New Artical

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ

 


 စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ

ရေ၀နွယ် (အင်းမ)

တစ်ခါတုန်းက ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့အခါ ကြွင်းကျန်တဲ့ ဓာတ်တော်တွေကို ဌာပနာပြီး ရွှေစေတီတည်ပါတယ်။ အရပ်လေးမျက်နှာက ပရိသတ်အပေါင်းကလည်း ပန်းနံ့သာတွေနဲ့ ရွှေစေတီကို ပူဇော်ကြပါတယ်။ ပန်းတွေနဲ့ ပူဇော်ပွဲမှာ မထင်ရှားတဲ့ အမျိုးသားလေး တစ်ယောက်လည်း ပါပါတယ်။

ပန်းပူဇော်သူတွေ ပြန်သွားတဲ့အခါ အမျိုးသားငယ်က ပန်းတင်လှူထားတွေ မညီမညာဖြစ်နေတာ တွေ့ရတဲ့ အတွက် ကြည့်လို့ကောင်းအောင် ပြုပြင်ပြီး ပြန်ပူဇော်ပါတယ်။ ဒါတင်မကပါဘူး။ သူများလှူခဲ့တဲ့ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ပြီး အဲဒီပူဇော်မှုကိုပဲ အာရုံပြုပြီး မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားပါတယ်။ ဂုဏ်တော်ပွား တဲ့အခါ စိတ်က ကြည်ကြည်လင်လင် ဖြစ်လာပါတယ်။ ပြုထားတဲ့ကောင်းမှုကို နှလုံးသားထဲမှာ ထည့်ထား လိုက်ပါတယ်။

သက်တမ်းစေ့လို့ ကွယ်လွန်တဲ့အခါ မညီမညာဖြစ်နေတဲ့ ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ရတဲ့ ကုသိုလ်ကံကြောင့် တာ၀တိ ံသာနတ်ပြည်မှာ သုနိကိ္ခတ္တနတ်သားရယ်လို့ ဖြစ်ရပါတယ်။ မြန်မာလိုပြောရင်တော့ “ ကောင်းကောင်းထား” ပါ။ တန်ခိုးအာနုဘော်ကြီးသလို အခြံအရံတွေလည်း များစွာရပါတယ်တဲ့။
ဂေါတမမြတ်စွာဘုရားရင် ပွင့်တော်မူတဲ့အခါ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် တာ၀တိ ံသာနတ်ပြည်ကို ရောက်လာပြီး ဘယ်လို ကုသိုလ်တွေပြုခဲ့လို့ ဒီစည်းစိမ်တွေ ရတာလဲလို့ ကောင်းကောင်းထားနတ်သားကို မေးတော်မူပါတယ်။

ဒီတော့ နတ်သားက “တပည့်တော်ဟာ ရွှေစေတီမှာ ဖရိုဖရဲ မညီမညာ တင်ထားတဲ့ပန်းတွေကို ကြည့်လို့ ကောင်းအောင် ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ပါတယ်ဘုရား။ အဲဒီကုသိုလ်ကြောင့် ဒီနတ်စည်းစိမ် တွေကို ခံစားနေရတာပါဘုရား”လို့ ပြန်လျှောက်ပြပါတယ်။

ရှင်မဟာမောဂ္ဂလာန်က လူ့ ပြည်ပြန်ရောက်တဲ့အခါ ဒီအကြောင်းကို မြတ်စွာဘုရားကို ပြန်လျှောက်ပါတယ်။ မြတ်စွာဘုရားရှင်ကလည်း ဒီအကြောင်းကိုပဲ လူပရိသတ်ကို ပြန်ဟောပြပေးတော်မူပါတယ်။

မြတ်စွာဘုရားရဲ့တရားကို နာကြားရတဲ့ ပရိသတ်တွေဟာ သုနိက္ခိတ္တနတ်သားကို အားကျပြီး “ငါတို့လည်း သုနိကိ္ခတ္တနတ်သားလို ပိုက်ဆံကုန်စရာမလိုဘဲ သူများလှူတဲ့ ပန်းကို ကြည်ညိုဘွယ်ဖြစ်အောင် ပြန်ပြုပြင်ပူဇော်ရင် နတ်စည်းစိမ်ကို ရလိမ့်မယ်” လို့ နှလုံးသွင်းပြီး စေတီတော်ကိုရောက်တဲ့အခါ သူများတင်လှူပြီးသား ပန်းတွေကို ကြည်ညိုဘွယ်ဖြစ်အောင် ပြုပြင်ပြီး ပြန်ပူဇော်ကြပါတယ်။ အဲဒီကုသိုလ်ကြောင့်ပဲ သူတို့လည်း နတ်ပြည်ရောက်ကြရပါတယ်တဲ့။

(၀ိမာန၀ထၳုအဋ္ဌကထာ၊ သုနိကိ္ခတ္တ၀ထၳု)

ရောက်တဲ့အရပ်မှာ ကိုယ့်ကိုယ်ကိုယ် ကုသိုလ်ဖြစ်အောင် လုပ်တတ်လိုက်ပုံလေးကို သဘောကျလို့ ဒီ၀ထၳုလေးကို ထုတ်ပြလိုက်တာပါ။

