အိုပယ်မဖြစ်ရလေအောင် တတိယအရွယ်မရောက်ခင် တရားဝင်ပါ
တတိယအရွယ်မရောက်ခင်
တတိယအရွယ် အိုမှ တရားဝင်ပြီပဲ ဆိုပါတော့။
တတိယအရွယ်ဆိုတာ ရုပ်ကလည်းအို နာမ်ကလည်း အိုလာပါပြီ။ ရုပ်ကလဲ အိုလာပြီဆိုရင် ထိုင်ရ၊ ထရတာလည်း အဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်း ကြာကြာ မထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါးမိနစ် တစ်ခါလောက် ပြင်ပြင်နေရပါတယ်။ တချို့ ဝတဲ့သူတွေဆိုရင် ထိုင်ရတာ တော်တော်လေး ခက်ခဲပါတယ်။ တစ်ချို့ဆိုရင် လူတွဲနဲ့မှ ထိုင်နိုင် ထနိုင် ပါတယ်။ ဒါဟာ ရုပ်အိုခြင်းရဲ့ လက္ခဏာပါ။ နာမ်အိုတယ်ဆိုတာက သတိတွေ မေ့မေ့နေတာပါ။
ဥပမာ- အခန်းထဲ ဆေးယူသွားမယ်ဆိုပြီး ဝင်သွား၊ အခန်းထဲကျတော့ ငါ ဘာယူမလို့ပါလိမ့်ဆိုပြီး မေ့နေ။အခန်းထဲကနေ အပြင်ပြန်ထွက်လာပြီးမှ သြော်..ငါ ဆေးယူဖို့ ဝင်သွားတာပဲဆိုပြီး သတိရပြီး အခန်းထဲ ပြန်ဝင်ရ၊ ဒါ နာမ်အိုမှုရဲ့ လက္ခဏာတချို့ပါ။ တရားထိုင်တဲ့အခါမှာလည်း ရုပ်အိုလာတဲ့အတွက် ကြာကြာမထိုင်နိုင်၊ ကြာကြာမထိုင်နိုင်တော့ မကြာခဏပြင်၊ မကြာခဏပြင်တော့ သမာဓိပျက်၊ နောက် နာမ်ကအိုလာတဲ့အတွက် ကမ္မဌာန်းအာရုံပေါ်မှာ သတိက ကောင်းကောင်း မကပ်နိုင်တော့ပါဘူး။ နာမ်နဲ့ လုပ်ရတဲ့အလုပ်မှာ နာမ်က အိုသွားတဲ့အတွက် ကောင်းကောင်းအလုပ် မလုပ်နိုင်တော့တဲ့ သဘောပါ။ ဒီတော့ သမာဓိက တော်တော်နဲ့မဖြစ်၊ သမာဓိ မဖြစ်တော့ ဉာဏ်စဉ်တွေက မထင်နဲ့။
ကမ္မဌာန်းဆရာက တရားစစ်တဲ့အခါကျတော့ ရှေ့က ယောဂီငယ်ငယ် ကလေးမလေးတွေက- "ဘယ်လိုမှတ်လိုက်တယ်ဘုရား၊ ဘယ်လိုမှတ်လိုက်တယ်ဘုရားနဲ့" လျှောက်စရာတွေ တစ်လှေကြီးနဲ့ လျှောက်သွား။ ကိုယ့်မှာတော့ ဘာမှလျှောက်စရာ မရှိ၊ ဒီတော့ စိတ်ဓါတ်တွေကျပြီး အိမ်ပြန်ချင်စိတ် ပေါက်လာ။အိမ်ပြန်ရောက်ပြီး နောက်တခါ တရားဝင်ဖို့ သားသမီးတွေက တိုက်တွန်းရင် တစ်ကြိမ်တည်းနဲ့ သေမလောက် ကြောက်သွားတော့တာပါပဲ။
ဒါ... တတိယအရွယ်လို့ခေါ်တဲ့ ရုပ်နာမ်အိုခြင်းရဲ့ ဆိုးပြစ်လက္ခဏာတွေပါပဲ။ နောက် တတိယအရွယ်ရဲ့ ဆိုးကျိုးလည်း တစ်ခုရှိပါသေးတယ်။ ယောဆရာတော်ဘုရားရဲ့ တရားတွေထဲမှာ .. အိုလာပြီဆိုရင် ”အိုပယ်ဖြစ်တတ်တယ်” ဆိုတဲ့ စကားလုံးလေး မကြာခဏပါလေ့ ရှိပါတယ်။ အိုပယ်ဆိုတဲ့ စကားလုံးလေးက သိပ်လှတာပါ။
အိုလာပြီဆိုရင် ကိုယ့်ရဲ့ သားသမီး မြေးမြစ်တွေက ကိုယ့်ကို ပယ်ထားလိုက်တာပါ။ ထမင်းကျွေးရုံ၊ အဝတ်ဆင်ရုံကလွဲလို့ အကြံဉာဏ်ယူတာ တိုင်ပင်ဆွေးနွေးတာတွေ မရှိတော့ပါဘူး။ ကိုယ့်နဲ့ ခပ်လှမ်းလှမ်းမှာ မြေးတွေက တိုးတိုး တိုးတိုးနဲ့ စကားပြောနေမယ်။ ကိုယ်က ဒါကို ဟဲ့ မြေးတို့ ဘာတွေပြောနေတာလဲ လို့ သွားမေးမယ်။
