New Artical

အကြည်တော် ၊ သူခိုး အပိုင်း(၈)



အံမယ်။

ပြောရဦးမယ်ဗျ။ ပါကညောဗိုလ်ထိုင်သယ်တာကိုတောင် ခိုးကြောင်ခိုးဝှက်သယ်တာ မဟုတ်ဘူး။ ဗိုလ်ထိုင်ကို မြင်းပေါ်တင်ပြီး အိုးစည်ဗုံမောင်းတီးပြီးတော့ကိုသယ်တာ။

ရွာသားတွေက ဘာသိမှာတုန်း။ သူကြီးက သယ်ဆိုသယ်။ တီးဆိုတီးပေါ့။

ဗိုလ်ထိုင်ကြီး ဦးပါကညောအိမ်ရောက်တော့ ဘယ်မှာထားတယ်ထင်သတုန်း။ အိမ်ရဲ့အလည်တည့်တည့် အိမ်တွင်းနတ်အုန်းဆွဲတဲ့ အရှေ့တည့်တည့်မှာ အသေအချာ နှီးတွေနဲ့တုတ်။ သစ်သားစို့တွေ အသေအချာရိုက်ပြီး အခိုင်အမာတည်ထားတာ။

ဒါ့အပြင် ဧည့်ခန်းက ခုံတွေကိုလဲ အကုန်ထုတ်ပစ်လိုက်တာ။ လာသမျှဧည့်သည်အားလုံး ကြမ်းပြင်ပေါ်ထိုင်ပဲ။ ပါကညောတစ်ယောက်တည်း ဗိုလ်ထိုင်ကြီးနဲ့ဗျ။ အရမ်းတွေကို ခန့်ညားနေတာ။

တခါတလေ အပြင်ထွက်ရင်တောင် တုတ်ပြီးဓားပြီးကွင်းကြီးကို မေ့ချင်ယောင်ဆောင်ပြီး လည်ပင်းဆွဲထားတာ။ ယပ်တောင်ကြီးက ခေါင်းကို မိုးလို့ပေါ့။

ပြောသေးတာ။

“ဒီအဆောင်ယောင်တွေ မမက်မောပါဘူးဆိုမှ မေ့ပြီးပါလာပြန်ပြီ ဟီးဟီး” ဆိုပဲ။

ရွာကလူတွေကလဲ အပြစ်မမြင်ကြပါဘူး။ ခုဆို သူ့ကို နာမည်တောင် သူကြီးပါကညော မခေါ်တော့ဘူး။

“ဗိုလ်ထိုင်သူကြီး” တဲ့။

“ဗိုလ်ထိုင်သူကြီး”လို့ခေါ်လိုက်ရင် ပါကညောမျက်နှာကြီး ပြုံးပြုံး တက်လာတာ။ ကျေနပ်ပီတိဖြစ်တဲ့ အပြုံးမျိုး။ သူ့မိန်းမ အရင်စောပုကလဲ သူနာမည်ပြောင်းတော့ လိုက်ပြောင်းပြီပေါ့။ “ဗိုလ်ထိုင်ကတော်”တဲ့။

ခက်တော့ခက်လားဗျ။

ဗိုလ်ထိုင်ကတော်ကလဲ အဲ့ဒီဗိုလ်ထိုင်ကခွက်ကြီး မြင်ကတည်းက သူ့သားငယ်ဗြောင်ကြီးပုရဲ့ အနှီးတွေ ဝင်ဝင်လျှော်လို့၊ ဗိုလ်ထိုင်သူကြီးနဲ့ ဗိုလ်ထိုင်ကတော်တို့ မကြာမကြာ စကားကများရသေး။

သူပြောတော့လဲ ဟုတ်တော့ဟုတ်သား။

“ဒီမှာလေ၊ ဒီခွက်မှာလျှော်ပြီး ဒီဘုလေးကို နှိပ်ချလိုက်ရင် ရေကျ ပြီလေ၊ ဘယ်လောက်သက်သာလဲ” တဲ့။ ဟုတ်လဲဟုတ်တယ်။ ဒီမှာက ရေသုံးရပိုလွယ်တာကိုး။