ပင်ကိုယ်အားဖြင့် သူ့ရဲ့ စိတ်ကလေးကကို မှန်နေလို့ပါ။ ပန်းတွေပြုပြင်နေတဲ့အချိန်မှာ ပန်းပိုင်ရှင်တွေကို အပြစ်တင်တဲ့စိတ်လည်း ရှိမနေခဲ့ပါဘူး။ လူငယ်စကားနဲ့ ပြောရရင် ဆရာကြီးလုပ်ချင်တဲ့စိတ် ရှိမနေခဲ့ပါဘူး။ တကယ့်ကို စိတ်ထားဖြူဖြူလေးနဲ့ လုပ်ခဲ့တာပါ။ ပြီးတော့ ပိုက်ဆံလည်း မကုန်ခဲ့ပါဘူး။ ကုသိုလ်များ ရချင်တဲ့သူအတွက်တော့ အမြဲကို လွယ်နေတော့တာပါ။

စေတီကနေ အိမ်ပြန်လာတဲ့အခါ သူ့ရဲ့ ခြေလှမ်းတိုင်းမှာ ဘယ်လောက်စိတ်ချမ်းသာနေမယ်ဆိုတာ တွေးကြည့်တဲ့သူတောင် စိတ်ချမ်းသာရတာပါ။

စာရေးသူက စိတ်ချမ်းသာအောင်နေတဲ့သူဆို သိပ်အားကျတာပါ။

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ..?

တချို့ ကျတော့ စိတ်ချမ်းသာကြပါတယ်။ တချို့ကျတော့ စိတ်မချမ်းသာကြပါဘူး။

အဖြေကတော့ တိုတိုပါပဲ။

ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ဆင်းရဲရပါတယ်။

ကိုယ့်ရင်ထဲမှာ ကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ချမ်းသာရပါတယ်။

တစ်ခါတလေ စိတ်ချမ်းသာနေပြီဆိုရင် ကိုယ့်ရင်ထဲကို ပြန်အာရုံပြုကြည့်လိုက်ပါ။ ကုသိုလ်စိတ်တွေ ကိန်းနေတာ တွေ့ရပါလိမ့်မယ်။ ဒါနနဲ့ ယှဉ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်၊ ေ၀ယျာ၀စ္စပရဟိတနဲ့ ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ်၊ ဂုဏ်တော်၊ မေတ္တာ၊ ၀ိပဿနာနဲ့ ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။

ဒီလိုပါပဲ။ စိတ်ဆင်းရဲနေရပြီဆိုရင်လည်း အကုသိုလ်စိတ်တစ်ခုခု ကိန်းနေလို့ပါ။ ဒေါသပဲဖြစ်ဖြစ်၊ ဣဿာမစၦရိယပဲဖြစ်ဖြစ် အကုသိုလ်စိတ်တစ်ခုခု၀င်နေတာ တွေ့ရပါလိမ့်မယ်။

တကယ်လို့ စိတ်ဆင်းရဲနေလို့ ကိုယ့်ရင်ထဲကို သတိနဲ့ ပြန်ကြည့်လို့ အကုသိုလ်စိတ်တစ်ခုခု ကိန်းနေတာ တွေ့ရရင် “ဒီအကုသိုလ်စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲနေရတာပဲ” ဆိုပြီး ဆင်ခြင်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုထ်နဲ့ သေချာထိုင်ပြီး ကိုယ့်ရင်ထဲက အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်ကြည့်နေ လိုက်ပါ။ ဖြစ်နေတဲ့ အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်သိနေလိုက်ပါ။ တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ်၊ သုံးမိနစ်ပဲဖြစ်ဖြစ်၊ ငါးမိနစ်-ဆယ်မိနစ်ပဲဖြစ်ဖြစ် အချိန်ကလေးယူပြီး ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး သိနေ လိုက်ပါ။

သိပါ သိပါများလာရင် ထွက်သွားပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်။ ကိုယ့်ရင်ထဲရောက်နေတဲ့ အကုသိုလ်က သိပ်ပြီး ကြီးနေရင်တော့ အချိန်ကလေးတော့ ယူပေးရပါမယ်။

သိပါများများလာရင်တော့ တဖြည်းဖြည်း လျော့လျော့သွားပါလိမ့်မယ်။

ဒါက စိတ္တာနုပဿနာခေါ်တဲ့ ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် ပယ်ထုတ်ပစ်လိုက်တာပါ။

ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တစ်ခု ၀င်လာရင် အဲဒီအကုသိုလ်စိတ်ကို ဉာဏ်နဲ့ စိုက်ကြည့်တဲ့ အလုပ်ကို သေချာထုံထားလိုက်ပါ။ ကြာလာရင် ကိုယ်မျှော်လင့်တဲ့ စိတ်ချမ်းသာမှုလေးတွေ ရောက်လာပါလိမ့်မယ်။

ကိုယ်က ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် မပယ်နိုင်သေးဘူးဆိုရင်တော့ ဖြစ်နေတဲ့ အကုသိုလ်ကလေးကိုပဲ စိုက်ကြည့်ပြီး ”အကုသိုလ်ဆိုတာ မကောင်းဘူး၊ စိတ်ကိုလည်း ပူလောင်စေတယ်၊ ရုပ်ကိုလည်း ပူလောင်စေတယ်” လို့ ထပ်ကာ ထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။ ကိုယ့်ရဲ့ ဆင်ခြင်မှုကို အသိဉာဏ်က လက်ခံသွားပြီဆိုရင် ဖြစ်နေတဲ့ အကုသိုလ်လေးက ထွက်သွားတာများတယ်။