ဒီတော့ မြေးတွေက အို.. ဒါလူကြီးတွေရဲ့ ကိစ္စ မဟုတ်ပါဘူး။ လူငယ်ကိစ္စပါလို့ ပြန်ပြောခံရ။ တချို့ဆို ငွေကြေးချမ်းသာပါရဲ့၊ ပညာလည်းတတ်ပါရဲ့၊ မိသားစု အသိုင်းအဝိုင်းကလည်း ပေါပါရဲ့၊ သတင်းစာ ကြော်ငြာလေးကိုဖတ်ပြီး "သားရေ အရှင်ဆန္ဒာဓိကရဲ့ နောက်ဆုံးထွက်စာအုပ်ကလေး ဝယ်ခဲ့ပါဦး”လို့ မှာဖြစ်လိုက်ပါရဲ့။ တစ်ရက်လာလည်း ပါမလာ၊ နှစ်ရက်လာလည်း ပါမလာ၊ ရက်တွေသာ ကြာသွားတယ်၊ လိုချင်တဲ့ စာအုပ်က မရ၊ ကိုယ်တိုင်ထွက်ဝယ်ဖို့ကျတော့လည်း ကားရှိပေမယ့် မောင်းပို့မယ့်သူ မရှိ။
ဒါတွေဟာ အိုပယ်ရဲ့ ထင်ရှားတဲ့ လက္ခဏာဆိုး တချို့ပါ။ တခြားဒီထက် ဆိုးတဲ့ ကိစ္စတွေလည်း ရှိချင်ရှိဦးမှာပါ။
တကယ်လို့သာ ပထမအရွယ်မှာ တရားကို ကြိုးကြိုးစားစားအားထုတ်ခဲ့ရင် သူတို့ဘယ်လောက်ပဲ ”အိုပယ်” လုပ်ထားလုပ်ထား၊ ကိုယ်က ကိုယ့်ဝိပဿနာတရားလေးနဲ့ နေနေလိုက်ရင် ”အိုပျော်” ဖြစ်သွားမှာပါ။
ဝိပဿနာတရားဆိုတာ တစ်ယောက်တည်း တစ်စိတ်ထည်း အားထုတ်ရတာဆိုတော့ သူတို့ အိုပယ်လုပ်လေ ကိုယ့်အတွက် တရားမှတ်ရတာ အကောင်းဆုံး ဖြစ်လေပါပဲ။ တရားထူးတရားမြတ် ရတာကို ခဏ ထားလိုက်ပါဦး။
လူ့ဘဝ သက်တမ်းကို ယေဘုယျ ခုနှစ်ဆယ့်ငါးနှစ်နဲ့ တွက်လိုက်ရင် အသက်နှစ်ဆယ့်ငါးနှစ် အတွင်းဟာ တရားအားထုတ်ဖို့ ပထမ အကောင်းဆုံး အရွယ်ပါ။ အသက်ငါးဆယ် အတွင်းဟာ တရားအားထုတ်လို့ဒုတိယ အကောင်းဆုံးပါပဲ။
ကျန်တဲ့ တတိယအရွယ် သက်တမ်းကိုတော့ ဆက်မပြောပါရစေနဲ့တော့။ ကိုယ့်အရွယ် ကိုယ်ပြန်ကြည့်ပြီးဆုံးဖြတ်ဖို့ပဲ လိုပါတယ်။ လူ့ဘဝကိုရလာတယ်။ လူ့ဘဝကိုရလာပြီး လူ့ဘဝရဲ့ အနှစ်သာရဖြစ်တဲ့ ဝိပဿနာတရားလေးမှ အားထုတ်မသွားရဘဲ သေသွားမယ်ဆိုရင် လူ့ဘဝကို ရလာတာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။
လူဆိုတာသေမျိုးပါ။ မသေခင်လေးမှာ ဒီဝိပဿနာတရားလေးတော့ ကုသိုလ် ဖြစ်လောက်ပဲ ဖြစ်ဖြစ်၊ ဗဟုသုတ ဖြစ်လောက်ပဲ ဖြစ်ဖြစ်၊ ပါရမီပါသွားအောင် အားထုတ်သွားသင့်ပါတယ်။ လောကီထဲမှာ နေနေကြတာဆိုတော့ လောကီ အာရုံတွေနဲ့တော့ ကင်းလို့မရပါဘူး။
ဒါပေမယ့် ...မန်ယူတွေ၊ အာစင်နယ်တွေ၊ နှစ်လုံး သုံးလုံးတွေ၊ ရာထူးဌာနန္တရတွေ၊ အပြန်အလှန် တုံ့ပြန်မှုတွေ၊ အောင်မြင်ကျော်ကြားမှုတွေနောက် တစ်ကောက်ကောက် လိုက်နေရမှု တွေနဲ့တော့… အရွယ်သုံးပါးလုံးကို အချိန်ကုန် မသွားသင့်ပါဘူး။ ဒါတွေကို သင့်ရဲ့ဘဝ အစိတ်အပိုင်း တစ်ခု အနေနဲ့ပဲ သဘောထားသင့်ပါတယ်။ ဘဝရဲ့အဓိက အခန်းကဏ္ဍထဲမှာ ရှိမနေသင့်ပါဘူး။ ကဲ စာဖတ်သူ ”ဘယ်အရွယ်မှာ တရားအားထုတ်လို့ အကောင်းဆုံးလဲလို့” မေးလာခဲ့ရင် ပထမ အရွယ်ပါပဲ။
ဘဝမှာ တကြိမ်သာရတဲ့ နုပျိုခြင်းကို ဝိပဿနာအရာမှာ ကောင်းကောင်းကြီး အသုံးချပစ် လိုက်စမ်းပါ။တတိယအရွယ်မရောက်ခင် ဆင်ခြင်နိုင်ကြပါစေ …။
ရဝေနွယ် (အင်းမ)
No comments