ပါကညောရှိရင်တော့ မလုပ်ပါဘူး။

သူကြီးက ရပ်ရေးရွာရေး အမှုအခင်းဖြစ်ရင် ဒီခုံမှာပဲထိုင်၊ ရေစိမ်ထားတဲ့ ကွမ်းသီးကွမ်းရွက်ထုတ်၊ ထုံးသုတ်ပြီး ယပ်လေးတခပ်ခပ်နဲ့ ဆုံးဖြတ်တာကိုး။

အံမယ်။ ဒီခုံရောက်ပြီးမှ သူကြီးဆုံးဖြတ်ချက်က ပိုမှန်လာသဗျ။

သူ ဆုံးဖြတ်ရကြပ်တည်းလာပြီဆို ဘေးနားက ပိုက်လေးထုတ်၊ မျက်နှာကို ဖြီးခနဲဖြီးခနဲ ရေပန်းနဲ့ပက်လိုက်ရင် ပြန်လန်းလာတာကိုး။ ဒါ ကြောင့် ပိုဆုံးဖြတ်လာနိုင်တာပေါ့။

ဦးတင်စိုးနဲ့ ကြပ်ခိုးအမှုကြည့်ပါလား။

+++

အမှန် ဦးတင်စိုးက ရွာထဲအရက်ခိုးချက်ပြီး ရောင်းနေတာ။ အရက် တစ်ပုလင်းကို ငါးပဲ ကြီးများတောင် ပေးရတာ။ ချည်ချောလုံချည် တစ်ကွင်းစာပေါ့။

အဲ့ဒါကိုတောင် သူက ရိုးရိုးမရောင်းဘူး။ မူးလာရင် ရေထိုးရောင်းသေး။

ကြပ်ခိုးက သူ့ဖောက်သည် ကြပ်ခိုးတင် မဟုတ်ဘူး။ တစ်ရွာလုံးပဲ ဆိုပါတော့။

ပထမတစ်ပုလင်းသောက်ရင် အကောင်း၊ နောက်တစ်ပုလင်းသောက်တာနဲ့ ဦးတင်စိုးရေထိုး ရောင်းပြီ။ ကြပ်ခိုးက သိတယ်။ ဒါကြောင့်

“ဦးတင်စိုး ခင်ဗျားရေထိုးရောင်းတာ ကျုပ် သိတယ်နော်၊ ခင်ဗျား လုပ်ပေါင်းများပြီ၊ အဲ့လိုတော့ မလုပ်ပါနဲ့”

ဒါကို ဦးတင်စိုးကလဲ မရဘူး။

“ဘာလဲ အဲဒီတော့ မင်းက ငါ့ကို ထိုးချင်လို့လား”

ကြပ်ခိုးက မထိုးရဲဘူး။ ဦးတင်စိုးကို ကြောက်လို့မဟုတ်ဘူး။ ရွာမှာက ပါကညောကြီး အမိန့်ထုတ်ထားတယ်။

“ရွာမှာရန်ဖြစ်ရင် လက်သီးနဲ့တစ်ချက်ထိုး ငါးပဲလျော်ရမယ်” ဆိုတာကြောင့်ပဲ။

လက်သီးတစ်ချက်က အရက်တစ်ပုလင်းစာလေ။ နော့။ ဘယ်သူ ထိုးချင်မှာလဲ။ နောက်ပြီး ရန်ဖြစ်ကြေးဆိုတာက ရှိသေးတယ်။ ရန်ပွဲကြီးရင် ကြီးသလောက် ရွာကို ဒဏ်ဆောင်ရသေးတာ။