ဆင်ခြင်ပေမယ့် အသိဉာဏ်ပိုင်းက လက်မခံသေးဘူးဆိုရင်တော့ အကုသိုလ် မထွက်သေးပါဘူး။ ဆင်ခြင်မှု တွေများလာတဲ့အခါ အသိဉာဏ်ပိုင်းက လက်ခံသွားတဲ့အခါမှာတော့ အကုသိုလ်လေးက မနေဝံ့တော့ပါဘူး။ ထွက်ကို ထွက်သွားရတော့တာပါ။

ဆင်ခြင်တဲ့နေရာမှာ “ဘယ်သူတွေက ဘယ်တုန်းက ဘယ်လိုပြုခဲ့လို့ ဘယ်လိုဆိုးကျိုးတွေ ပေးသွားတာ” စသည့်ဖြင် ကိုယ်လက်တွေ့ တွေ့မြင်ခဲ့ရတာလေးတွေနဲ့ ယှဉ်ပြီး အကုသိုလ်ရဲ့ အကျိုးအပြစ်ကလေး တွေကို ပေါ်နိုင်သမျှ ပေါ်အောင်ပုံဖော်ပြီး ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်လို့လည်း ရပါတယ်။ ဒါမှမဟုတ် ကိုယ်ကြားဖူး ထားတဲ့ အကုသိုလ် ဆိုးကျိုး ၀ထၳု ဇာတ်လမ်းတွေကို အာရုံပြုပြီး ဆင်ခြင်လို့လည်း ရပါတယ်။
အဓိကကတော့ ဒီအကုသိုလ်စိတ်ကလေးကြောင့် ကိုယ်စိတ်ဆင်းရဲနေရတယ်ဆိုတာသေချာသိထားဖို့ပါပဲ။ သိထားပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီအကုသိုလ်စိတ်ကလေးကို မလိုလားဘူးဆိုရင် ဆင်ခြင်ပြီးပဲပယ်ပယ်၊ ၀ိပဿနာမှတ်ပြီးပဲ ပယ်ပယ် ပယ်လို့ လွယ်သွားတာ များပါတယ်။

တစ်ခုတော့ရှိပါတယ်။ အကုသိုလ်ပယ်ပုံနဲ့ ပတ်သက်လို့ အလေ့အထုံ နည်းနေသေးတယ်ဆိုရင်တော့ သူများထက် ပိုပြီး ထပ်ကာထပ်ကာလေး ဆင်ခြင် ဆင်ခြင် သိသိပေးနေရပါမယ်။ အလေ့အကျင့် လုပ်ပါများလာရင် အလုပ်က သင်သွားတာများပါတယ်။
ဆင်ခြင်လို့ သိလို့ အကုသိုလ်လေး ထွက်သွားတဲ့အခါ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတော့ ကိုယ့်ရင် ထဲမှာ ကုသိုလ်စိတ်ကလေးတစ်ခု ရောက်လာအောင် လုပ်ရပါတယ်။ အလွယ်ဆုံးနည်းကတော့ အရဟံဂုဏ်တော် လေးကို ထပ်ကာထပ်ကာ ပွားနေလိုက်မယ်ဆိုရင်လည်း အလွယ်တကူ ကုသိုလ်စိတ်ကလေး ၀င်လာတာပါ။

အရဟံ = ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား

အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူတော် မြတ်စွာဘုရား

အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်တော မြတ်စွာဘုရား

လို့ ထပ်ကာထပ်ကာလေး ပွားနေလိုက်ပါ။

ဒါမှမဟုတ် အိမ်မှာရှိတဲ့ဘုရားကို ရေကပ်တာ၊ ပန်းကပ်တာတွေ လုပ်လိုက်ရင်လည်း ရပါတယ်။

လက်တွေ့ အသုံးချကြည့်လို့ ကိုယ်မျှော်လင့်သလိုဖြစ်သွားပြီဆိုရင် သိပ်ပျော်ရတာပါ။ နောင် အကုသိုလ်စိတ် ကလေး ၀င်လာလို့ စိတ်ဆင်းရဲနေရတဲ့အခါ ပယ်ထုတ်ရမှာ ၀န်မလေးတော့ပါဘူး။

၀င်လာတဲ့ အကုသိုလ်ကို ပယ်နည်းတွေက စာမှာအများကြီးရှိနေတာပါ။ နည်းအများကြီးထဲက ကိုယ့်အတွက် လွယ်တဲ့နှစ်နည်းလောက်ကို လက်ကိုင်ထားလိုက်ရင် ရပါတယ်။ အကုသိုလ်၀င်လာတဲ့အခါ ကိုယ့်အတွက် လွယ်တဲ့ ကိုယ်လက်ကိုင်ထားတဲ့နည်းနဲ့ပယ်ပယ်ထုတ်ထုတ်သွားဖို့ပါပဲ။ ၀င်လာတဲ့အကုသိုလ်ကို မပယ်ဘဲ မခွာဘဲ ဒီအတိုင်းထားလိုက်ရင် အကုသိုလ်က တိုးတိုးပွားပွားလာတာ များပါတယ်။ ကိုယ့်ရင်ထဲမှာ အကုသိုလ်တိုးလေ တိုးတိုးပြီး စိတ်ဆင်းရဲရလေလေပါပဲ။

