New Artical

ပေါက်ပင်ကိုင်းကိုင်း (မစန္ဒာ)


 ပေါက်ပင်ကိုင်းကိုင်း (မစန္ဒာ)
--------------------------

"ဟွန်း တစ်ခါလာလည်း ကန်စွန်းရွက်ကြော်။ နှစ်ခါလာလည်း ကန်စွန်းရွက်ကြော်။ ငါ့ဗိုက်ထဲမှာတော့ ကန်စွန်းခင်းကြီး ဖြစ်နေလောက်ပြီ ထင်ပါရဲ့"

ကိုရေခဲက ထမင်းစားပွဲဝိုင်းပေါ်တွင် တင်ထားသော ကန်စွန်းရွက် ပန်းကန်ကို ငုံ့ကြည့်ရင်း စိတ်ထဲတွင် မအီမသာ ဖြစ်သွားသည်။

"ဆီကလေး နိုင်နိုင်နဲ့ ကြော်ထားတာဆို ဟုတ်သေးရဲ့။ ခုတော့ ဟူး"

ကိုရေခဲသည် သက်ပြင်းတစ်ချက်ကို ကြိတ်၍ ချမိစဉ် မစိန်မြက ငပိရည် ဇလုံလေးကို စားပွဲပေါ်သို့ လှမ်းတင်လိုက်သည်။

"ရှင်စိန်မြတို့ ငပိရည်ကတော့ ကျဲသလား မမေးနဲ့။ နောက်ပြီး ငရုတ်သီးမှုန့်ကလည်း နည်းသေး။ တို့စရာကျတော့ လာပါလိမ့်မယ်။ သခွါးသီး သုံးလေးစိတ်။ တစ်ယောက်ကို တစ်စိတ် ခွဲတမ်းနဲ့ စားရမှာ"

ဝမ်းဗိုက်ထဲတွင် ဟာကာ ဆာနေသော်လည်း ကိုရေခဲသည် စားချင်သောက်ချင်စိတ် ကုန်ခန်းနေသည်။ သူ့လျှာက ဆီပြန်ဟင်းလေး တစ်ခွက်လောက်ကို တောင့်တနေသည်။ ဒါမှ မဟုတ်ရင်လည်း ခရမ်းချဉ်သီး ငပိချက်ကို ဆီစိုစိုလေး ချက်ပြီး နယ်ဖတ် စားချင်သည်။ နောက်ဆုံး ငပိရည်နဲ့ စားရစေဦး။ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်းတို့ကို ရောနှောထောင်းကာ ဖျော်ထည့်ထားလျှင် စား၍ မြိန်မည် ထင်သည်။ တို့စရာ အဖြစ် တညင်းသီးပြုတ် စေးစေးကလေးနှင့် မချစ်စုသရက် ဝမ်းပျဉ်းကလေး ဆိုလျှင်

"ပြောရင်း ဆိုရင်း ဆာလိုက်တာ"

ကိုရေခဲက တွေးရင်း တံတွေးကို မြိုချလိုက်သည်။ တညင်းသီး ပေါ်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း မစိန်မြက တစ်ခါမျှ ဝယ်မလာဖူးသေးပေ။

"အမေကလည်းဗျာ ကန်စွန်းရွက်ကို ဘာလို့များ ဒီလောက် ကြိုက်နေရလဲ မသိပါဘူး။ နေ့တိုင်းနေ့တိုင်း ကန်စွန်းရွက်ပြီး ကန်စွန်းရွက်ပဲ"

ဆယ်နှစ်ကျော်ကျော် ရှိပြီဖြစ်သော သားအကြီးကောင် မောင်သံချောင်းက ထမင်းဝိုင်းတွင် လေးလေးတွဲတွဲ ဝင်ထိုင်ရင်း ညည်းညည်းညူညူ ပြောသည်။

"ကန်စွန်းရွက်က ဗီတာမင် ပါတယ်။ နင် ဘာသိလို့လဲ"
"အမေ့ ဗီတာမင်တွေကလည်း ဒီလောက် စားနေရတာတောင် ကျွန်တော်တို့မှာ ပိန်လို့"

အလတ်ကောင်က သူ့လက်မောင်းလေးကို မြှောက်ပြရင်း သွားကျိုးပေါက်လေး ပေါ်အောင် ရယ်နေသည်။