ရန်ဖြစ်ကြေး၊ လက်သီးကြေးပေါင်းလိုက်ရင် မနည်းမနောကို။ ဒါကြောင့် ဦးတင်စိုးအနိုင်ကျင့်ရေရောသမျှ လှိမ့်ခံနေရတာ။

အရက်သမားများကလဲ သိတဲ့အတိုင်း တန်ရာတန်ကြေးပေးထားရင် တန်ရာတန်ကြေးတော့ ပြန်ရချင်တာပဲလေနော့။ ဒါကြောင့် ကြာတော့ သည်းမခံနိုင်တော့ဘူး။

ဦးတင်စိုးကလဲ ဆိုးပါ့။ တစ်ပုလင်းသောက်ပြီး နောက်တစ်ပုလင်း ထပ်မှာတော့ ကြပ်ခိုးရှေ့မှာတင် ရေရောပြီး

“ရော့ ဒီမှာ နောက်တစ်ပုလင်း”

ဆိုတော့ ကြပ်ခိုးသည်းမခံနိုင်တော့ဘူး။ ထိုင်ရာကထပြီး

“ဒီလောက်လူပါးဝတာ၊ အင်းဟာ အင်းဟာ”

ဆိုပြီး ခွပ်ခွပ်နဲ့ နှစ်ချက်ထိုးတာ။

ဒီလိုနဲ့ ပါကညောကြီးဆီ ရောက်လာပါလေရော။

+++

အမှန်အတိုင်းပြောရရင် ပါကညောကြီးလဲ ဒီတင်စိုး ရေထိုးရောင်းနေတာ မကြိုက်ဘူး။ ဘာလို့ လဲဆိုတော့ တခါတရံ သူသောက်ချင်လို့ သွားခိုး သောက်ရင်တောင် ဒီအတိုင်းရေထိုးရောင်းနေတာကိုး။ အဲ့ထဲက ပါကညောကြီး ဦးတင်စိုးကို တေးထားတာ

သူလဲ တင်စိုးကို ကြိတ်ချင်နေတာ။ ဒါပေ မယ့် သူထုတ်ထားတဲ့အမိန့်၊ သူကိုယ်တိုင်ချိုးဖောက် လို့ မသင့်တော်လို့သာ ငြိမ်ခံနေတာလေ။

အခုတော့တွေ့ပြီ။

+++

ဗိုလ်ထိုင်ကြီးပေါ်မှာ ပါကညောက လည် ကွင်းကြီးဆွဲ၊ ယပ်တောင်လေးယပ်ပြီး ထိုင်နေတယ်။ သူ့အောက်မှာတော့ ဦးတင်စိုးရဲ့ကြပ်ခိုး။ အောင်မယ်။ သူကြီးက အနောက်ပုံးထဲက ရေစိမ်ထားတဲ့ကွမ်းထုတ် ဝါးသေး။

“ဟဲ့ ကြပ်ခိုး၊ မင်း တင်စိုးကို ဘယ်နှချက် ထိုးသလဲ”

“နှစ်ချက်၊ နှစ်ချက်ပါသူကြီး”

“နှစ်ချက်ဆိုတော့ ဆယ်ပဲပေါ့”

“ဟုတ်၊ ဟုတ်ကဲ့ပါသူကြီး၊ သူရေထိုးတာ မခံနိုင်လွန်းလို့ လက်ပါမိတာပါသူကြီး”

ပါကညော ခေါင်းညိတ်တယ်။ သူလဲ ဒီတင် စိုးကို ဆုံးမချင်နေတာ။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ နောက်မှ သတိရပြီး

“ဟာ အေး ကြပ်ခိုး၊ မင်းဟိုတခါ ငါ့နွားစင် ဆောက်တုန်းက လုပ်အားခ ငါမပေးရသေးဘူး မှတ်တယ်”

“ဟုတ်၊ ဟုတ် သူကြီး၊ အဲ့ဒီတုန်းက သူကြီး သစ်ပင်လှသွားနေတုန်းမို့ မတောင်းဖြစ်သေးတာပါ”