လူတစ်ယောက်ဟာ စိတ်ချမ်းသာဖို့ သိပ်ပြီးအရေးကြီးပါတယ်။ စိတ်ချမ်းသာနေမှ လောကီအလုပ်ပဲလုပ်လုပ် လောကုတ္တရာအလုပ်ပဲလုပ်လုပ် အဆင်ပြေတာပါ။ စိတ်ဆင်းရဲနေတဲ့စိတ်ကို စိတ်နဲ့ပဲ ပြန်ကုရပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်နဲ့ အကုသိုလ်မှာ အကုသိုလ်မဖြစ်ဖို့က ပထမဦးစားပေးပါ။ ကုသိုလ်ဖြစ်ဖို့က ဒုတိယဦးစားပေးပါ။ ဆိုလိုတာက ကုသိုလ်မဖြစ်ရင်နေပါစေ၊ အကုသိုလ်မဖြစ်အောင်တော့ အထူးစောင့်ထိန်းရမှာပါ။

အကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။
ကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။
ဒီတော့ အကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကဘာလဲ၊ ကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်း အရင်းက ဘာလဲ။

စာပေအရပြောရရင်တော့ အယောနိသောမနသိကာရဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပါတယ်။ ယောနိသောမန သိကာရဖြစ်ရင် ကုသိုလ်စိတ်ဖြစ်ပါတယ်။

မြန်မာလိုပြောရရင်တော့ နှလုံးသွင်းမှားရင် အကုသိုလ်စိတ်ဖြစ်ပါတယ်။ နှလုံးသွင်းမှန်ရင် ကုသိုလ်စိတ် ဖြစ်ပါတယ်။ ဒါကိုထောက်ပြီး ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ဖြစ်ခြင်းဟာ ကိုယ့်အပေါ်မှာပဲ အဓိကကျနေပါတယ်။

ပတ်၀န်းကျင်က တစ်စုံတစ်ယောက်က ဘယ်လောက်ပဲ ဖောက်ပြန်တဲ့အမူအရာ ပြနေဦးတော့ ကိုယ့်မှာ ယောနိသောမနသိကာရ ရှိနေရင် အကုသိုလ်စိတ် မဖြစ်တော့ပါဘူး။ အေးဆေးပါပဲ။

လူသုံးယောက်ရှိပါတယ်။

ပထမတစ်ယောက်က ပင်ကိုယ်ပါရမီဓာတ်ခံ သိပ်အားကောင်းပါတယ်။ ဘယ်အာရုံဆိုးနဲ့ပဲတွေ့တွေ့ နှလုံးသွင်းမှန်နေတဲ့အတွက် သူ့ကိုကြည့်လိုက်ရင် ပြုံးပြုံး ပြုံးပြုံးနဲ့ပါ။ ဘာမှမဖြစ်ပါဘူး။ တွေ့ဖူးကြမှာပါ။
ဒုတိယတစ်ယောက်ကျတော့ ပင်ကိုယ်ဓာတ်ခံအားနည်းနေတဲ့အတွက် အာရုံဆိုးတစ်ခု တွေ့လိုက်ရတဲ့အခါ နှလုံးသွင်းမှားပြီး အကုသိုလ်စိတ် တန်းကနဲဖြစ်သွားပါတယ်။ ဒါပေမယ့် သူက နှလုံးသွင်းမှားတာကို ချက်ချင်းသိပြီး ကိုယ့်ကိုယ်ကိုယ့် နှလုံးသွင်းမှန်အောင် ပြန်ပြီး ပြုပြင်ဆင်ခြင်ပြီး ယူပါတယ်။

နှလုံးသွင်းမှားမှုကြောင့် အကုသိုလ်စိတ်တွေတော့ ဖြစ်လိုက်ပါတယ်။ ဖြစ်ပေမယ့် ပြန်ပြုပြင်ယူလိုက်တော့ အကုသိုလ်စိတ်ဟာ ရင်ထဲမှာ အခိုက်အတန့်ပဲဖြစ်ပါတယ်။ ဖြစ်ကြောရှည်မနေတော့ပါဘူး။

တတိယတစ်ယောက်ကျတော့ အာရုံဆိုးတစ်ခုကို တွေ့လိုက်ရတဲ့အခါ နှလုံးသွင်းမှားမှုကြောင့် အကုသိုလ် စိတ်တွေ ၀င်လာပါတယ်။

ကိုယ်နှလုံးသွင်းမှားလို့ အကုသိုလ်စိတ်ဖြစ်နေတာကို မသိတော့ဘဲ တစ်ဖက်က အာရုံဆီကိုပဲ စိတ်ကရောက် နေပြီး အကုသိုလ်စိတ်တွချည်း ဆက်ကာဆက်ကာ ဖြစ်နေတော့တာပါ။

”သူကငါ့ကို ဘယ်လိုပြောလိုက်တာ၊ ငါကလည်း ဘယ်လိုပြန်ပြောလိုက်တာ၊ အဲဒီအချိန်မှာ သူက အင်္ကီျပန်းရောင်လေး ၀တ်ထားတယ်၊ ငါက လှေကားလက်တန်းလေးကိုကိုင်ထားတယ်” စသည်ဖြင့် ဖြစ်ပျက်သမျှ တွေကို အသေးစိတ်ပြန်ပြင်ယောင်ပြီး ထပ်ကာထပ်ကာ တွေးတွေးပြီး ခံစားနေတော့တာပါ။ ဒီလိုပါပဲ နောက်ရက် တွေမှာလည်း တွေးချိန်ရောက်လာတာနဲ့ "သူကငါ့ကို ဘယ်လိုပြောလိုက်တာ" စသည်ဖြင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးတော့တာပါ။ ဖြစ်စတုန်းက ဒီလောက်မဟုတ်ပေမယ့် တွေးပါတွေးပါ များများလာတော့ အတွေးက အကုသိုလ်စိတ်ကို ပိုပိုတိုးတိုးသွားစေတော့တာပါ။