"တော်စမ်း ဗီတာမင်ဆိုတာ အားသာ ရှိတာ။ အဆီတိုးတာ မဟုတ်ဘူး။ နင်ဘာသိလို့ ဝင်ရှည်နေရတာလဲဟင်"

နှုတ်ရေး စကားတတ်လုပ်တော့ အလတ်ကောင်ရဲ့ ပါးစပ်ကို မစိန်မြက ဗီတိုအာဏာနှင့် ပိတ်လိုက်သည်။ ထို့နောက် ကန်စွန်းရွက်တစ်ဇွန်း ကော်ကာ သူ့ပန်းကန်ထဲ လှမ်းထည့်ပေးသည်။

"ရော့ စားချင်စား။ မစားချင်ရင်လည်း နေ။ အဲဒီ ကန်စွန်းရွက်ကို နင်မစားလဲ ကျန်နေမယ်တော့ မထင်နဲ့။ စားချင်တဲ့သူတွေမှ ပြည့်လို့"

ထမင်းကို ငပိရည်ကျဲ ဆမ်းကာ အားရပါရ စားနေသော နို့ညှာကောင်ကို အားကိုးစွာ လှမ်းကြည့်ရင်း မစိန်မြက ခပ်တင်းတင်း ပြောသည်။ နို့ညှာကောင်က အစားကောင်းသည်။ မည်သူမစားပဲ ကျန်ကျန် လှမ်းယူပြီး သူ့ပန်းကန်ထဲ လောင်းထည့်လေ့ရှိသူ ဖြစ်သည်။ သူမစားပဲ ကျန်မှ စားရသော ခွေးပိန်မ ခမျာမှာတော့ အခုတလော အငတ်ဘေးချည်း ဆက်တိုက် ဆိုက်နေတတ်သည်ကို မစိန်မြ သတိထားမိသည်။

"တစ်ခါတလေများ ဘဲဥလေး ၊ ကြက်ဥလေး ကြော်စမ်းပါလား အမေရာ"
"အောင်မာ ... ကိုယ်တော်လေး ဘဲဥ ၊ ကြက်ဥများ ရှင်က ပေါတယ် အောက်မေ့နေလို့လား။ ငါးမူး သုံးမတ်ခေတ် မှတ်နေလား"
"ဒီလိုဆို ငါးကြော်"
"အမလေး ငါးကြော် စားချင်ရင် နင် နဂိုကတည်းက ဘာလို့ ငါ့ဗိုက်ထဲ ဝင်လာရသလဲ။ အနာထပိဏ် ကတော်တို့ ၊ ဇောတိက ကတော်တို့ ဗိုက်ထဲ ဝင်ရတယ်ဟဲ့"
"ကလေးက စားချင်တာ တစ်ခါတလေများလည်း လုပ်ပြု ကျွေးလိုက်စမ်းပါလား မိန်းမရာ"

ဆေးပေါ့လိပ်ကလေး တငေါ့ငေါ့ ဖွာနေသော ကိုရေခဲက လေပျော့ပျော့ကလေးနှင့် ဝင်ပြောတော့ မစိန်မြသည် ကင်းအကိုက် ခံရသူလို ဆတ်ကနဲ ဖြစ်သွားသည်။

"ဒီမှာ ကိုရေခဲရေ ... ကျွန်မက အမေပါ။ ကိုယ့်သားသမီးကို ဘယ်သူ မကျွေးချင်ပဲ ရှိပါ့မလဲ။ ရှင်ကသာ လောက်အောင် ရှာပေးစမ်ပါ။ ကျွန်မလက်ထဲ ငွေတွေ အထပ်လိုက် ထည့်ပေးစမ်ပါ။ ဟင်း ... တစ်နေ့တစ်မျိုး မရိုးရအောင် အမျိုးမျိုး ချက်ကျွေးပါ့မယ် ကဲ"

မစိန်မြသည် လင်တော်မောင် ကိုရေခဲအား စိန်ခေါ်သော အကြည့်ဖြင့် လှမ်းကြည့်သည်။ ကိုရေခဲကတော့ ဘဏ္ဍာရေး ဝန်ကြီး၏ အစီရင်ခံစာကို မကြားလိုဟန်နှင့် ဆေးလိပ်ကို ဖိ၍ ဖွာသည်။