ပါကညော မျက်မှောင်ကျုတ်သွားတယ်။ ပြီးမှ

“အဲဒီတုန်းက မင်းကိုငါပေးရမှာ ဘယ်လောက်”

“ပဲနှစ်ဆယ်ပါ သူကြီး”

“ပဲနှစ်ဆယ်”

ပါကညော မျက်မှောင်ကျုံ့ပြီး စဉ်းစားတယ်။ ဦးတင်စိုးက သူတို့ ရန်ဖြစ်ရာကနေ နွားစင်ဆောက်တာ ဘယ်လိုပြောင်းသွားမှန်းမသိဘဲ လိုက်ပြီးကြောင်ကြည့်နေတယ်။ ပါကညောကပဲ ဆက်ပြီး

“မင်း အခုတင်စိုးကိုထိုးလိုက်တာ ဘယ်နှချက်”

“နှစ် နှစ်ချက်တည်းပါ သူကြီး”

“တစ်ချက်ကို ငါးပဲဆိုတော့ နှစ်ချက်ကို ဆယ်ပဲ”

ပြောရင်းနဲ့ သူ့အိတ်ကို သူပြန်နှိုက်တယ်။ ပါလာတဲ့အကြွေတွေကို ရေကြည့်ပြီး

“အေး မင်းကိုငါပေးရမှာက ပဲနှစ်ဆယ်နော်”

“ဟုတ်၊ ဟုတ်ပါတယ် သူကြီး”

ဦးတင်စိုးက သူတို့နှစ်ယောက်ကို ကြောင်ပြီးလိုက်ကြည့်နေတယ်။ ပါကညောက သူ့အိတ်ထဲက ပိုက်ဆံတွေ ရေကြည့်တယ်။

“အေး ငါ့မှာကလဲ ခုမှ အိတ်ထဲမှာ ဆယ်ပဲရှိတာ၊ ဒီလိုလုပ်ကွာ”

“ဗျာ သူကြီး”

“ငါ့ဆယ်ပဲပါ တင်စိုးကို ထပ်ပေးလိုက်မယ်၊ မင်းသူ့ကို နှစ်ချက် ထပ်ထိုးကွာ၊ ဒါဆိုငါ့အကြွေးကျေ၊ မင်းလဲ စိတ်ပြေ မကောင်းဘူးလား”

ဆိုပြီး သူ့မျက်နှာကို ရေပိုက်နဲ့ ဖြီးခနဲဖြီးခနဲ ဖြန်းလိုက်သေးတယ်။

သူ့စကားလဲကြားရော ကြပ်ခိုးလဲ ဝမ်းသာအားရနဲ့

“ဟာ သင့်မြတ်ပါပေတယ် သူကြီး၊ အင်မတန်မှကို လျော်ကန် သင့်မြတ်လှပါပေတယ်”

ဆိုပြီး ဦးတင်စိုးကို သူ့ဆယ်ပဲထုတ်ပေးပြီး သူကြီးရှေ့မှာတင် ကြိတ်တာ။

“အောင်မလေး ကယ်ကြပါဦးဗျ”

အော်ယူရတယ်။

ပါကညောလဲ အြွေကးကျေ။ ကြပ်ခိုးလဲ စိတ်ပြေ။ ဦးတင်စိုးကြီးလဲ နောက်ဆို အရက်ကို ရေမထိုးရဲတော့ဘူး။ ရေထိုးရောင်းရင် သူကြီးအကြွေး နဲ့ရောပြီး အကြိတ်ခံရမှာစိုးလို့။

ဗိုလ်ထိုင်ကြီးရောက်လာမှ ဒီလိုမျှတသွားတာဗျ။ သူလဲ အကြွေး ပဲနှစ်ဆယ်မှာ ဆယ်ပဲ အလကားသက်သာသွားတာလေ။ ဒါကြောင့် သူ့ကို ခေါ်တာ။ ဘာတဲ့။