ကြာလာတော့ အာရုံဆိုးတစ်ခုတွေ့လို့ မကျေနပ်စိတ်ကို ပြန်ပြန်တွေးတတ်တဲ့ အထုံက ကိုရီးယားကား စွဲသလို စွဲသွားတော့တာပါ။ အေးအေးဆေးဆေး အနားယူရမယ့် အချိန်မှာတော့ အတွေးက အားထုတ်စရာမလိုဘဲနဲ့ ပေါ်လာတော့တာပါ။

ဒီတော့ စိတ်ဆင်းရဲရပြန်ရော။

ကိုယ့်က တွေးတွေးပြီး စိတ်ဆင်းရနေရတဲ့အချိန်မှာ ဟိုတစ်ဖက်သားက သိတောင်သိမှာမဟုတ်ပါဘူး။
လူသုံးမျိုးထဲမှာ ကိုယ်က ပထမအမျိုးအစားထဲမှာ မပါရင်တောင် စိတ်ကို ပြန်ပြုပြင်ယူတဲ့ ဒုတိယ အမျိုးအစားထဲမှာ ပါအောင်တော့ ကြိုးစားရပါမယ်။

တကယ်လို့ တတိယအမျိုးအစားထဲမှာပါတယ်ဆိုရင်လည်း ဘာမှ အားငယ်စရာမလိုပါဘူး။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် လေ့ကျင့်ယူရင် ရတာပါပဲ။ အလေ့အကျင့်များလာတဲ့အခါ ဒုတိယအမျိုးအစားထဲမှာ ၀င်လာမယ်။ နောက် ဆက်လေ့ကျင်တဲ့အခါ ပထမအမျိုးအစားထဲမှာတောင် မယုံကြည်နိုင်လောက်အောင် ၀င်သွားတော့တာပါ။

အဲဒီ အထုံပါရမီဓာတ်ဟာ နောက်ဘ၀အထိပါ ဆက်ပါသွားတော့မှာပါ။

၀င်လာတဲ့ အကုသိုလ်ကို ပယ်တတ်သလို ပယ်ပယ်ပြီး နှလုံးသွင်းမှန်အောင်နေမယ်။ ကုသိုလ်လေးတွေ ဆက်ကာဆက်ကာ ပြုပြုပေးပြီး နေသွားမယ်ဆိုရင်တော့ စိတ်ဆင်းရဲလည်း ခဏသာ စိတ်ဆင်းရဲပြီး ကိုယ့်ရဲ ့ စိတ်ကလေးက အချိန်များများ စိတ်ချမ်းသာနေတော့မှာပါ။

အဲဒီစိတ်ချမ်းသာတဲ့စိတ်ကလေးနဲ့ ၀ိပဿနာတရား အားထုတ်ဖြစ်လိုက်မယ်ဆိုရင်တော့…။

ဒါက အကုသိုလ်စိတ်၀င်လို့ သိပ်စိတ်ဆင်းရဲနေတဲ့ သူအတွက် ပြောတာပါ။ အဲဒီလောက်လည်း ကိုယ်က အကုသိုလ်စိတ်မ၀င်ဘူး။ အဲဒီလောက်လည်း အရမ်းကာရော စိတ်ဆင်းရဲမနေဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကလေး အမြဲ ငြိမ်းအေးနေချင်တယ်ဆိုရင်တော့ နည်းတစ်မျိုးနဲ့ ထုံပွားကြည့်ရအောင်ပါ။

ဒီတော့ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ..?

စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲကို လောဘ၊ ဒေါသ၊ ဣသာမစၧရိယ၊ ရာဂ၊ တဏှာ စတဲ့ အကုသိုလ်တရားတွေ ၀င်လာလို့ပါ။ ဒီသဘောကို ကိုယ်က အရင် သဘောပေါက်ထားလိုက်ပါ။

ဒီတော့ မနက်အိပ်ယာထ နိုးတာနဲ့ "ငါ ဒီနေ့ သတိပဋ္ဌာန်ရယ်၊ နမောတဿရယ်နဲ့ ငါ့စိတ်ကလေးကို ငြိမ်းအေးအောင် နေမယ်" လို့ သုံးခါလောက် စိတ်ထဲကနေ အဓိဋ္ဌာန်လိုက်ပါ။

အိပ်ရာထကတည်းက သတိပဋ္ဌာန်လေးနဲ့ ထလိုက်ပါ။ ရေချိုးခန်း၀င်တာ၊ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ မျက်နှာသုတ်တာ၊ ခြေလှမ်းလှမ်းတာ၊ ခြင်ထောင်သိမ်းသာ၊ စောင်ခေါက်တာ၊ မီးဖိုချောင်၀င်တာ စသည်တွေကို သိသိနေလိုက်ပါ။

တကယ်လို့ မှတ်ရတာ ကြာလလို့ နည်းနည်းငြီးငွေ့လာရင် နမောတဿကို လှည့်ပွားနေလိုက်ပါ။ နမောတဿ ပွားလို့ အားရလာတဲ့အခါ သတိပဋ္ဌာန်ကို ပြန်မှတ်ပါ။ သတိပဋ္ဌာန်လေးနဲ့ နေလိုက်၊ နမောတဿလေးနဲ့ နေလိုက်နဲ့ သေချာ သတိကပ်ပြီး နေနေလိုက်ပါ။

