New Artical

ဘုရားစင်စစ် ဧကန်ဖြစ်မည့် "လက္ခဏာတော်ငယ်"၈၀ (အပိုင်း၂)

 


ဘုရားစင်စစ် ဧကန်ဖြစ်မည့် "လက္ခဏာတော်ငယ်" (၈၀)

▪️"လက္ခဏာတော်ငယ်" (၄၁) မှ (၈၀) အထိ_
လက္ခဏာတော်ကြီးငယ်ဟူသည် (၃၂) ပါးသော လက္ခဏာတော်ကြီး၊ (၈၀) သောလက္ခဏာတော်ငယ်၊ (၁၀၈) ကွက် စက်လက္ခဏာများဖြစ်သည်။ ယင်းလက္ခဏာတို့ကား စကြာဝတေးမင်း၊ ဗုဒ္ဓဘုရားတို့နှင့်သာ သက်ဆိုင်သော မဟာပုရိသလက္ခဏာတို့ ဖြစ်သည်။ ထိုလက္ခဏာတို့ကို မဟာပုရိသလက္ခဏာကျမ်းတို့၌ ကျွမ်းကျင် လိမ္မာသော ပညာရှိတို့သည် ဗုဒ္ဓဘုရားမပွင့်မီကပင် သိရှိနားလည်ကြသည်။ ထိုကြောင့် သုဒ္ဓေါဒနမင်းကြီးနှင့်မယ်တော်မာယာတို့မှ ဖွားမြင်သော သိဒ္ဓတ္ထ မင်းသားကို ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ပုဏ္ဏားတို့က ဟောပြောနိုင်ခြင်း ဖြစ်သည်။ လက္ခဏာခေါ်ဆိုရာ၌လည်း ခန္ဓာကိုယ်တစ်ခုလုံးရှိ အမှတ်အသား တို့ကိုလည်းကောင်း၊ အကြောင်းနိမိတ်တို့ကိုလည်းကောင်း၊ အစိတ်အပိုင်း အင်္ဂါတို့ကိုလည်းကောင်း ခေါ်ဆိုခြင်းဖြစ်သည်။ အကြောင်းကား ထိုအမှတ် အသား၊ အကြောင်းနိမိတ်၊ အစိတ်အပိုင်း အင်္ဂါတို့ကို မြင်သဖြင့် ဤသူကား စကြာဝတေးမင်းဖြစ်လိမ့်မည်၊ ဗုဒ္ဓဘုရားဖြစ်လိမ့်မည်၊ မင်းဖြစ်လိမ့်မည်၊ အမတ်ဖြစ်လိမ့်မည်၊ သူဌေးဖြစ်လိမ့်မည်၊ သူကြွယ်ဖြစ်လိမ့်မည်၊ သူဆင်းရဲဖြစ်လိမ့်မည်၊ အသက်ရှည်လိမ့်မည်၊ တိုလိမ့်မည်၊ ဘယ်အခါ သေဆုံးလိမ့်မည် စသည်ဖြင့် ကောင်းကျိုး၊ မကောင်းကျိုးတို့ကို သိရှိနားလည်သောကြောင့်တည်း။
🙏🙏🙏 ဘုရားစင်စစ် ဧကန်ဖြစ်မည့် "လက္ခဏာတော်ငယ်" (၈၀)
(၄၁) ပရိမဏ္ဍလ ကာယပ္ပဘာ ဝန္တတာ_အဝန်းညီသော တစ်လံမျှကိုယ်ရောင်ရှိခြင်း။
(၄၂) ပရိပုဏ္ဏကပေါလတာ_ပြည့်ဖြိုးသော ပါးရှိခြင်း။
(၄၃) အာယတ ဝိသာလ နေတ္တတာ_ရှည်ကျယ်သော မျက်ကွင်းရှိခြင်း။
(၄၄) ပဉ္စပ္ပသာဒဝန္တ နေတ္တတာ_အဆင်းငါးပါးရှိသော ကြည်ညိုဖွယ်သော မျက်စိရှိခြင်း။
(၄၅) အာကုဉ္စိတဂ္ဂ ဘမုကတာ_ကွေးညွတ်၍ တက်သောမျက်မှောင်ရှိခြင်း။
(၄၆_၄၇) မုဒုတနုက ရတ္တ ဇိဝှတာ_နူးညံပါးလွှာသော နီမြန်းသော လျှာရှိခြင်း (ဤ၌ မုဒုတနုကဇိဝှတာ_နူးညံ့ ပါး လွှာသော လျှာရှိခြင်း၊ ရတ္တဇိဝှတာ_နီမြန်းသော လျှာရှိခြင်း နှစ်ပါးခွဲယူလျှင် ကောင်း၏။)
(၄၈-၄၉) အာယတ ရုစိ ကဏ္ဏတာ_ရှည်သော နှစ်လိုဖွယ်သော နားရှိခြင်း၊ (နှစ်ပါးယူသည်။)
