ဖေဖေ့ကို ချစ်လား
ဖေဖေ့ကို ချစ်လား
ဒီမေးခွန်းကို လူတိုင်းမဖြေနိုင်ကြပါဘူး။ ကျွန်တော်တို့အများစုဟာ ဖေဖေထက်စာရင် မေမေနဲ့ ပိုအဆင်ပြေလေ့ရှိကြပါတယ်။ မေမေတွေက ကလေးတွေကို ပိုဂရုစိုက်တယ်၊ ပိုပြီးနွေးထွေးယုယတယ်၊ ပိုပြီးကာကွယ်ပေးနိုင်တယ်လို့ ထင်ကြတယ်။ ပြီးတော့ ဖေဖေ၊ မေမေနှစ်ယောက်ထဲက မရှိမဖြစ်လိုအပ်တဲ့သူကိုရွေးပါဆိုရင် အတော်များများက မေမေကို ရွေးကြတယ်။ မေမေ့ကိုချစ်လားဆိုရင် ချက်ချင်းဖြေနိုင်ကြပေမယ့် ဖေဖေ့ကိုချစ်လားဆိုရင်တော့ စဉ်းစားကြတဲ့သူတွေရှိတယ်။
လေ့လာတွေ့ရှိချက်တွေကတော့ ကျွန်တော်တို့ထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ ဖေဖေတွေကလည်း ကလေးတွေအပေါ် မေမေတွေထက် 1% တောင်မလျော့ဘဲ ချစ်ကြပါတယ်တဲ့။ ဒါပေမယ့် ဖေဖေအများစုက သူတို့အချစ်ကို အပြင်မှာထုတ်မပြပါဘူး။ ဆုံးမတဲ့နေရာမှာလည်း ပိုပြီး ပြတ်သားတိကျကြပါတယ်။ စိတ်ပူနေတဲ့အခါမှာလည်း စိတ်ပူနေကြောင်း မပြသကြပါဘူး။ ဒီအချက်တွေကြောင့် တစ်ချို့သားသမီးတွေဟာ ဖေဖေနဲ့ ဆက်ဆံရေးကျဲလာပြီး အနေစိမ်းသွားတတ်ကြပါတယ်။
ဒါပေမယ့် ဖေဖေတွေမှာ မေမေတွေထက် ကောင်းတဲ့အချက်တွေရှိတယ်။ အားလုံးမဟုတ်ရင်တောင် အများစုကတော့ ဒီအတိုင်းပါပဲ။
1. ဖေဖေတွေက ကိစ္စသေးသေးလေးတွေကို ပွစိပွစိ မဆူပူတတ်ပါဘူး။ အမှားကြီးရင်တော့ ကြောက်စရာကောင်းလောက်အောင် ဆုံးမတတ်ပါတယ်။
2. ဖေဖေတွေက အရာရာတိုင်းကို စိတ်မပူပါဘူး။ စိတ်ပူသင့်တဲ့အရာကိုပဲ စိတ်ပူပါတယ်။
3. မေမေ မဝယ်ပေးချင်တဲ့ အရာတွေဆိုရင်လည်း ဖေဖေက ဝယ်ပေးတတ်ပါတယ်။
4. ကိုယ်အပြင်ရောက်နေပြီး ဖုန်းဖွင့်မစစ်မိတဲ့အခါ မေမေရဲ့ missed call အခါ ၅၀ ကို မြင်တွေ့ရနိုင်ပေမယ့် ဖေဖေဆိုရင်တော့ missed call တစ်ခုတောင် မြင်တွေ့ရဖို့ မသေချာပါဘူး။
5. မေမေ အိပ်ရာလာနှိုးတဲ့အခါ အီလေးဆွဲတတ်ကြပေမယ့် ဖေဖေလာနှိုးရင်တော့ ချက်ချင်းထကြပါတယ်။
6. ဖေဖေတွေက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရစေဖို့ အခွင့်အရေးပေးပါတယ်။
7. မလုပ်ဖူးတဲ့အရာတစ်ခုခု လုပ်မယ်ဆိုရင်လည်း ဖေဖေတွေက ပိုအကူအညီပေးနိုင်ပါတယ်။
8. မေမေက အာလူးကြော်တွေ၊ ကိုကာကိုလာတွေလို မကျန်းမာတာတွေ မစားဖို့ တားနိုင်ပေမယ့် ဖေဖေကတော့ အတူတူ စားပါတယ်။