သတိပဋ္ဌာန်လေးနဲ့ နေနေတဲ့အချိန်၊ နမောတဿပွားနေတဲ့အချိန်လေးမှာ လောဘ၊ ဒေါသ စတဲ့ အကုသိုလ် တရားတွေ မ၀င်ပါဘူး။ အဲဒီ အကုသိုလ်တရားတွေ မ၀င်ရင် စိတ်ကလေး ငြိမ်းအေးနေတော့တာပါ။

တစ်နေ့လုံး မကျင့်နိုင်ရင်တောင် မနက်ပိုင်းလေးမှာတော့ အချိန်လေးသတ်မှတ်ပြီး ကျင့်ကြည့်စေချင် ပါတယ်။ ကျင့်စမှာ နည်းနည်းခက်ချင် ခက်မယ်။ ကျင့်ပါများလာရင်တော့ မှတ်ရ ပွားရတာ လွယ်သွားပါလိမ့်မယ်။

၀ိပဿနာဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ တွေ့မြင်ပါမှ ၀ိပဿနာ စစ်စစ်ဖြစ်တာပါ။ ဒါပေမယ့် သွားရင်သွားတယ်လို့ သိနေတဲ့အချိန်မှာ သောက်ရင်သောက်တယ်လို့ သိနေတဲ့အချိန်မှာ သတိဖြစ်နေတဲ့အတွက် အကုသိုလ်စိတ်ကလေးတွေက မ၀င်ပါဘူး။ မ၀င်တဲ့အတွက် စိတ်ကလေးက ငြိမ်းအေးနေတော့တာပါ။ ဒီလောက် ဆိုရင်ပဲ ကိုယ့်အတွက် တော်တော်လေးဟုတ်နေပါပြီ။

ဒါလေးကို စမ်းပြီးတော့ ကျင့်ကြည့်စေချင်ပါတယ်။ စိတ်ကလေး ငြိမ်းအေးနေစေချင်လို့ပါ။ သိပ်ပြီး ခက်လှတဲ့ ကျင့်စဉ်လည်း မဟုတ်ပါဘူး။

တချို့ စိတ်ဆင်းရဲမှုတွေဟာ တွေးလို့ ဖြစ်ရတာပါ။ တွေးတာက ကြာလာရင် အကျင့်ပါသွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဆင်းရဲစရာတစ်ခု တွေးမိလိုက်တာနဲ့ "တွေးတယ်၊ တွေးတယ် "လို့ မှတ်ချက်လိုက်ပါ။ "တွေးတယ်၊ တွေးတယ် " လို့ သိချလိုက်ပါ။ မှတ်ရတာ ကိုယ့်အတွက် သိပ်ခက်နေရင်လည်း နမောတဿကို အားရသလောက် ပွားချပစ်လိုက်ပါ။ မတွေးမိအောင်လည်း အကျင့်လုပ်ထားလိုက်ပါ။

သေရင်တောင် အားလုံးကို ထားခဲ့ရဦးမှာဆိုတော့ သေခြင်းတရားနဲ့ ယှဉ်လိုက်ရင် ကျန်တဲ့ စိတ်ညစ်စရာ ဆိုတာတွေက ဘာမှ မဟုတ်တော့ပါဘူး။

လူတော်တော်များများဟာ ပူလောင်နေကြတာများပါတယ်။ တချို့ ပစ္စည်ဥစ္စာတွေ သိပ်ချမ်းသာကြတာပါပဲ။ ဒါပေမယ့် သူတို့ဟာလည်း ပူလောင်နေကြတာပါပဲ။
စိတ်ပူလောင်လာရင် သက်သာလို သက်သာငြား ထင်မိထင်ရာ အကုသိုလ်တွေကို လုပ်ချလိုက်ကြပါတယ်။ ဒါဆိုရင် သံသရာအတွက်ပါ ကြောက်စရာကောင်းသွားရပါတယ်။

လူနှစ်မျိုးရှိပါတယ်။

စိတ်ပူလောင်နေလို့ သတိပဋ္ဌာအားထုတ်တဲ့သူရယ်။
ပင်ကိုယ်အားဖြင့် စိတ်ကအေးနေပေမယ့် အမြဲစိတ်ကလေးအေးနေဖို့ သတိပဋ္ဌာန်တရား အားထုတ်တဲ့ သူရယ်။

ဒီတော့ စိတ်ညစ်ရင်လည်း သတိပဋ္ဌာန်တရား အားထုတ်ရမှာပါ။ စိတ်ချမ်းသာရင်လည်း ဆက်ပြီး စိတ်ချမ်းသာဖို့ သတိပဋ္ဌာန်တရားပဲ အားထုတ်ရမှာပါပဲ။

တစ်ခါတုန်းက ပစေ္စကဗုဒ္ဓါလောင်းတစ်ပါးဟာ ကဿပဘုရားရှင်ရဲ့ သာသနာမှာ အနှစ် နှစ်သောင်း ရဟန်းတရားကို အားထုတ်ပြီး ကွယ်လွန်တဲ့အခါ ဗြဟ္မာ့ပြည်မှာ ဖြစ်ရပါတယ်။ ဗြဟ္မာ့ပြည်ကနေ စုတေတဲ့အခါ ကျတော့ ဗာရာဏသီပြည် မိဖုရားကြီးရဲ့ ၀မ်းမှာ ၀င်စားပါတယ်။

