New Artical

“မဟာတုလွတ်ဘုံစံ ပြည်ကျောင်းတိုက်”

 

“မဟာတုလွတ်ဘုံစံ ပြည်ကျောင်းတိုက်”

ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်တွင် ရှေးဟောင်းဘုရားစေတီတော်များ အစီအရီ တွေ့ရှိရသကဲ့သို့ ကျောင်းတိုက်များအဖြစ် ပြည်တိုက်၊ ပုဂံတိုက်၊ မဲထီးတိုက်၊ ဆီးပန်းနီတိုက်၊ မိုးထိတိုက်၊ တောရကျောင်းတိုက်များ တည်ရှိခဲ့သည်။ ပြည်ကျောင်းတိုက်မှာ အမရပူရခေတ် လက်ရာဖြစ်သည်။ ၁၂၀၁ ခုနစ်၊ ပြည်မင်းသားက ဆောက်လုပ်လှူဒါန်းထားသည်။ နှစ်ဆောင်ပြိုင် စမြင်လေးမျက်နှာ ရွှေပိန်းချကျောင်းတော်ကြီးဖြစ်သည်။


အရှင်မေဓာလင်္ကာရ(မေဓာလင်္ကာရ ပရမ သဒ္ဓမ္မမဟာဓမ္မရာဇာဓိရာဇဂုရု)ဆရာတော်အား ကျောင်းတင်လှူသည်။ ပြည်မြို့စားက ကိုးကွယ်သောကြောင့် ညောင်ကန်ဆရာတော်ဦးကျီခေါ် အရှင်မေဓာလင်္ကာရသည် နောင်အခါ ပြည်ဆရာတော်ဟုတွင်သည်။ သံဃာတော် ၈၀၀ ကျော်အား ပြည်ဆရာတော်သည် နေ့ဝါညဝါမပြတ် ပို့ချသည့်အပြင် အလှူအတန်း ဓမ္မသဘင်များလည်း ကြွရောက်ဟောသော ဓမ္မကထိကဆရာတော်ဖြစ်သည်ဟု မှတ်သားရသည်။


ကျောင်းတည်နေရာ အညွှန်းအားဖြင့် အရှေ့ဘက်တွင် သာရမဥ္ဇူသိမ်နှင့် ဇောင်းကလောအင်း၊ အနောက်ဘက်တွင် ရန်ကုန်-မန္တလေးကားလမ်းနှင့် ယာဉ်သိုလှောင်ရေးတပ်၊ တောင်ဘက်တွင် ပုဂံကျောင်းတိုက်၊ မြောက်ဘက်တွင် ဆ-လ-က ရုံးဝင်း တည်ရှိသည်။


ပြည်မင်းသား

ပြည်မင်းသားဆိုသည်မှာ ပုဂံမင်းသား၊ မင်းတုန်းမင်းသား၊ ပုခန်းမင်းသားနှင့် ကနောင်မင်းသားတို့ကဲ့သို့ သာယာဝတီမင်း(ရွှေဘိုမင်း)၏ သားတော်တစ်ပါးဖြစ်သည်။ သာယာဝတီမင်း၏ သာတော်များထဲမှ အကြီးဆုံးဖြစ်ပြီး ဆက်ဆံရေး ကောင်းမွန်ပြေပြစ်သူ ဖြစ်သောကြောင့် လေးစားချစ်ခင်သူ ပေါများကြောင်း ဆိုသည်။ ဖခင်ဖြစ်သူ သာယာဝတီမင်းကလည်း သားတော်ထဲတွင် အကြီးဆုံးဖြစ်သော ပြည်မင်းသားအား အလေးထား အားကိုးသည့်အပြင် အစ်ကိုကြီး ဟု ချစ်စနိုးခေါ်သေးကြောင်း။ ထိုအချိန်ကာလများတွင် ခမည်းတော်ဖြစ်သူ သာယာဝတီမင်းကြီး၏ ဆန္ဒ၊ လွှတ်တော်၏ သဘောတူညီမှုနှင့် ပြည်သူများ၏ လိုအင်ဆန္ဒအရ ပြည်မင်းသားသာလျှင် ထီးဖြူတော်နှင့် ထိုက်တန်သူ၊ ရာဇပလ္လင်နှင့် နီးကပ်သူအဖြစ် အားလုံး မျှော်လင့်ချက် ထားခဲ့ကြသည်။