“ဗိုလ်ထိုင် သူကြီး”

+++

ဒါပေမယ့် သိပ်မကြာပါဘူး။ ဒီဗိုလ်ထိုင် ကြီးကြောင့် ဗိုလ်ထိုင်သူကြီးရဲ့အလှည့် ပြန်ရောက် လာတယ်။

အဲ့ဒါက ဘာမှမဟုတ်ဘူး။

သူကြီးပါကညောကြီးရဲ့အစ်ကို တာလပေါကြီး ရွာကိုပြန်လာရာက စတာပါပဲ။

ပြောရဦးမယ်ဗျာ။

ပါကညောနဲ့တာလပေါဆိုတာ ညီအစ်ကို အရင်းဆိုပေမယ့် စရိုက်က သိပ်မတူလှဘူး။ ပါ ကညောက လူမိုက်စိတ်။ ရွာချစ်စိတ်။ ရွာမှာပဲနေပြီး ရွာမှာပဲ ကြီးစိုးမယ်ဆိုတဲ့စိတ်။

အဲ..တာလပေါကျတော့ အဲ့လိုမဟုတ်ဘူး။

ငယ်ငယ်ကတည်းက မြို့တက်မယ်။ မြို့မှာနေမယ်။ မြို့မှာ ကြီးပွားအောင်လုပ်မယ်ဆိုတဲ့လူမျိုး။

ဒါကြောင့် တာလပေါက ရွာကလူတွေကို အထင်မကြီးဘူးရယ်။ ပြောတဲ့စကားကိုက

“မင်းတို့ရွာကကောင်တွေ ဘာအသုံးကျလို့လဲ၊ ဗိုက်ထုဲနှိုက်လိုက် ရင်တောင် ရွှံ့တစ်ပိဿာလောက်ထွက်လာတဲ့ကောင်တွေ၊ ဘာအဆင့်အတန်းမှ မရှိဘူး”

အဲ့ဒီစကားကို ပါကညော အနာဆုံးပဲ။

ရွာကလူကလဲ ရွာအတွေးနဲ့ ရွာလိုရှင်သန်နေတာပဲ။ မြို့သားဖြစ်မှ လူရာဝင်ပြီး လူတွင်ကျယ်ဖြစ်တာ မဟုတ်ဘူးလေ။

ဒါကို သက်သေပြဖို့ ဒီဗိုလ်ထိုင်က အသက်ပဲ။

မြို့မှာ ဘယ်လောက်နေနေ။ ဒီဗိုလ်ထိုင်မျိုး ဘယ်သူရမှာလဲလေ နော့။

ဒါကြောင့် သူ့အစ်ကို တာလပေါ ရွာကိုလာမယ်လဲဆိုရော။ ဗိုလ် ထိုင်ကို အသေအချာ သပြီး သူကိုယ်တိုင်လဲ ရှယ်ပြင်ဆင်ထားတာ။

စိတ်ထဲမှာလဲ

“တွေ့ကြပြီပေါ့ တာလပေါရယ်၊ ပါကညောဆိုတာ ဘယ်လိုလူလဲ၊ ဖင်ဘယ်လောက် အဆင့်မြင့်လဲ နင်မကြာခင် တွေ့ရပြီပေါ့၊ ဟင်း ဟင်း”

ကြိတ်ပျော်နေတာ။

ဒီလိုနဲ့ ...