(၅ဝ) နိဂဏ္ဍ သိရတာ_ထွတ်မြင်းနာကင်းသော ဦးခေါင်းရှိ ခြင်း။
(၅၁) နိဂုဠ| သိရတာ_နိမ့်ရှိုင်း မရှိသော ဦးခေါင်းရှိခြင်း။
(၅၂) ဝိစ္ဆိဒ္ဒနိရဝ သိရတာ_အစုတ်အပြတ်မရှိသော ဦးခေါင်းရှိခြင်း။
(၅၃) အာယတ ပုထုလ နလာတ သောဘတာ_ရှည်ကျယ်သော နဖူးပြင်၏ တင့်တယ်ခြင်း။
(၅၄) သုသဏ္ဌာန ဘမုကတာ_ကောင်းသော သဏ္ဌာန်ရှိသော မျက်မှောင်ရှိခြင်း။
(၅၅) သုသဏ္ဌာန ဟရ ဘုမကတာ_ကောင်းသော သဏ္ဌာန်ကိုဆောင်သော မျက်မှောင်ရှိခြင်း။
(၅၆) အနုလောမ ဘမုကတာ_ညွတ်ညွတ်တက်သော မျက်မှောင်ရှိခြင်း။
(၅၇) သုခုမာလ ဂတ္တတာ_သိမ်မွေ့သော ကိုယ်ရှိခြင်း။
(၅၈) အတိဝိယ သောဘ ဂတ္တတာ_အလွန်ငြိမ်းချမ်းသော ကောင်းသော ကိုယ်ရှိခြင်း။
(၅၉) အတိဝိယ ဥဇ္ဇလိတ ဂတ္တတာ_အလွန်ထွန်းပသော ကိုယ်ရှိခြင်း။
(၆ဝ) ဝိမလ ဂတ္တတာ_အညစ်အကြေးကင်းသော ကိုယ်ရှိခြင်း။
(၆၁) ကောမလ ဂတ္တတာ_နူးညံ့သော ကိုယ်ရှိခြင်း။
(၆၂) သိနိဒ္ဓ ဂတ္တတာ_သိမ်မွေ့ပြေပြစ်သော ကိုယ်ရှိခြင်း။
(၆၃) သုဂန္ဓ ဂတ္တတာ_မွှေးကြိုင်သော ကိုယ်ရှိခြင်း။
(၆၄) သမ လောမတာ_ညီညွတ်သော မွေးညှင်းရှိခြင်း။
(၆၅) ကောမလ လောမတာ_နူးညံ့သော မွေးညှင်းရှိခြင်း။
(၆၆) ဒက္ခိဏာဝဓလောမတာ_လက်ယာရစ်လည်သော မွေးညှင်းရှိခြင်း။
(၆၇) ဘိန္နကဉ္စ နဂသိရိ နီလ လောမတာ_ပေါက်ကွဲသော ရွှေတောင်၏ အသရေကဲ့သို့ ဦးခေါင်းတော်၌ရောက်သော ညိုသောမွေးညှင်းရှိခြင်း။
(၆၈) ဝဓက လောမတာ_လုံးသော မွေးညှင်းရှိခြင်း။
(၆၉) သိနိဒ္ဓ လောမတာ_သိမ်မွေ့သော မွေးညှင်းရှိခြင်း။
(၇ဝ) အတိသုခုမ အဿာသ ပဿာသဓာရဏတာ_အလွန်သိမ်မွေ့သော ထွက်သက်ဝင်သက်ကိုဆောင်သော ကိုယ်ရှိခြင်း။
(၇၁) သုဂန္ဓ မုဒ္ဓတာ_အလွန်မွှေးကြိုင်သော ဦးထိပ်ရှိခြင်း။
(၇၂) သုနီလ ကောသတာ_ကောင်းစွာ မည်းနက်သော ဆံပင်ရှိခြင်း။
(၇၃) ဒက္ခိဏာဝဓ ကေသတာ_လက်ယာရစ်လည်သော ဆံပင်ရှိခြင်း။
(၇၄) သုသဏ္ဌာန ကေသတာ_ကောင်းသောသဏ္ဌာန်ရှိသော ဆံပင်ရှိခြင်း။
(၇၅) သိနိဒ္ဓ ကေသတာ_သိမ်မွေ့သော ဆံပင်ရှိခြင်း။
(၇၆) သဏ္ဌာန ကေသတာ_ကောင်းစွာတည်သော ဆံပင်ရှိခြင်း၊
(၇၇) အလုလိတ ကေသတာ_မရောရှက်သော ဆံပင်ရှိခြင်း။
(၇၈) သမ ကေသတာ_ညီညွတ်သော ဆံပင်ရှိခြင်း။
(၇၉) ကောမလ ကေသတာ_နူးညံ့သော ဆံပင်ရှိခြင်း။
(၈ဝ) ကေတု မာလာ ရတန ဝိစိတ္တတာ_ဦးထိပ်တော်၌ အရောင်စုံတူသော ကေတုမာလာဖြင့် ဆန်းကြယ်ခြင်း။
ဤကား (၈၀) သော "လက္ခဏာတော်ငယ်" တို့ဖြစ်ပါသည်။
 
Wai Linn (ရွှေလက်SL)

No comments