"ငပိရည်ဆိုလည်း ပုစွန်ခြောက်လေး၊ ကြက်သွန်ဖြူလေးနဲ့ ပြစ်ပြစ်ကလေး ဖျော်ရင် ကလေးတွေ ကြိုက်ကြမှာပါ"

ကလေးတွေ ဗန်းတင်ပြီး သူကြိုက်သည်ကို ပြောသည်။ သူ့အသံက ခပ်တိုးတိုး ခပ်ပျော့ပျော့နှင့် တိုးညှင်း နေသော်လည်း ဒေါသထွက်နေပုံ ရသည်။ သူ့လက်ထဲက ကြွေရည်သုတ် သံဇွန်းကို သံဇလုံထဲသို့ ဒေါသတကြီး ပစ်ထည့်လိုက်ရာ သံကိုသံချင်း ထိခတ်၍ ဒန်တန်တန်ဟု ကျယ်လောင်စွာ မြည်သွားသည်။

"အမေတော့ အဖေ့ကို ချဲတော့မယ်"

အလတ်ကောင်က ထမင်းစေ့များထဲတွင် ရောနှောနေကာ မျက်စ ပစ်နေသော စပါးလုံးများကို ရွေးမထုတ်တော့ပဲ အကုန်လုံး ကျုံးပြီး ပါးစပ်ထဲသို့ ထည့်သည်။ ပန်းကန်ထဲက ထမင်း မြန်မြန်ကုန်မှ ထမင်းဝိုင်းက မြန်မြန် ခွာနိုင်မည်။ ထမင်းဝိုင်းက မြန်မြန် ခွာနိုင်မှ အမေနှင့် ဝေးရာသို့ မြန်မြန် ရောက်မည်။

"ဟွန်း အမေက ကောင်းတာ မဟုတ်ဘူး။ အဖေ့ကို မကျေနပ်ရင် အခြောက်တိုက် ဘေးလှည့်ပြီး ရန်ရှာရော။ ဘေးကင်းချင်ရင် ဝေးဝေးနေမှ"

သူ့လိုပင် စိတ်ကူးမိကြသော အကြီးကောင်နှင့် နို့ညှာကောင်သည်လည်း ထမင်းကို ခပ်သွက်သွက်စားပြီး ခပ်မြန်မြန် ထပြေးရန် တာစူနေကြသည်။

"ကလေးတွေ မသိတတ်ရင် ထားပါတော့။ အခုတော့ အဖေကပါ တစ်မျိုး။ ပုစွန်ခြောက် စားချင်ရအောင် ရှင်က ရှင့်ကိုယ်ရှင် ဒေါ်လာ ရှာနိုင်တယ်လို့များ ထင်နေလို့လားဟင်"
"ဒေါ်လာ မရှာနိုင်လို့ ငပိရည်ဖျော်လောက်ပဲ ပြောတာပေါ့ကွ"

ကိုရေခဲကလည်း ခပ်ဆတ်ဆတ် ပြန်အော်သည်။ မစိန်မြကို မကြည့်စဖူး ခပ်စူးစူး ပြန်ကြည့်ကာ အာခံလိုက်သည်။

"ဒီမိန်းမ ရူးနေပြီလား မသိဘူး။ တစ်ခါလာ ဒေါ်လာ။ နှစ်ခါလာ ဒေါ်လာ။ သူ့အသက်များ ငယ်ဦးမယ် ၊ ချောဦးမယ် ဆိုရင် ငါ့ကိုပစ်ပြီး ဒေါ်လာသမားနောက် လိုက်ပြေးမလားမသိဘူး" ဟုတွေးရင်း ဒေါသထွက်နေသည်။

"ဆန်ဈေး ဆီဈေးကို ရှင် သိတယ် မဟုတ်လား"

မစိန်မြက ဆန်သိုင်းကို စတင်သုံးကာ တိုက်စစ်ဆင်သည်။

"တစ်နေ့တစ်နေ့ ဆန်ဖိုးချည်းပဲ ဘယ်လောက် ကုန်နေလဲ ရှင်သိရဲ့လား။ ဟော့ဟိုမှာ ရှင်ကြီးကြောင့် လူဖြစ်လာတဲ့ သတ္တဝါလေးတွေက ငါးကောင်။ သူတို့ မွေးထားတဲ့ ခွေးပိန်မက တစ်ကောင်။ ကျုပ်တို့ လင်မယားနဲ့ ပေါင်းတော့ ခုနှစ်ကောင်။ အဲ ... အဲ ... ခုနှစ်ယောက်နဲ့ တစ်ကောင်"