ဗြဟ္မာ့ပြည်ကလာတာဆိုတော့ မင်းသားငယ်ဟာ မိန်းမတွေကိုင်တာ မကြိုက်ပါဘူး။ ရေချိုးတာပြုတာ ကိုလည်း ယောကျ်ားတွေကပဲ ပြုပေးရပါတယ်။ နို့တိုက်တာတောင် မိန်းမတွေက ယောကျ်ားအသွင်၀တ်ပြီး တိုက်ရပါတယ်။ မိန်းမတွေရဲ့ အနံ့အသက်ကိုတောင် အလိုမရှိတဲ့အတွက် အနိတၳိဂန္ဓလို့ အမည်ပေးထားကြပါတယ်။

အရွယ်ရောက်လာတဲ့အခါ နန်းတွင်းကချေသည်တွေနဲ့ ချော့မြူဖြားယောင်းပေမယ့် မရပါဘူး။ သင့်တော်တဲ့ မင်းသမီး တစ်ပါးပါးနဲ့ လက်ထပ်ဖို့ တိုက်တွန်းတာကိုလည်း လက်မခံပါဘူး။

တိုက်တွန်းပါများလာတော့ မင်းသားငယ်က အလွန်လှတဲ့ မိန်းမရွှေရုပ်တစ်ခုကို ထုစေပြီး "ဒီလောက်လှတဲ့ မိန်းမကို ရရင် ယူမယ်" လို့ ပြောလိုက်ပါတယ်။

အမှန်တော့ မရနိုင်လောက်ဘူးထင်ပြီး မိန်းမမယူချင်လို့ ပြောလိုက်တာပါ။

အမတ်တွေ ရွှေရုပ်ကိုင်ပြီး ရှာကြတော့ မဒ္ဒရာဇ်တိုင်း၊ သာဂရမြို့ က ဘုရင့်ရဲ့ သမီးတော်ကို ရခဲ့ပါတယ်။

ရလျှင်ရခြင်းပဲ အမတ်တွေက မင်းသားငယ်ဆီကို ရွှေရုပ်နဲ့ တူတဲ့ မင်းသမီးရပြီလို့ သတင်းပို့လိုက်ပါတယ်။ ဒီသတင်းကြားလိုက်ရုံနဲ့တင် မမြင်ရသေးဘဲ မင်းသမီးအပေါ် ချစ်ခင်မှုရာဂတွေ ဖြစ်လာပါသတဲ့။ အဲဒီ ရာဂနှိပ်စက်မှု ကြောင့်ပဲ ရထားတဲ့ပထမဈာန်လည်း လျှောကျသွားပါသတဲ့။ မင်းသာငယ်ဟာ နေမထိ ထိုင်မသာနဲ့ တမန်စေလွှတ်ပြီး မြန်မြန်ခေါ်ခဲ့ဖို့ မှာပါသတဲ့။ ခေါ်လာရင်း မြို့ အပြင် နန်းတော်နားရောက်ခါနီးမှာပဲ မင်းသမီးလေးက ကွယ်လွန်သွား ပါသတဲ့။

ဒီသတင်းလဲကြားရော မင်းသားငယ်မှာ မဟာသောက ဖြစ်ရပါတော့တယ်။

ဒါပေမယ့် မင်းသားငယ်က ပါရမီပါခဲ့သူဆိုတော့ ဖြစ်နေတဲ့ သောကရဲ့ အပြစ်ကို တူးဖြိုဖို့ အားထုတ်ပါ တော့တယ်။

ဒီတော့ မင်းသားငယ်က ဆင်ခြင်ပါတယ်။ "ဒီသောကဟာ ပဋိသနေ္ဓမနေတဲ့သူမှာ မဖြစ်ဘူး၊ ပဋိသနေ္ဓ နေတဲ့သူမှာသာ ဖြစ်ရတာ၊ ဇာတိတရားဟာ ဘ၀ကို စွဲဖြစ်တာပဲ" လို့ ရှေးက အားထုတ်ခဲ့ဖူးတဲ့ ဘာ၀နာရဲ့ အစွမ်းနဲ့ ဆင်ခြင်ပါတယ်။ ဆင်ခြင်တဲ့အခါ အပြန်အလှန် ပဋိစ္စသမုပ္ပါဒ်ကို မြင်ပြီး ၀ိပဿနာတရား ဆက်ရှုမှတ်လိုက်တာ ပစေ္စကဗုဒ္ဓါအရှင်မြတ် ဖြစ်သွားပါတော့တယ်။

(သုတ္တနိပါတ်အဋ္ဌကထ၊ ပထမတွဲ၊ နှာ ၆၀၊ ၆၁၊ ၆၂)

မင်းသားငယ်ဟာ သောကတော့ ဖြစ်လိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ သောကကို ပြန်သိလိုက်ပါတယ်။ သိတဲ့အခါ တရားသဘောနဲ့ ပြန်ဆင်ခြင်ပါတယ်။ ဆင်ခြင်လိုက်တဲ့အခါ ဖြစ်နေတဲ့သောကက ပျောက်သွားပါတယ်။ ဆင်ခြင်လို့ ရရှိတဲ့ တရားသံေ၀ဂအသိကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ပွားပါတယ်။ နောက် ပစေ္စကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တစ်ကွက်ချင်း၊ တစ်ကွက်ချင်း ဖြစ်ဖြစ်သွားပုံလေးက သက်ရှိ တကယ့် တီဗွီဇာတ်လမ်းလေး တစ်ခုလိုပါပဲ။ သိပ်အားကျဖို့လည်း ကောင်းတာပါ။ သောကတော့ ဖြစ်လိုက်ပါတယ်။ ဖြစ်လာတဲ့သောကကိုပဲ အခြေခံပြီး အမြတ်ဆုံးပန်းတိုင်တစ်ခုကို ရောက်အောင် လှမ်းတက်လိုက်တာပါ။