9. ဖေဖေတွေက ပိုပြီး ဟာသဉာဏ်ရှိပါတယ်။ ပြီးတော့ ပိုပြီး တီထွင်ဖန်တီးမှုအားကောင်းပါတယ်။
10. မိသားစုတစ်ခုက ဖေဖေသာကောင်းရင် ခြွင်းချက်မရှိ အေးချမ်းပါတယ်။
ကျွန်တော်ဆိုရင်လည်း ဖေဖေနဲ့ အများကြီးအဆင်ပြေတဲ့အထဲ မပါခဲ့ပါဘူး။ ကျွန်တော်နဲ့ ဖေဖေက မတည့်တဲ့အချိန်တွေ ပိုများခဲ့ပါတယ်။ ဒါကြောင့် ဖေဖေကိုချစ်လားဆိုရင် ဖြေရခက်တဲ့သူထဲမှာ ကျွန်တော်လည်း ပါခဲ့တာပေါ့။ ဒါပေမယ့် ကျွန်တော်မှားပါတယ်။ ကျွန်တော်တို့အတွက် ဖေဖေတွေက မေမေတွေထက်မလျော့တဲ့ တန်ဖိုးတစ်ခုရှိပါတယ်။ ကျွန်တော်တို့ မြင်ဖို့ပဲ လိုအပ်တာပါ။ မြင်တဲ့အခါမှာ ဘာကိစ္စပဲရှိရှိ ဖေဖေ့ကို ချစ်လာပါလိမ့်မယ်။
ကျွန်တော် ၄ တန်းအရွယ် မေ့လဲတုန်းက ကျွန်တော့်ဖေဖေက ရေချိုးခန်းထဲမှာ ငိုခဲ့ပါတယ်တဲ့။ နောက်ကွယ်ကျရင် မေမေ့ကို ကျွန်တော်နဲ့ပတ်သက်တာတွေ မေးတယ်တဲ့။ အခုနောက်ပိုင်းလည်း ကျွန်တော့်အကြောင်း သူများတွေကို ကြွားတယ်တဲ့။ အခုလို ကျွန်တော်လမ်းမှန်ပေါ်ရောက်နေတဲ့အချိန်မှာ ဘာကိစ္စမဆို သူ မဆူတော့ဘူး။ စိတ်ချနေတဲ့အတွက် မလိုအပ်ဘဲ မဆူတော့တာပေါ့။ ဒါတွေက ဖေဖေရဲ့ အချစ်တွေမဟုတ်ရင် ဘာလဲ။ ဖေဖေအားလုံးက အတူတူပါပဲ။
ဟိုတလောကဆို ဖေဖေအသည်းအသန်ဖြစ်ပြီး ICU ခန်းထဲအထိ ရောက်ခဲ့ပါတယ်။ အဲ့ဒီတော့မှ ဖေဖေသာမရှိတော့ရင် ဆိုတဲ့ ခံစားချက် ပေါ်ပေါက်လာတာပါ။ အိမ်မှာဆို ဖေဖေ့ဟင်းတွေက မေမေ့ထက် ပိုလက်ရာကောင်းတယ်။ အိမ်မှာ တစ်ခုခုပျက်သွားရင် ပြင်တတ်တာကလည်း ဖေဖေပဲ။ ပြီးတော့ ဖေဖေက တစ်ဘဝလုံး ရှာဖွေကျွေးမွေးခဲ့ပြီး မိန်းမကိစ္စ၊ မူးယစ်သေစာ၊ လောင်းကစား ဘာဆိုဘာမှ မရှိခဲ့တဲ့အတွက် ဖေဖေ့တန်ဖိုးက ကြီးပါတယ်။
လောကကြီးမှာ တာဝန်မယူတဲ့ဖခင်တွေ၊ စွန့်ပစ်တဲ့ဖခင်တွေ၊ ဆိုးသွမ်းတဲ့ဖခင်တွေ၊ ရိုက်နှက်တတ်တဲ့ ဖခင်တွေ အများကြီးရှိတယ်။ ကိုယ့်ဖေဖေက ဒီလိုဖခင်မျိုးမဟုတ်ဘဲ ကိုယ့်ကို တာဝန်ယူရှာဖွေကျွေးမွေးတယ်။ မိသားစုအပေါ် သစ္စာလည်းရှိပြီး တန်ဖိုးထားတယ်ဆိုရင် ဒါဟာ ဖခင်ကောင်းပါ။ ထုတ်မပြတဲ့အချစ်တွေကို ဗွေမယူဘဲ ဖေဖေတွေကို ချစ်ပေးပါ။ အရေးအကြီးဆုံးက ဖေဖေ သက်ရှိထင်ရှားရှိနေတုန်းမှာ ချစ်ပါ။
Credit: ဘဝရဲ့ခရီးသည်
No comments