ခွေးပိန်မဟု အသံကြားတော့ အိမ်နောက်ဖေး လှေကားထစ်တွင် ဝပ်ကာ မှိန်းနေသော ခွေးပိန်မက မသိမသာ မျက်လုံး ကျယ်သွားသည်။ ခေါင်းထောင်ပြီး အမြီးကို တစ်ချက်နှစ်ချက် ယမ်းလိုက်ရာ သူ့ဘေးတွင် အဝတ်ရုပ်ကလေး ပိုက်ပြီး ငုတ်တုပ်ထိုင်နေသော အလတ်မ၏ လက်မောင်းကို ဆတ်ကနဲ ဆတ်ကနဲ ရိုက်မိသည်။

"ဟဲ့ ... မိပိန် ငြိမ်ငြိမ်နေစမ်း။ ဒီမှာ ကလေး နိုးသွားမယ်"

အလတ်မက ပုံပန်းမကျလှသော အဝတ်ရုပ်ကလေးကို ပုတ်ကာ

"အို ... အေ ... အေ ... အိပ်ပါ ညီမလေးရယ်" ဟု ချော့သည်။ သူက အဖေနှင့် အမေ၏ ရန်ပွဲကို တွေ့ဖူးလှပြီမို့ လုံးဝ စိတ်မဝင်စား။ သူ့စိတ်ကူးထဲမှ သူစားချင်သမျှ၊ ကြားဖူးသမျှကိုသာ သူ့အရုပ်ကလေးအား ကျွေးရန် လုံးပမ်းနေသည်။

"ညီမလေး ဆာရင် နွားနို့သောက်လေ။ အို နွားနို့ မကြိုက်ဘူးလား။ ဒါဆို အိုဗာတင်း သောက်နော်။ မမ ဖျော်ပေးမယ်"
"အဲဒီဆန်ကို ထမင်းဖြစ်အောင် ချက်ရတဲ့ မီးသွေးဈေးကိုရော ရှင် သိရဲ့လား"

သမီးအသံ ချိုချိုပျော့ပျော့လေးက သူ့အမေ၏ ဒေါသသံ ကြမ်းကြမ်းနှင့် ပြိုင်ထွက်လာသည်။ ကိုရေခဲဆီကတော့ ဘာသံမျှ ထွက်မလာ။ ထမင်းကုန်သွားပြီ ဖြစ်သော အလတ်ကောင်က ထမင်းဝိုင်းမှ အရင်ဆုံး ထပြေးသည်။ ပန်းကန်ဆေးသော နေရာတွင် လက်ကို ရေကလေး တစ်ချက်နှစ်ချက် ပက်ဆေးကာ အိမ်ရှေ့ခန်းသို့ ခပ်သုတ်သုတ် ရှောင်တိမ်းသွားသည်။

"အမေ့ ... ဆာတယ်"
ထိုစဉ် သုံးနှစ် မပြည့်တတ်သေးသော အငယ်ဆုံး အကောင်က မီးဖိုထဲ လှမ်းဝင်လာ၍ ကိုရေခဲ ကံကောင်းသွားသည်။ တိုက်စစ်မှူး မစိန်မြ ထမီစကို ဆွဲကာ သားငယ်က ပူဆာသည်။

"ဆာရင် စားလေ ... သားရဲ့"

မစိန်မြက ပိန်မြှောင်းမြှောင်း သားထွေးကလေးကို ကရုဏာ ပိုတတ်သည်။ အကြီးများကို ဟဲ့အကောင်၊ ဟဲ့ကောင်မနှင့် နှုတ်ကြမ်းလေ့ ရှိသော်လည်း အငယ်ဆုံးလေးနှင့် ကျလျှင် လေသံက နှစ်ပတ်သုံးပတ်လောက် လျော့သွားတတ်သည်။

"ဂျွန်းရွက် စားချင်ဘူး"
"ဒီလိုဆို အာလူး စားမလား။ အမေ မီးဖုတ်ကျွေးမယ်"
"ဆီ အများကြီး ဆမ်းပေး"
"အေးပါဟယ် အေးပါ"