 သို့သော်လည်း နောက်ပိုင်းတွင် ဖခမည်းတော် သာယာဝတီမင်းကြီး စိတ်ရောဂါ စွဲကပ်သည်ကို အကြောင်းပြု အခွင့်ကောင်းယူ၍ ဘုရင့်အရိုက်အရာအား ဆက်ခံချင်သူ ပုဂံမင်းနှင့် သူ့မိခင် မိဖုရားခေါင်ကြီးတို့က ပြည်မင်းသားအား ဖယ်ရှားပစ်ခဲ့တော့သည်။ ပြည်မင်းသားနှင့် အပေါင်းအပါတစ်စုသည် ဖခင်ဘုရင်ကြီးအား လုပ်ကြံသတ်ဖြတ်ပြီး နန်းလုရန် ကြံစည်နေကြကြောင်း လုပ်ဇာတ်အား စိတ်ရူးဝင်နေသည့် ဘုရင်ကြီးထံ ပုဂံမင်းနှင့် မိဖုရားခေါင်ကြီးက လျှောက်တင်သည့်အခါ ဘုရင့်အမိန့်ဖြင့် ပြည်မင်းသား၏ အိမ်တော်အား ဝင်စီးပြီး ဖမ်းပါတော့သည်။ ထိုအချိန်တွင် ပြည်မင်းသားနှင့် သားတော်လေးပါးစလုံး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတွင် လက်ရဖမ်းမိပြီး ရေချကွပ်မျက်ခံရသည်။ 
ထို့အပြင် မြန်မာ့ရာဇဝင်၌ ထင်ရှားသည့် အမျိုးသမီးစာဆိုတော် အနောက်နန်းမိဖုရား မမြလေး(လှိုင်ထိပ်ခေါင်တင်၏မိခင်)လည်း ပြည်မင်းသားနှင့် ကြံရာပါအဖြစ် စွပ်စွဲခံရပြီး မိခင်မယ်အိနှင့်အတူ ကွပ်မျက်ခံရသည်။ ပြည်မင်းသားသည် မဟာတုလွတ်ဘုံစံ ကျောင်းတော်ကြီးအား ရေစက်ချတင်လှူပြီး နောက်တစ်နှစ် သက္ကရာဇ် ၁၂၀၂ ခုနစ်တွင် သားတော်လေးပါးနှင့်အတူ ရေချကွပ်မျက်ခံရသည်။