+++

“ဟာ”

အိမ်ပေါ်တက်လိုက်တယ်ဆိုရင်ပဲ တာလပေါရဲ့ ခြေလှမ်းတွေ တုန့်ခနဲ ဖြစ်သွားတယ်။

နောက် မျက်လုံးကြီးပြူးပြီး

“ဒါ ဒါ ဒါကဘာသဘောလဲ”

ဆိုပြီး ရေရွတ်မိသွားတယ်။ အိမ်ရဲ့ အလည် တည့်တည့် နတ်စင်ရှေ့မှာ ဗိုလ်ထိုင်ကြီးက ခန့်ခန့်ကြီး ရှိနေတာကိုး။ ဒါကြောင့် အယောင်ယောင်အမှားမှားနဲ့

“ဒါ ဒါကြီး ဘယ်လိုဒီရောက်နေတာလဲ”

သူ့ဗလုံးဗထွေး အော်သံကြားမှ ပါကညော တုတ်ပီးဓားပီးကွင်းကြီးဆွဲ၊ ဗိုလ်ထိုင်က ယပ်တောင် တဖြတ်ဖြတ်ခပ်ကာ မင်းသားတစ်ပါးလို ခပ်တည် တည်နဲ့ထွက်လာတယ်။ ပြီးတော့ ဗိုလ်ထိုင်ပေါ် ခပ်တည်တည်ထိုင်ပြီး တာလပေါကို အပေါ်စီးကကြည့်ရင်း

“သြော် တာလပေါရောက်လာပြီလား၊ လာလေကွာ၊ အိမ်ထဲဝင်ထိုင်ကွ”

ဆိုပြီးမှ ဘေးနားကရေပိုက်လေးဆွဲကာ

“ရာသီဥတုက ပူတယ်ကွ”

ဆိုပြီး သူ့မျက်နှာကိုသူရေနဲ့ဖြီးဖြီးနဲ့ ပန်းလိုက်သေး။ ဒါကိုမြင်တော့ တာလပေါမျက်လုံး ပြူးကျယ်သွားပြီး

“ဟင် မင်း မင်း ဘာလုပ်တာလဲကွ”

ပါကညောက ဘာမှပြန်မပြောသေးဘဲ ထုံးစံအတိုင်း ဗိုလ်ထိုင် အနောက်ကအဖုံးကိုဖွင့်ပြီး စိမ်ထားတဲ့ ကွမ်းရွက်နဲ့ကွမ်းသီးကို ယူတယ်။ ပြီးတော့ ထုံးသုတ်ပြီး ပါးစောင်ထဲ ခပ်တည်တည်ထည့်လိုက်သေးတယ်။

“ဟာ”

ဒီအပြုအမူကိုမြင်တော့ တာလပေါ ပါးစပ်အကျယ်ကြီးဟသွား တယ်။ ပြီးတော့ ပါကညောကို လက်ညှိုးထိုးပြီး

“ဟေ့ကောင် မင်း မင်း ဘာ ဘာတွေလုပ်နေတာလဲကွ ဟေ”

သူအလန့်တကြား အမေးကို ပါကညောပြုံးတယ်။ ပြီးတော့ တာလပေါကို စွေစောင်းကြည့်ပြီး

“ဒီလိုဗိုလ်ထိုင်မျိုး မင်းတို့မြို့မှာတောင် မရှိလို့ အံ့သြနေတာ မဟုတ်လား”

တာလပေါက ခေါင်းညိတ်ပြီး

“အေးလေ မရှိဘူးလေ၊ မင်း အဲဒီဗိုလ်ထိုင်ကြီး အိမ်အလည်တည့် တည့်မှာထားပြီး ဘာလုပ်နေတာလဲ”

ပါကညောက ခပ်တည်တည်ပဲ

“ထိုင်နေတာလေ၊ တာလပေါ ရာသီဥတုပူတယ်ကွာ၊ လာလေ၊ မျက်နှာ ငါရေဖြန်းပေးမယ်”

ဆိုပြီး တာလပေါမျက်နှာ ရေပိုက်နဲ့ထိုးမယ်လုပ်နေလို့ တာလပေါ အသည်းအသန်ရှောင်ရင်း

“ဟေ့ကောင် မင်းအခုထိုင်နေတာ အိမ်သာကွ၊ အိမ်သာ”

“ငင့်”

တာလပေါစကားကြောင့် ပါကညောကြောင်သွားတယ်။ ပြီးတော့ မျက်မှောင်ကျုတ်ပြီး

“ဘာလဲကွ၊ အိမ်သာဆိုတာ”