မစိန်မြက ဆီသိုင်း၊ ဆန်သိုင်း၊ မီးသွေးသိုင်း၊ ဆပ်ပြာသိုင်းတွေကို တရစပ်သုံးကာ တိုက်စစ်ဆင်ရန် သတိမရတော့ပဲ ခြင်းတောင်းထဲမှ တစ်လုံးတည်း ကျန်သော အာလူးကို လှမ်းယူလိုက်သည်။ ထို့နောက် မီးအရှိန် မသေသေးသော မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ အာလူး ငါးဆယ်သားကို ငွေအစိတ်ပေးပြီး သူကိုယ်တိုင် ဝယ်ခဲ့ရသည်မို့ ကိုရေခဲက အာလူးဈေးကို သိသည်။ သင်္ချာ မတော်လှသော်လည်း ငွေအစိတ်ကို အာလူး ဆယ့်သုံးလုံးနှင့် စားကြည့်ပြီး အာလူး တစ်လုံးကို ငွေနှစ်ကျပ်လောက် တန်ကြောင်း သူ သိထားပြီး ဖြစ်သည်။

"တစ်နေ့တုန်းက အာလူးကို အချဉ်နဲ့ ဆီကျန် ရေကျန်လေး ချက်ပြီး မဆလာလေး အုပ်ပေးတုန်းကတော့ စားလို့ကောင်းသား။ သူလည်း တတ်သလောက် မှတ်သလောက်တော့ စားကောင်းအောင် ချက်ရှာပါတယ်လေ"

အာလူး ဟင်းလေးကို သတိရမိ ပြန်တော့ ကိုရေခဲက စိတ်ပျော့ကျ သွားသည်။ သူတို့တတွေ စားနေသည်ကို တပြုံးပြုံးနှင့် ကြည့်နေပြီး သူကိုယ်တိုင်ကျတော့ အကြွင်းအကျန်လေးများကို ပန်းကန်ထဲ စုထည့်ပြီး နယ်ဖတ်စားခဲ့သော မိန်းမကို သနားသွားသည်။

"အမေ ပဲဟင်း မချက်တော့ဘူးလား"

သူ့အမေမျက်နှာ ပျော့နေတုန်း အကြီးကောင်က အခွင့်ကောင်း ယူကာ ပြောသည်။

"ပဲတွေက ဈေးတက်တယ် သံချောင်းရဲ့။ နောက်ပြီး မီးသွေးက သိပ်ကုန်တာ"
"ဟိုတစ်ခါတုန်းက ကုလားပဲကို ဆိတ်ရိုးနဲ့ ချက်တုန်းက စားလို့ ကောင်းလိုက်တာဗျာ"

ထိုနေ့ကလည်း သူတို့တစ်အိမ်လုံး ထမင်းစား မြိန်ကြသည်။ ထမင်းကို ပဲဟင်းဆမ်းပြီး အားရပါးရ စားလိုက် ချဉ်ဆီရိုး စုပ်လိုက်နှင့် တစ်ပျော်တစ်ပါးကြီး ဝိုင်းဖွဲ့၍ စားခဲ့ကြသည်။ သူတို့သာမက မိပိန်ပါ ပျော်ခဲ့ရသည်ကို အားလုံး မှတ်မိနေသည်။ ချဉ်ဆီကုန်ကာ ပြောင်နေသော အရိုးများပင် ဖြစ်သော်လည်း မိပိန်ခမျာ တမက်တမောနှင့် ကိုက်၍ မဆုံးနိုင်အောင် ရှိခဲ့လေသည်။

"မွှေးလိုက်တာ"

အာလူး မီးဖုတ်နံ့က သင်းပျံ့လာသည်။ ကိုရေခဲလည်း ထမင်း ပိုဆာလာသည်။

"အဲဒီ ပဲဟင်းလေးများ ခုနေ စားလိုက်ရရင် ... ဟီး ..."

