New Artical

ပထမဦးဆုံး အမျိုးသမီး ကာတွန်းဆရာမ ဒေါ်သိန်းရှင် (သို့) အစောဆုံး အမျိုးသမီး ပုံဆွဲဆရာမ



ပထမဦးဆုံး အမျိုးသမီး ကာတွန်းဆရာမ ဒေါ်သိန်းရှင်  (သို့) အစောဆုံး အမျိုးသမီး ပုံဆွဲဆရာမ ဒေါ်သိန်းရှင်

မြန်မာနိုင်ငံမှာ ကာတွန်း ခေါ် ရုပ်ပြောင် ရေးဆွဲတဲ့ ပညာ စတင်ခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော် ရှိနေ ပါပြီ။အနောက်နိုင်ငံတွေမှာတော့ ကာတွန်းလောကဟာ ၁၈၆၀ ပြည့်နှစ်များမှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၁၉၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။မြန်မာ့ကာတွန်းလောက ရဲ့ ပထမဦးဆုံး ကာတွန်းပညာရှင်က "ဦးဘကလေး"ဖြစ် ပြီး…ပထမဦးဆုံး အမျိုးသမီး ကာတွန်းပညာရှင်ကတော့ "ဒေါ်သိန်းရှင်" ပဲဖြစ်ပါတယ်။

ဒေါ်သိန်းရှင်ရဲ့ဖခင်က နာမည်ကျော် "မီးပုံပျံဦးကျော်ရင်" ဖြစ်ပြီး မိခင်အမည်က ဒေါ်မမ ဖြစ်ပါတယ်။ ဒေါ်သိန်းရှင် ကို ၁၉၀၆ ခုနှစ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာမွေးဖွား ခဲ့ပါတယ်။ဒါကြောင့်အခုဆိုရင်ပထမဆုံး ကာတွန်း ဆရာမ ဒေါ်သိန်းရှင်ရဲ့  ၁၁၄ နှစ်ပြည့်လို့ ဆိုနိုင်ပါတယ်။

မွေးချင်း ၁၀ ယောက်အနက် တတိယသမီး ဖြစ်ပြီး "စာရေးဆရာ ထားဝယ် ကျော်မင်း" နဲ့ "ကာတွန်း ဆရာ ကျော်ဆန်း (က.ဆ)"တို့ဟာ ဒေါ်သိန်းရှင်ရဲ့ အစ်ကိုတွေ ဖြစ်ကြပါတယ်။

သူဟာ ထားဝယ်မြို့မှာ ငယ်စဉ်ကတည်းက ပညာသင်ခဲ့ ပြီး ၁၀ တန်း အောင်မြင်ပြီးတဲ့ နောက်မှာတော့  ရန်ကုန် ယူနီဗာစီတီသို့တက်ရောက်ခဲ့ပါတယ်။၁၉၂၉ ခုနှစ်ထုတ် ကောလိပ်မဂ္ဂဇင်းမှာ ကာတွန်းများ စတင်ရေးဆွဲခဲ့တယ်  လို့ သိရပါတယ်။

ထိုစဉ်အချိန်က ကောလိပ် ကျောင်းသားတွေဟာ ကျောင်းသူတွေကို ရယ်မောစရာအဖြစ် ခနဲ့ ပြီးတော့ ကာတွန်းပုံတွေ ရေးဆွဲတာကြောင့် ဒေါ်သိန်းရှင်မှလည်း ပြန်လည် ခနဲ့၍ ကာတွန်းပုံတွေ ရေးဆွဲခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ဒေါ်သိန်းရှင်က အိုင်အေ(ဥပစာဝိဇ္ဇာ) အထက်တန်းထိ ပညာသင်ယူပြီးနောက် နေရှင်နယ် ကျောင်းမှာ ဆရာမ အဖြစ် အမှုထမ်းခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ရင်က လည်း အစိုးရ အထက်တန်းကျောင်းမှ ပုံဆွဲဆရာအဖြစ် အငြိမ်းစား ယူပြီးတဲ့အခါတော့ ဒေါ်သိန်းရှင်ဟာ အစိုးရ အထက်တန်းကျောင်းသို့ ပြောင်းပြီး ပုံဆွဲဆရာမ အဖြစ် အမှုထမ်းခဲ့တာကြောင့်…သူမ ဟာ ပထမဆုံးအမျိုးသမီး ကာတွန်း လက်ရာရှင် ဖြစ်သလို အစောဆုံး အမျိုးသမီး ပုံဆွဲ ဆရာမ လည်း ဖြစ်ပါတယ်။


ဖခင် မီးပုံးပျံဦးကျော်ရင်ရဲ့ ဇာတိမှာ ထားဝယ်မြို့ အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ ပန်းဒလဲရွာ ဇာတိဖြစ် ပြီး ငယ်စဉ်က ကျောင်းနေဘက် ဆရာကျော်နဲ့ အတူ… "ကျွမ်းဘား" ပညာကို လေ့လာပြီး လိုက်စားခဲ့ပါတယ်။ ဦးကျော်ရင်ဟာ ကျွမ်းဘား သာမက နပန်း၊ အလေးမ၊ ပြေးခုန်ပစ် စတဲ့ အားကစားဘက်မှာလည်း ထူးချွန်ခဲ့သူ တစ်ဦး ဖြစ်တာကြောင့် သမီးဖြစ်သူ ဒေါ်သိန်းရှင် လည်း ငယ်စဉ်ကပင် ကျွမ်းဘားပညာကို စိတ်ဝင်စားလာခဲ့ကာ ကြိုးတန်းလျှောက်ခြင်းနဲ့ တခြားဘားကစားနည်းများ ကို ကောင်းစွာ  ကစားနိုင်တယ် …လို့ သိရပါတယ်။

ကာတွန်းဆရာမကြီး ဒေါ်သိန်းရှင် ဟာ ၁၉၆၆ ခုနှစ်၊ အသက် ၆၀ အရွယ်တွင် ထားဝယ်မြို့မှာ ကွယ်လွန်သွား ခဲ့ပါတယ်။ 


#Credit_NaingSwen

No comments