သူ့အမေးကို တာလပေါက စိတ်မရှည်စွာနဲ့ပဲ

“အိမ်သာဆိုတာ အီးပါတဲ့နေရာကွ အီးပါတဲ့နေရာ”

“အီးပါတဲ့နေရာ”

ပါကညော မျက်မှောင်ကျုံ့သွားတယ်။ တာလပေါစကားကို သူ မရှင်းဘူး။ ဒါကြောင့် စဉ်းစားနေပုံရတယ်။ အတော်ကြာမှ ဖြဲခနဲရယ်ပြီး

“ဟားဟား တာလပေါရာ လာနောက်နေသေး၊ အီးပါတာ၊ တောထဲ သွားပါမှာပေါ့ဟ၊ ဒီလို တနေရာတည်း ဘယ်သူပါလို့၊ လူတိုင်း တောတိုးနေတာကို ဟားဟား”

ဆိုပြီး သူတို့တိုးနေကျတောကို လက်ညှိုးထိုးပြီး

“ဟိုးမှာကြည့်စမ်း၊ ငါတို့တောတွေ ဘယ်လောက်စိမ်းလန်းနေလဲ၊ အဲဒီ ငါတို့မြေသြဇာကြောင့် စိမ်းနေတာ၊ဟင်းဟင်း”

သူပြောတာလဲ ဟုတ်တော့ဟုတ်တယ်။ ဒီကရွာတွေမှာ အိမ်သာ ဆိုတာ ရှိမှမရှိတာ။ လူတိုင်း ဒီလိုပဲ တောတိုးနေကျလေ။ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ တောတိုးတာရိုးရာပဲ။

ပါကညောစကားကို တာလပေါ ဘယ်လိုရှင်းပြရမှန်းမသိ ဖြစ်သွား တယ်။ ဟုတ်သလေ။ ဒီရွာတွေက ဒီလိုဗိုလ်ထိုင်တွေမပြောနဲ့၊ အိမ်သာတွေ တောင်မှမရှိတာ။ ဒါကြောင့် မချိတင်ကဲလေသံနဲ့

“ဟေ့ကောင် ပါကညောရာ၊ ပြီးခဲ့တဲ့နှစ်ပိုင်းက ကာလဝမ်းရောဂါ ဖြစ်တာ မင်းသိလား”

ပါကညော မျက်မှောင်ကျုတ်ပြီး

“သိတယ်လေ၊ ကြားမိတာပဲ၊ တို့ရွာမှာတော့ မဖြစ်ပေါင်၊ အေးဆေးပဲ”

“အေး အဲဒီရောဂါဖြစ်ပြီး မြို့ပေါ်ကအိမ်တွေ အိမ်သာဆောက်ကြတာ မင်းမသိဘူးလား”

ပါကညော တွေသွားတယ်။ သူပြန်စဉ်းစားကြည့်တယ်။

ဟုတ်တယ်။ သူ တခါသား မြို့သွားပြီး လယ်အတွက် ထွန်တုံးဝယ်ရင်း ဗိုက်နာလို့ သူ့ကို အိမ်သာဆိုတာပို့လို့ တစ်ခါရောက်ဖူးတယ်။ သစ်ပင်လှဘုန်းကြီးကျောင်းမှာလဲ

“ကုဋီ”ဆိုတာရှိတယ်။

သူ သူ့ဗိုလ်ထိုင်ကြီး ပြန်ဝေ့ကြည့်ပြီး

“ဟုတ်တယ်လေ၊ သိတယ်၊ ဒါပေမယ့် အိမ်သာဆိုတာ ဒါမျိုးမှ မဟုတ်တာ”

သူ့စကားကို တာလပေါက

“အေး ဒါမျိုးမဟုတ်ဘူးဆိုတာ ဟုတ်တယ်၊ ဒါက ဗိုလ်ထိုင်”