နို့ညှာကောင်ကပါ ဝင်ပြောတော့ မစိန်မြမျက်နှာ အတန်ငယ် ညှိုးသွားသည်။

"ဆိတ်ချဉ်ဆီကလည်း တစ်ခါတလေမှ ရတာဟ။ ငါက အသားမဝယ်ပဲ အရိုးချည်းပဲ ဝယ်တော့ ကုလားကလည်း ရောင်းချင်ရဲ့လား မသိ"

မစိန်မြက နောက်ဆက်တွဲစကားကို ဆက်မပြောပဲ ရပ်လိုက်သော်လည်း စိတ်ကတော့ ဆက်မတွေးပဲ မနေနိုင်။

"ဟိုဝဝ အန်တီကြီးက နေ့တိုင်း မှာထားတယ် အစ်မ။ သူ့အိမ်မှာ ခွေးငါးကောင် ရှိတယ်တဲ့။ အိမ်ပေါ် အမဲသား ၊ အမဲရိုး မတင်ချင်လို့ ဆိတ်ရိုးပဲ ဝယ်ကျွေးတာတဲ့" ဟု ကုလားက အရည်လည်စွာ ပြောတော့ မစိန်မြသည် ဆိတ်ရိုး ဖြူဖြူများကို

"သူ့ခွေးငါးကောင်အတွက် ယူပြီး ပိုမှ ငါ့ကလေး ငါးကောင်အတွက် ရောင်းလိမ့်မယ် ထင်ပါရဲ့" ဟု ရှက်စနိုးစိတ် တစ်ဝက်နှင့် ဝမ်းနည်းခဲ့ရသည်။

"ဟင် ... အမေ ... အာလူး"

အကြီးကောင်က နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်ကာ အော်သည်။

"ဟဲ့ အာလူး ... အာလူး"

ကိုရေခဲကလည်း မီးဖိုကို လက်ညှိုးထိုးကာ အော်သည်။

"အမလေး ... ကုန်ပါပြီတော် ... ကုန်ပါပြီ"

တူးခါးခါး အနံ့ကို အခုမှ သတိထားမိပြီး မစိန်မြ ပြာယာခတ်သွားသည်။ မီးညှပ်နှင့် ကမန်းကတမ်း ယက်ထုတ်လိုက်တော့ မည်းတူးနေသော အလုံးလေး တစ်လုံးက မီးဖိုထဲမှ လိမ့်ထွက်လာသည်။

"သွားပါပြီတော် ... စားမရတော့ပါဘူး"

မစိန်မြ စိတ်လက် ညစ်ညူးစွာ ရေရွတ်သည်။

"အာရူး စားမယ် ... ဟီး ... အာရူး စားမယ်"

အခြေအနေ အရပ်ရပ်ကို ချက်ချင်း သဘောပေါက် သွားသော အငယ်ကောင်က ငိုမဲ့မဲ့ ဖြစ်လာသည်။

"စားချင် မနေနဲ့တော့။ ဒီတစ်လုံးပဲ ရှိတာ"
"ကုန်ပြီ သားရဲ့။ ကန်စွန်းရွက် ကောင်းတယ်လေ"
"ဂျွန်းရွက် ကောင်းဘူး။ အာရူး"
"အမေခွံ့ကျွေးမယ်လေနော်"
"ခွံ့ကျွေးနဲ့ အာရူး"
"ထမင်းကုန်ရင် ငှက်ပျောသီးတစ်လုံး ဝယ်ကျွေးမယ် သားရယ်"
"ဟီး ... ပျောသီး စားဘူး ... အာလူး စားမယ်"
"အို ... မရှိပါဘူး ဆိုမှ"
"အာရူး ... ဟီး ... အာရူး"
"ဟဲ့ ကုန်ပါပြီဆို"
"အာရူးပဲ ကြိုက်တယ်"

အငယ်ဆုံးကောင် ခြေကိုဆောင့်ကာ ငိုသည်။ မစိန်မြက လက်ကို တံတွေးဆွတ်၍ မီးဖိုဘေး ရောက်နေသော အာလူးလေးကို ကောက်ကိုင်သည်။ အခွံတွေ အာကာ မီးသွေးတစ်ဝက် ဖြစ်နေပြီမို့ ခွဲကြည့်စရာပင် မလို။ စားမရတော့ကြောင်း သိလိုက်ရ၍ စိတ်လည်းညစ် စိတ်လည်းတိုကာ သူ့ဝါသနာအတိုင်း တရားခံ ရှာချင်စိတ် ပေါ်လာသည်။

