New Artical

ကျားဟာကျားလိုနေထိုင်ပါ


ကျားဟာကျားလိုနေထိုင်ပါ

တောကြီးတစ်ခုမှာ ကျားပေါက်လေးတစ်ကောင်ဟာ အဖေအမေကသားကောင်သွားရှာစဉ် နေထိုင်ရာလှိုင်ဂူကနေ စူးစမ်းလိုစိတ်နဲ့ တောထဲကိုထွက်သွားခဲ့တယ်။သွားရင်းနဲ့ ဝေးမှန်းမသိ အဝေးကိုရောက်သွားတဲ့အခါ မျက်စိသူငယ်နဲ့ တောထဲမှာ လျှောက်သွားရင်း လမ်းပျောက်နေခဲ့တယ်။အပြန်လမ်းကလည်း ရှာလေဝေးလေဖြစ်နေ‌တာကြောင့် အရမ်းကို စိတ်ညစ်နေပြီပေါ့။ဒါနဲ့ မြက်ခင်းစားကျက်မှာ ကျက်စားနေတဲ့ နွားအုပ်ကိုတွေ့တဲ့အခါ တစ်ကောင်တည်းဖြစ်နေတဲ့ ကျားပေါက်လေးမှာ အဖော်တော့ရပြီဆိုကာ နွားအုပ်နဲ့ ဘဲလိုက်ပါသွားလေတယ်။
ဒီလိုနဲ့ အိမ်ကိုလည်း မပြန်တတ်တာကြောင့် မိခင်စိတ်ရှိတဲ့နွားမကြီးတစ်ကောင်ရဲ့ နို့ကို အမှီပြုကာ နွားအုပ်နဲ့ဘဲ နေမြဲနေခဲ့တယ်။အသားငါးမစားရတော့တာကြောင့် နွားတွေရဲ့အမူအကျင့်အတိုင်း ကျင့်ကြံနေထိုင်ခဲ့တယ်ပေါ့။ထို့ပြင် ပတ်ဝန်းကျင်ရဲ့ အရောင်လွှမ်းမိုးမှုအောက်မှာ ကျားပေါက်လေးဟာ နွားလိုမြည်တတ်လာတယ်။နွားလို စားတတ်လာတယ်။နွားတွေလို အိပ်တတ်လာတယ်။နွားကလေးတွေနဲ့ ကစားနေတတ်ခဲ့တယ်။ဒါပေမယ့် အချိန်ကြာလာတော့ မိခင်စိတ်ရှိတဲ့ နွားမကြီးမှအပ ကျန်နွားတွေဟာ သူဟာ ကျားတစ်ကောင်ဆိုတာ သိနေသည့်အတွက် နွားပေါက်ကလေးတွေကို သူနဲ့မကစားဖို့ မှာကြားလေ့ရှိတယ်။
သို့သော်လည်း အရွယ်ငယ်သူဆိုတာ ပြောလည်းခဏတာ နားထောင်တတ်တယ်။သုံးလေးရက်အကြာ ကျားပေါက်လေးနဲ့ပြန်ကစားတာပါဘဲ။ဒါပေမယ့် တစ်ဖြည်းဖြည်း ကျားပေါက်ကလေးအရွယ်ရောက်လာတာနဲ့အမျှ အဖော်တွေက နည်းနည်းသွားတယ်။အကြောင်းကတော့ သူဟာ ကျားတစ်ကောင်ဆိုတာကို ကစားဖော်နွားတွေက အသိတရားနဲ့သတိပြုမိလာတာကြောင့်ပါဘဲ။ဒါကြောင့် မွေးသန္ဓေ သေမှပျောက်ဆိုသလို ဘယ်ချိန်မှာ စိတ်ဖောက်ပြီး သူ့တို့ကို ထကိုက်မလဲဆိုတဲ့ အသိနဲ့ ခပ်လှမ်းလှမ်းကဘဲ နွားတွေက နေကြတော့တာပေါ့။ဒီလိုနဲ့ နောက်ဆုံးတော့ ကစားဖော်တွေ တစ်ကောင်မှမရှိတော့တဲ့အခါ တစ်ကောင်တည်းကျားကြီးအဖြစ်နဲ့ အဖော်မဲ့အထီးကျန်လာပြီ။