ပါကညောက ခေါင်းညိတ်ပြီး

“ဟုတ်တယ်လေ၊ ဒါက ဗိုလ်ထိုင်လေ၊ စာတောင်ရေးထားသေး”

တာလပေါကြီး အိမ်ပေါ်တက်လာပြီး

“အေး မှတ်ထား၊ ဗိုလ်ထိုင်ဆိုတာ အင်္ဂလိပ်စစ်ဗိုလ်တွေ အီးပါတဲ့ခုံ”

ပါကညော မျက်မှောင်ကျုံ့သွားတယ်။ ပြီးတော့ ပြန်မေးတယ်။

“ဘာလဲ အင်္ဂလိပ်”

တာလပေါ ဘယ်လိုရှင်းပြရမှန်းမသိ ဖြစ်သွားတယ်။ ဒီရွာကလူ တွေက တစ်ရွာနဲ့တစ်ရွာတောင် သွားခဲလာခဲဆိုတော့ မြို့ကြီးပြကြီးတွေမှာ ဖြစ်နေတာတွေ ဘာမှမသိကြဘူးလေ။ ဒါကြောင့်ပဲ

“အင်္ဂလိပ်ဆိုတာ တိုင်းတပါးသားတွေ၊ အောက်ဗမာပြည်ကို သိမ်းထားတဲ့ မျက်နှာဖြူတွေ၊ အဲ့ဒီမျက်နှာဖြူတွေ အီးပါတဲ့ဟာက မင်းခုထိုင်နေတဲ့ ဗိုလ်ထိုင်၊ အဲ့မှာ အင်္ဂလိပ်လိုရေးထားတာတွေ့လား၊ မြန်မာလို ဘာသာပြန်ရင် အိမ်သာတဲ့ ကဲ ရှင်းပလား”

ပါကညောမျက်နှာ နည်းနည်းတော့ပျက်သွားတယ်။ ဒါပေမယ့် သိပ်မရှင်းသေးဘူး။ ဒါကြောင့် မျက်မှောင်ကျုတ်ပြီး

“သူတို့အီးပါတော့ ဒါကြီးနဲ့ ဘယ်လိုပါ”

“အေး မင်းအခုထိုင်နေသလိုပဲ၊ အဲ့ဒီအောက်ကခွက်ထဲ ပါချတာ၊ ပြီးတော့ ဟောမှာကြည့်”

ဆိုပြီး သူ့မိန်းမ ရေဆွဲဆွဲချနေတဲ့ ခလုတ်ကို ဆွဲချပြပြီး

“အေး အဲဒီခလုတ်နဲ့ ရေဆွဲချတာ၊ ပြီးတော့ မင်းလည်ပင်းမှာ ဆွဲထားတာက သေးပေါက်ရင် လူမပေအောင် လှန်ပြီးပြန်ချရတာ၊ မင်းအခု ယပ်တောင်လို ကိုင်ထားတာက အိမ်သာဖုံး၊ ကဲ ရှင်းပလား”

ပါကညောမျက်နှာ အကြီးအကျယ်ပျက်သွားတယ်။ သူထင်ထားတာက ဒီခုံက စစ်သူကြီးမဟာဗန္ဓုလ စစ်တိုက်ရင်ထိုင်တဲ့ခုံ။ အလောင်းမင်း တရားကြီး ယိုးဒယားကို ချီတက်ရင် ထိုင်တဲ့ခုံလို့ထင်ထားတာကိုး။

နောက် သူ့လက်က ရေပိုက်ကလေးကို ပြပြီး

“ဒါဆို ဒါက ဘာလုပ်တာ”

“အဲ့ဒါ ဖင်ဆေးတာ”

“ငပိန်”

ပါကညောရဲ့ ဝမ်းခေါင်းလှိုက်သံကြီးနဲ့ အော်သံကြားရတယ်။

+++

>>> အပိုင်း (၉) ဆက်ရန် <<<

No comments