံစူးစိုက်ထားရမည်။

စိတ်သည် တခြားသောနေရာသို့ လှည့်လည် ထွက်ခွာသွားတတ်သည်။

ယောဂီသည် ဤသို့ စိတ်ထွက်သွားသည်ကို သိလျှင် သိချင်း နဂိုတရားရှူမှတ်သည့် နေရာသို့စိတ်ကို ပြန်လည်ထားရှိပေးရမည်။

ဤသို့ဖြင့် ယောဂီသည် စိတ်ကို ဝင်လေ၊ ထွက်လေတို့၏ ထိမှတ်တွင် တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် မြဲနေစေရန် ကြိုးပမ်း အားထုတ်သင့်သည်။

ယောဂီ၏ စိတ်သည် တရားထိုင်လိုက်တိုင်း တစ်နာရီခန့် ထိုနေရာတစ်ခုတည်းပေါ်တွင် စွဲမြဲနေလျှင် အာနာပါနသတိ ဒုတိယအဆင့်သို့တက်၍ တရားအားထုတ်သင့်သည်။

ဆက်လက်ဖော်ပြပါမည်။

No comments