ဒိအခြေအနေမှာ သူနို့စို့ခဲ့ရတဲ့ နွားမကြီးကို ဘာလို့တစ်ခြားနွားတွေက သူနဲ့အပေါင်းအသင်းမလုပ်လဲ မေးကြည့်တော့ မင်းကို အကောင်းဆုံးနားလည်တာ ငါတစ်ကောင်တည်းရှိတယ်လို့ နွားမကြီးကပြန်ပြောတယ်။ဘာကိုနားလည်သလဲဆိုတာက ကျားကလေးဟာ သူ့ကိုသူ ပတ်ဝန်းကျင်ရဲ့အရောင်ကြောင့် ကျားဆိုပေမယ့် ကျားတစ်ကောင်လိုမပြုမူတာတွေ၊ကြာရှည်နေလာခဲ့ရတဲ့ သံယောဇဉ်တွေကိုပါဘဲ။ဒါနဲ့ ကျားကြီးဟာ သူ့ကိုလက်မခံတဲ့ ပတ်ဝန်းကျင်ကနေ သွားပါတော့မယ်ဆိုပြီး နွားမကြီးကိုနှုတ်ဆက်လို့ ထွက်သွားခဲ့တယ်။
တစ်နေရာမှာ မြင်းကျားအုပ်စုနဲ့တွေ့လို့ ဝင်နှောမယ်အကြံရှိသေးတယ်။မြင်းကျားတွေဟာ ကျားကိုမြင်တာနဲ့ ဝရုန်းတုန်းကားထွက်ပြေးတော့တာပါဘဲ။ဒါနဲ့ကျားဟာ “အော်..ဒီကောင်တွေကလည်း ငါ့ကို အပေါင်းအသင်းမလုပ်ချင်ကြဘဲကိုး”လို့ဆိုကာ ခရီးဆက်ခဲ့တယ်။ဒီလိုနဲ့ တောဝက်အုပ်စုနဲ့တွေ့တော့လည်း မြင်းကြားတွေလိုဘဲ ထွက်ပြေးပြန်တယ်။သူ့ကို ဘာလို့များ အပေါင်းအသင်းမလုပ်တာလဲတွေးလျက် နောက်ထပ် တစ်ခြားတောကောင်တွေကို ဆက်ရှာနေခဲ့တယ်။
မြက်ခင်းတစ်ခုကို တွေ့တော့ ဗိုက်ကလည်းဆာနေတာနဲ့ နွားတွေနဲ့‌နေတုန်းကလို မြက်ပင်ကို စားနေတယ်။ဒီမြင်ကွင်းကို ခြုံစပ်တစ်နေရာကနေ သားကောင်ချောင်းနေတဲ့ ကျားတစ်ကောင်က ထူးဆန်းစွာမြင်သွားတယ်။ဒါကြောင့် မြက်စားနေတဲ့ ကျားဆီကိုသွားကာ “သူငယ်ချင်း..တောကောင်မရလို့ ကြံရာမရမြက်စားနေသလား”ဆိုပြီး ဖော်ရွေသောအမူအရာနဲ့ မေးလိုက်တယ်။အဲ့ဒီအချိန်မှာ ထိုကဲ့သို့ဖော်ဖော်ရွေရွေပြောသံကိုမကြားရတာကြာနေတဲ့ ကျားဟာ အရမ်းကိုဝမ်းသာသွားလေတယ်။