"အာရူး ထပ်လုပ်ပေး"
"မရှိတော့ပါဘူး ဆိုမှဟယ်"
"စားမှာပဲ ... အာရူး"
"စား ... စား ... အဲဒီမှာ မီးသွေးတုံး ဖြစ်နေပြီ ... စား"
"ဟီး ... အဲဒါ ... စားဘူး ... အသစ် အာရူး"
"ကဲဟာ ... အဲဒါ အာလူး အသစ်ပဲ"

မစိန်မြသည် စိတ်မထိန်းနိုင်တော့ပဲ အငယ်ကောင်၏ ကျောကို ဖြန်းကနဲ ချသည်။
အရိပ်သုံးပါးကို မျက်ခြည်မပြတ် အကဲခတ်နေသော နို့ညှာကောင်က လျင်သည်။ သူ့ဘက် လက်မလာမီ ထမင်းဝိုင်းမှ လက်မဆေးပဲ ထပြေးတော့သည်။

"ဟဲ့ ... ဟိုအကောင် လက်မဆေးပဲ ဘယ်ထပြေးတာလဲ"
"နင်ကရော ကြီးကောင်ကြီးမားနဲ့ ခုချိန်ထိ စားမပြီးသေးဘူးလား။ စားချိန်သောက်ချိန်ဆို လေပေါနေပြီး"

အာလူး တူးရခြင်း၏ တရားခံကို ချက်ချင်း တွေ့သွားသော မစိန်မြက အကြီးကောင်၏ ကျောပြင်ကိုပါ တစ်ဆက်တည်း ရိုက်သည်။ ဒီအကြီးကောင်က ဆိတ်ရိုးပဲဟင်းကို တမ်းတ အစဖော်နေ၍ သူ့နှာခေါင်းထဲသို့ပါ မဆလာနံ့ ကူးစက်ပြီး မီးဖိုထဲမှ အာလူးကို မေ့သွားရခြင်း ဖြစ်သည်ဟု သတ်မှတ်လိုက်ပြီး အကြီးကောင်ကြီးကို ပုဒ်မ အကြီးကြီး တပ်ကာ ခေါင်းတစ်ချက် ထပ်ခေါက်သည်။

"ညီမလေး အိုဗာတင်းသောက်ပြီးရင် ကိတ်မုန့် စားရအောင်နော်။ ဪ ... ထမင်းဆာပြီလား။ လာ ... လာ ... မမ ကြက်သား ချက်ထားတယ်"
"ဟောဒါက ကြက်သား၊ ဟောဒါက ဝက်သား ၊ ဟောဒါက ပုစွန်ထုပ်ကြီးလေ ညီမလေးရဲ့"

ကျောကော့သွားသော အကြီးကောင်က ထမင်းဝိုင်းမှ အလျင်အမြန် ထပြေးသည်။ သို့သော် ဖင်ထိုင်ခုံကို ခလုတ်တိုက်မိပြီး ဟပ်ထိုးလဲမတတ် ဖြစ်သွားစဉ် အလတ်မကို ဝင်တိုက်မိသည်။ သူ့အတွေးနှင့်သူ ကြည်နူးနေသော အလတ်မက အခြေအနေ အရပ်ရပ်ကို ဘာမှ စိတ်မဝင်စား။ သူ့အစ်ကိုအား မော့ကြည့်ကာ အရုပ်ကလေး ထောင်ပြပြီး ထမင်းစား ဖိတ်သည်။

"ဟော ညီမလေး ... ဒီမှာ ကိုကိုကြီး လာနေပြီ။ ထမင်းစားရအောင် ခေါ်လိုက်လေ။ ပုစွန်ထုပ်ကြီး ချက်တယ်လို့"
"တယ် ... အရေးထဲ ဒီအရူးမလေးက တမှောင့်"

စိတ်တိုနေသော အကြီးကောင်က အဝတ်ရုပ်လေးကို ဆောင့်၍ တွန်းလိုက်သည်။ အလတ်မ၏ ခေါင်းကို တစ်ချက်ထုလိုက်ပြီး "ကိုကိုကြီးက ဗီတာမင် ကန်စွန်းရွက်တွေ အဝစားခဲ့ပြီဟ" ဟုပြောကာ မီးဖိုထဲမှ သုတ်ခြေတင် ထွက်သွားလေသည်။

"အီး ... သံချောင်း လုပ်တယ်"