ဒီတော့ ကိုယ်သောကဖြစ်လာတဲ့အခါ ပါရမီမပြည့်သေးလို့ တရားထူးမရသေးဦးတော့ ဖြစ်နေတဲ့သောကကို ပထမ သိလိုက်ရပါမယ်။ သိတာနဲ့ သောကဖြစ်ကြောမရှည်အောင် တစ်နည်းနည်းနဲ့ ဖြတ်ချလိုက်နိုင်ရပါမယ်။

ဘယ်သူပဲဖြစ်ဖြစ် စိတ်ချမ်းသာချင်တဲ့သူချည်းပါပဲ။ စိတ်မချမ်းသာချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် တချို့ ကျတော့ မိသားစုကာမဂုဏ်အာရုံထက်ကျော်လွန်ပြီး ပညာရှိတွေကဲ့ရဲ့ တဲ့ လောကပြစ် ဓမ္မပြစ်သင့်စေတဲ့ တဏှာနဲ့ပဲ စိတ်ချမ်းသာမှုကို ရှာကြတာပါ။ တချို့ ကျတော့ တရားနဲ့ပဲ ရှာကြတာပါ။

တဏှာနဲ့ ရှာတဲ့အခါ အခိုက်အတန့်တော့ စိတ်ချမ်းသာသလို ထင်ရပေမယ့် နောက်တော့လည်း စိတ်ဆင်းရဲရတာပါပဲ။ ကာမဂုဏ်အာရုံတွေနောက်ကိုလိုက်နေတဲ့သူဟာ ဘယ်တော့မှ စိတ်မချမ်းသာနိုင်ပါဘူး။ နောက်ဆုံး စိတ်ဓာတ်တွေကျပြီး လုပ်မိလုပ်ရာတွေလုပ်ရင်း ပျက်စီးသွားရတော့တာပါ။ ကာမဂုဏ်နောက်ကို လိုက်နေတဲ့သူဟာ "တရားသံ" ကြားရင် သိပ်နားခါးတာပါ။ ဒါက တရားရဲ့ အရသာကို မသိသေးလို့ပါ။ နောက်ဆုံး စမ်းကြည့်တဲ့အနေနဲ့ ရိပ်သာတစ်ခုခုမှာပေတေပြီး ဆယ်ရက်လောက် ၀င်ပစ်လိုက်စမ်းပါ။ ကိုယ့်မှာ တရားပါရမီ ပါမလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ တကယ် တရားအရသာကို သိသွားတဲ့အခါ ကိုယ်တစ်ချိန်က အပျော်လိုက်ခဲ့ တာတွေကိုတောင် ရှက်ပြီးရင် ရှက်နေတော့မှာပါ။

တကယ်တော့ "ဘ၀ကို ဘယ်လိုနေမလဲ" ဆိုတဲ့ မေးခွန်းကို မကြာခဏ စဉ်းစားရမှာပါ။ စဉ်းစားတဲ့အခါ တရားနဲ့ မနီးစပ်တဲ့သူကျတော့ တရားကိုဖယ်ပြီး စဉ်းစားလိုက်တာပါ။ ဒီတော့ အဓိကမကျတာတွေဘဲ အာရုံညွတ်ချ လိုက်တော့တာပါ။ စဉ်းစားတဲ့အခါ တရားနဲ့ ယှဉ်ပြီး စဉ်းစားနိုင်ရပါမယ်။ ဒါမှ အမှန်ဆီကို ပို့ပေးနိုင်တာပါ။

ကိုယ့်အတွက်အားကိုးရာ မြတ်စွာဘုရားဟောကြားထားတဲ့ တရားတော်တွေရှိတယ်ဆိုတာ သိထားပေး လိုက််စမ်းပါ။ တရားတော်တွေထဲမှာ လောကီကြီးပွားရေးတွေကော၊ လောကုတ္တရာ ကြီးပွားရေးတွေကော အပြည့် အစုံဟောထားတာပါ။

ဒီစကားတွေပြောတော့ အဲဒီစာရေးနေတဲ့သူကကော တရားတွေ ဘယ်လောက်ရှိနေလို့လဲလို့ မေးချင် မေးစရာပါ။ ဘယ်လောက်မှ မရှိပါဘူး။ အပူတချို့ နဲ့ တစ်ခါတလေ ကြုံရတတ်လို့ ကိုယ်ချင်းစာစိတ်နဲ့ တရားနည်း မျှေ၀တာပါ။ စိတ်ညစ်တဲ့အခါ တရားနဲ့ထွက်ပေါက်ရှာနိုင်အောင်လို့ပါ။ လောကရဲ့ မမြဲတဲ့သဘောတွေကို ဉာဏ်ဖြစ်ပြီး မသိဦးတော့၊ ဆင်ခြင်သိနဲ့ သိလိုက်နိုင်တယ်ဆိုရင်ပဲ တော်တော်လေး ဟုတ်သွားပါပြီ။
ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့။ သတိပဋ္ဌာန်ရှိပါတယ်။

အလင်းတန်းဂျာနယ်

No comments