ပြည်ကျောင်းတော်ကြီး
တံခွန်တိုင်လမ်းဆုံအနီးရှိ ပြည်ကျောင်းတော်ကြီး၏ ပရဝုဏ်သည် အတော်ကျယ်ဝန်းသည်။ ကျောင်းထဲ ဝင်လိုက်သည်နှင့် ရေနံဆီ ဝနေသည့် သစ်သားကျောင်းဆောင်ကြီးအား တောင်ဘက်ထိုးထွက်နေသည့် လှေကားဆောင်(သို့မဟုတ်) ကျောင်းပေါ်တက်ရာ တစ်စင်းတည်းသော လှေကားရှိရာ တန်ဆောင်းအတိုလေးတစ်ခုနှင့်ပါ တွဲလျက် တွေ့ရသည်။ ကျောင်းကြီးက သိပ်မမြင့်သော်လည်း ကျောင်းပေါ်တက်ရာ လှေကားအား အလယ်တွင် တစ်ဆစ်ချိုးပြီး အဆောင်သေးသေးတစ်ခုနှင့် ခံထားပါသည်။ ထိုအဆောင်လေး၏ မျက်နှာစာ၌ သစ်သားဟင်္သာနှစ်ကောင်နှင့် သစ်သား ပန်းပွတ်များအား သစ်ထွင်း ပန်းနွယ်ပါသစ်သားတန်းနှင့် ဘောင်ခတ်အလှဆင်ထားသည်ကို မြင်ရသည်မှာ ကျက်သရေ ရှိလှပေသည်။ ကျောင်းပေါ်တက်ရာ တစ်စင်းတည်းသော လှေကား၏ လက်ရန်းတိုင်ထိပ် တစ်ဖက်တစ်ချက်တွင် ကြာပန်းပလ္လင်ပေါ်ရပ်၍ သံလျက်ကိုယ်စီ ကိုင်ဆောင်ထားသည့် လေးပေကျော်အမြင့်ရှိ သိကြားရုပ် နှစ်ရုပ်မှာတော့ မူလလက်ရာမဟုတ်ဘဲ နောင်မှ အသစ်ပြန်အစားထိုးထားခြင်း ဖြစ်နိုင်သည်။
လှေကားအပေါ်ထိပ် ကျောင်းပေါက်ဝ သစ်သားတံခါးရွက် တစ်ဖက်တစ်ချက်တွင် မူရင်းလက်ရာ ဖြစ်နိုင်သော သစ်သားနတ်ရုပ် နှစ်ရုပ် တပ်ဆင်ထားသည်ကို တွေ့နိုင်သည်။ ကျောင်းကြီး၏ အနေအထားသည် ပင်မဆောင်အား ဗဟိုပြု၍ လေးဘက်လေးတန် စင်္ကြံပတ်လမ်းနှင့် ဖွဲ့စည်းထားပြီး အရှေ့ဘက်မျက်နှာတွင် ဘုရားခန်းကြီးတစ်ခုနှင့် ဆက်ထားသည်။ အနောက်မျက်နှာ စင်္ကြံသည် ၆ ပေခန့်သာ ကျယ်သော်လည်း တောင်ဘက်၊ မြောက်ဘက် စင်္ကြံလမ်းများမှာ ၁၂ ခန့် ကျယ်ဝန်းသည်။
ပင်မဆောင် တောင်ဘက်ခြမ်း အပြင်နံရံ တံခါးပေါက် ၃ ခုတွင် တပ်ဆင်ထားသည့် မြန်မာမှု အနုလက်ရာ သစ်သားတံကဲကြီးများ တွေ့ရသည်။ ပြည်မင်းသား ဆောက်လုပ်လှူဒါန်းခဲ့သည့်အချိန်မှစ၍ ယခုထိ အသက်ဝင်နေသေးသည့် ဘုန်းကြီးကျောင်း တစ်ဆောင်၌ မူရင်းလက်ရာအတိုင်း မြင်တွေ့ရသော သစ်သားတံကဲကြီးများ ဖြစ်သည်။