အလတ်မ ခေါင်းကိုပွတ်ရင်း ငိုမဲ့မဲ့နှင့် အော်သည်။ သို့သော် သူ့ကို မည်သူမျှ ဂရုမစိုက်အား။ သူ့မိခင် ဒေါ်စိန်မြက သားငယ်ကို ကောက်ချီကာ "တိတ် ... တိတ်"ဟု အသံမာမာနှင့် ချော့သည်။ သူ့ဖခင် ဦးရေခဲကတော့ မီးကျွမ်းနေသော အာလူးလေးကို ခွဲပြီး အတွင်းသားလေးများကို သတိကြီးစွာနှင့် ခြစ်ထုတ်နေသည်။

အဖေနှင့် အမေက ဂရုမစိုက်သော်လည်း ခွေးမပိန်ပိန်ကမူ အလတ်မလေးကို သနားဟန်တူသည်။ အမြီးကို တလှုပ်လှုပ်ယမ်းရင်း မျက်နှာကို လျှာနှင့်လှမ်း၍ လျက်သည်။

"သွားစမ်းဟာ သွားစမ်း"

သူ့လျှာစိုစိုကြီးကို ရှောင်တိမ်းရင်း အလတ်မက မိပိန်အား လှေကားပေါ်မှ အတင်း တွန်းချလိုက်သည်။

"အလကား ခွေးစုတ်မ"

မြေကြီးပေါ်သို့ ခွေးကျ ကျသွားသော မိပိန်ခမျာမှာတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်း သိလိုက်ပုံ မရ။ သူ့ကို နိုင်လိုမင်းထက် ကြည့်နေသော အလတ်မအား မော့ကြည့်ကာ နာကျင်စွာနှင့် တကိန်ကိန် အော်နေသည်။

"အို စိတ်ရှုပ်ရတဲ့အထဲ ဒီခွေးမကလည်း တကိန်ကိန်နဲ့"။ မစိန်မြကပင် ထိုင်ခုံနှင့်လွှဲ၍ ပေါက်သည်။ မြေတွင်ဝပ်ကာ အော်နေသော ခွေးပိန်မက အရှောင်အတိမ်း နည်းနည်းမှ မတော်။ သို့သော် သူ့လက်က မတည့်တော့ ပစ်မှတ်မှ တစ်ထွာလောက် လွဲသွားသည်။ သို့သော် ခွေးမက သူ့ကို တိုက်ရိုက်ထိလိုက်သလို ကိန်ကိန် ကိန်ကိန်နှင့် အော်ပြန်သည်။

"ဟဲ့ ခွေးနာရဲ့ ။ ခွေးစုတ်မရဲ့။ ဘာလို့ ဒီလောက် ကိန်နေရတာလဲ"

မသိန်မြက စိတ်တိုတောင်းစွာနှင့် အော်သည်။ ပစ်စရာ၊ ခတ်စရာ လက်နက်ကို ထပ်ရှာရင်း မိပိန် ကိန်ရခြင်း တရားခံကို စိတ်ထဲ၌ တွေးနေသည်။

မိပိန် ဘာကြောင့် ကိန်ရတယ်
အလတ်မ ရိုက်လို့ ကိန်ရတယ်
အလတ်မ ဘာကြောင့် ရိုက်ရတယ်
အကြီးကောင် ထုလို့ ရိုက်ရတယ်
အကြီးကောင် ဘာကြောင့် ထုရတယ်
အမေကြီး ခေါက်လို့ ထုရတယ်
အမေကြီး ဘာ့ကြောင့်ခေါက် ... အဲ ... အမေကြီး ဘာကြောင့် ... ခေါက်ရ ... ခေါက်ရ ...

မစိန်မြ၏ အတွေးက ရှေ့ဆက်မသွားပဲ ထစ်ငေါ့နေသည်။ ကိုရေခဲကတော့ ခြစ်ထုတ်၍ ရသမျှ အာလူး အတွင်းသားလေးများကို သားငယ် ပါးစပ်ထဲ ခွံ့ပေးလိုက်ရင်း "ကလေးတွေလဲ သနားပါတယ်ဟာ" ဟု ခပ်တိုးတိုး ပြောလေသည်။

---------
မစန္ဒာ

Credit to သောကြာကြိုက်သောစာစုများ 

No comments