ဒီလိုနဲ့ စကားတွေဖောင်ဖွဲ့ပြောကြရင်းမှ နွားတွေနဲ့အတူနေခဲ့တဲ့ကျားဟာ သူ့ရဲ့ပုံစံအမှန်ကို သိရှိသွားတယ်။အဲ့တာကြောင့် သူနဲ့ပုံစံတူတဲ့ ကျားတွေရှိရာကို လိုက်ပါသွားတော့တယ်။အဲ့ချိန်ကျမှဘဲ သူ့ကို စကားပြောမယ့်အ‌ဖော်တွေဟာ ပေါလို့နေခဲ့တယ်။အဲ့ချိန်ကျမှ သူဟာ ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်တူးဆွနိုင်ခဲ့တယ်။တစ်ခြားကျားတွေကလည်း အခုရောက်လာတဲ့ ကျားဟာ ခန့်ညားလိုက်တာဟု ပြောဆိုကြလျက် ချီးမွှမ်းထောပနာပြုကြတယ်။
ကျားလေးလိုပဲ မင်းကို တစ်ခြားသူတွေ လက်မခံချင်ရင် အားမငယ်ပါနဲ့။မင်းရဲ့ ခွန်အားတွေကို သူတို့ မယှဉ်ဝံ့လို့ မင်းနဲ့မပေါင်းရဲတာပါ။မင်းဟာ ကျားတစ်ကောင်ပါ။‌အောင်မြင်ချင်ရင် ပတ်ဝန်းကျင်ရဲ့အရောင်လွမ်းမိုးမှုကို မခံပါနဲ့။ကိုယ်ပိုင်ပုံစံနဲ့ ရပ်တည်ပါ။ကိုယ့်ပုံစံကို ဖော်ထုတ်ပါ။တစ်ခြားသူတွေ ဘယ်လောက်ပဲ မင့်ကို ကြဉ်ဖယ်နေပါစေ။လုံးဝစိတ်ဓါတ်မကျပါနဲ့။သူဌေးတွေနဲ့အနေများမှ မင်းဟာ ချမ်းသာချင်စိတ်ပိုဖြစ်လာမှာပါ။ဆင်းရဲသူတွေနဲ့ အနေများရင်‌ မင်းဟာဆင်းရဲတွင်းက တက်လာမှာမဟုတ်တော့ဘူး။ဒီနေရာမှာ ဆင်းရဲသားတွေကို အဖက်မလုပ်၊မပေါင်းသင်းခိုင်းတာ၊နှိမ့်ချတာလို့ ထင်ကောင်းထင်နိုင်မယ်။
အမှန်ကတော့ ထိုသို့ဆိုလိုရင်း မဟုတ်ပါဘူး။မုဆိုးနားနီးရင်မုဆိုးဖြစ်မယ်။တံငါသည်နားနီးရင် တံငါသည်ဖြစ်လာမှာဘဲ။ထိုသို့ ဆိုလိုချင်တာဖြစ်ပါတယ်။လူတွေက ကိုယ့်အနီးနားက မြင်ရတွေ့ရတဲ့အရာလေးတွေကို ပိုအာရုံထားကြတတ်ကြတယ်။ပြီး‌တော့ မင်းလက်ရှိပေါင်းသင်းနေတဲ့သူတွေက မင်းရဲ့အနာဂါတ်ဘဝရဲ့ အရိပ်တွေပါ။ဒါကြောင့် အနာဂါတ်မှာ အောင်မြင်ချင်ရင် အခုကတည်းက အောင်မြင်သူတွေကို ချဉ်းကပ်ပါ။သူတို့ အောင်မြင်တယ်ဆိုတာ သူတို့က မင့်ထက်တော်နေလို့သာဖြစ်တယ်။အဲ့ဒီတော်တဲ့အချက်တွေကို ချဉ်းကပ်လေ့လာပါ။မင်းကို မတိုးတက်စေတဲ့ပတ်ဝန်းကျင်မှ ရုန်းထပါ။ပြီးရင်တော့ ပတ်ဝန်းကျင်အမှန်ကို ရှာဖွေပါ။
#phyolay

No comments