နောက်ထပ် ကြည့်ရှုလေ့လာစရာအဖြစ် ဘုရားခန်းမဆောင်ကြီး ရှိနေသေးသည်။ ဘုရားဆောင်ခန်းထဲတွင် အင်းဝခေတ်၊ အမရပူရခေတ်၊ ရတနာပုံခေတ် စတဲ့ ခေတ်အစုံစုံ လက်ရာ ဘုရားဆင်းတုတော် ကြီးငယ် အဆူဆူ အများအပြားအပြင် သာဝကဆင်းတုတော်များ၊ မြန်မာမှုလက်ရာမြောက်တံကဲပလ္လင်တော်များ၊ ပေလွှာ၊ ပုရပိုက်များ ထားသိုရာ သေတ္တာကြီးများ၊ ရှေးဟောင်းဘုရားကျောင်းဆောင်များနှင့် တံခွန်တိုင်ကုက္ကားငယ်၊ လက်ရာမြောက်ခေါင်းလောင်းငယ်၊ အမရပူရခေတ် မှန်စီရွှေချ လက်ရာများ၊ မီးအိမ်ကြီးများ၊ မီးဆိုင်းကြီးများ စသည့် အဖိုးတန် ရှေးဟောင်းပစ္စည်းများအား သေချာထိန်းသိမ်းထားတာ တွေ့ရသည်။ ကျောင်းအခန်းထောင့်တွင် တိုင်ဖုံးပန်းဆွဲများ၊ တိုင်ခြေတွင် ဇာတ်တော်ပန်းပုရုပ်များကို တွေ့ရသည်။ ယခုမြင်နေရသည့် ကြမ်းခင်းနှင့် မျက်နှာကျက်ရှိ တန်းများ ပြန်လည်ပြင်ဆင်ထားရကြောင်း၊ ကျန်အစိတ်အပိုင်းများမှာ မူလလက်ရာများဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း၌ အနီးအနားရှိ ကျောင်းတိုက်ကြီးများ စစ်ဘေးဒဏ်ခံရသဖြင့် တော်တော်များများ ပျက်စီးခဲ့ကြသော်လည်း ပြည်ကျောင်းတော်ကြီးမှာ ကံကောင်းထောက်မစွာနှင့် များစွာ ထိခိုက်ပျက်ဆီးခြင်းမရှိကြောင်း၊ မျက်နှာကျက်ပြင်ဆင်ချိန် မျက်နှာကျက်ပေါ်၌ ကျည်ဆန်နှစ်တောင့်တွေ့ခဲ့ရကြောင်း သိရသည်။ သစ်သားကျောင်းတော်ကြီးတွင် တိုင်ပေါင်း ၁၄၆ တိုင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။
ပြည်ကျောင်းတော်ကြီး တစ်ခုလုံးအား ခြုံငုံ၍ သုံးသပ်လျှင် ထူးခြားချက်အဖြစ် အစဉ်အလာ ဘုန်းတော်ကြီးကျောင်းများကဲ့သို့ ကျောင်းဦးပြာသာဒ်၊ စနု၊ ဇေတဝန်၊ ဘောဂဆောင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း မဟုတ်ဘဲ အလယ်တွင် ဇေတဝန်ဆောင်မကြီးနှင့်အပြိုင် ဆောင်ပွား ဘယ်ညာနှစ်ဆောင်၊ အရှေ့ကျောင်းဦးပြာသာဒ်အမိုးအား သုံးထပ်လည်ပေါ်နှစ်ဆင့်ခံ ဝဲယာ ယွန်းဆောင်နှစ်ဆောင်၊ အနောက်ဘက်တွင် စနုဆောင်ကဲ့သို့ အဆောင်ရှည်အား ပြန်လည်တည်ဆောက်လျက် အဆောင်အားလုံးကို အမိုးချင်းထိလျက် တည်ဆောက်ထားသော ငါးစပ်ဆောင်မျိုး ဖြစ်သည်။ အမရပူရခေတ်လက်ရာ ပန်းပုအမွှမ်းပန်းများကို ကျောင်းကြီးအတွင်းပိုင်း၌ စိတ်ဝင်စားဖွယ် တွေ့မြင်နိုင်သည်။ အခြား ဘုန်းကြီးကျောင်းများကဲ့သို့ သရက်ကင်းလှေကားကြီးများ မပါဘဲ စောင်းတန်းလှေကားဖြင့် ဖွဲ့စည်းထားသည်။

မြင်တွေ့နေကျ ရှေးဟောင်းကျောင်းတော်ကြီးများနှင့် မတူဘဲ ထူးခြားကြောင်း ဆိုရပေမည်။ ပြည်ကျောင်းတော်ကြီးသည် အခြား မင်းကုသိုလ်တော် ကျောင်းများကဲ့သို့ စုလစ်မွမ်းချွန် များစွာ တပ်ဆင် တည်ဆောက်ထားသော ကျောင်းတော်ကြီးမျိုး မဟုတ်ဘဲ သူ့ခေတ်သူ့အခါက ခေတ်မီထူးခြားသော အတွေးများနှင့် စိတ်ကူးပုံဖော် တည်ဆောက်ထားသော ကျောင်းတော်ကြီးတစ်ဆောင် ဖြစ်ကြောင်း ဆိုရပေမည်။ ယခုလက်ရှိအခြေအနေမှာ အနည်းငယ် ပြုပြင်ထားသည်မှအပ မူရင်းလက်ရာအတိုင်း မန္တလေးဒေသတွင် အစောဆုံးတွေ့ရသည့် အမရပူရခေတ်လက်ရာ သစ်သားကျောင်းတော်ကြီး တစ်ဆောင်ဖြစ်သည်။

မှတ်ချက် - 
မြန်မာမှု ရှေးဟောင်း သစ်သား  အဆောက်အအုံများ မူရင်းလက်ရာ 
မပျောက်စေဘဲ ထိန်းသိမ်စောင့်ရှောက်နိုင်ရန် တင်ပြခြင်းဖြစ်သည်။


ကိုးကား-
ဝင်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည် - နတ်မောက်ထွန်းရှိန်
မန္တလေးဒေသရှေးဟောင်းအဆောက်အအုံများမှတ်တမ်း (၁)
မန္တလေးဝန်းကျင်က သမိုင်းဝင်နေရာများ - ရန်နောင်စိုး(ထားဝယ်)



No comments