New Artical

ငရုတ်ချဉ်+ကြက်သွန်ချဉ်+ငရုတ်-ကြက်သွန်ချဉ် လုပ်နည်း


  ငရုတ်ချဉ်+ကြက်သွန်ချဉ်+ငရုတ်-ကြက်သွန်ချဉ် 

*************************************************

ကျမအိမ်မှာ အဆင်သင့် အမြဲ လုပ်ထားတတ်တဲ့

အိမ်လုပ်ချဉ်လေးတွေကို စားချင်တဲ့သူများအတွက်

လုပ်နည်းလေး တင်ပေးလိုက်ပါတယ်နော်။

ပါဝင် ပစ္စည်းများ

**************

၁။ ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ )

၂။ ငရုတ်တောင့်ရှည် ( ခပ်ထူထူ လှီးထားပါ )

၃။ ရှာလကာရည်

၄။ ငံပြာရည်

၅။ ဟင်းခပ်မှုန့် ( မထည့်လဲရ )

ပထမဆုံး

ရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့်တို့ကို

ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီး

မိမိ စိတ်ကြိုက် အရသာ အခ်ျို, အငံ စပ်လိုက်ပါ။

ဟင်းခပ်မှုန့်ကတော့

မိမိ အကြိုက် အနည်း အများ ထည့်ပါ။

( မကြိုက်သူများ မထည့်ရင်လဲ ရပါတယ်။ )

ကျမကတော့ ဟင်းခပ်မှုန့် ထည့်ပါတယ်။

ဟင်းခပ်မှုန့် ပါရင် အရသာ ပိုကောင်းရုံမျှမက

အချဉ်ဓါတ် ထိန်းပြီးသားဖြစ်လို့ပါ။

ပီးတော့မှ ငရုတ်, ကြက်သွန် ထည့်ထားတဲ့ ပုလင်းထဲ

ကန်တော့လေးနဲ့ လောင်းထည့်လိုက်ရုံပါပဲ။

၎င်းနောက် ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ။

၃ ရက်ဆိုရင် စ စားလို့ရပါပြီ။

ချဉ်ချဉ်လေး စားချင်ရင်တော့ တစ်ပတ်ထိ ထားပါ။

မိမိ စိတ်ကြိုက် အချဉ်အရသာ ရပြီ ဆိုရင်တော့

ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

🌟 ငရုတ်ချဉ်, ကြက်သွန်ချဉ် က

🌟 ကြာလေ အချဉ်စူးလေ ဖြစ်တာမို့

🌟 ဆယ်ရက်စာလောက်ပဲ လုပ်စားတာက ပို ကောင်းပါတယ်။

🌟 လုပ်ရတာလည်း လွယ်ကူ လှတာမို့ ကုန်ခါနီးမှ

🌟 အချဉ် အသစ်တည်တာ ပို အဆင်ပြေပါတယ်။

ငရုတ်ချဉ်, ကြက်သွန်ချဉ်လေး

မိမိ အိမ်မှာ အဆင်သင့်ရှိနေရင်

ထမင်းပေါင်း,ထမင်းကြော်,

ကြာဇံကြော်, ခေါက်ဆွဲကြော်, ကြေးအိုး,

ကြက်ကင် , အသားလုံးကြော် စသဖြင့်

ဘာပဲ လုပ်စားစား အိမ်လုပ်ချဉ်လေးနဲ့

အဆင်သင့် တွဲဖက် စားသုံးရုံပါပဲ။

Hot Pot နဲ့ စားရင်တော့

ခု စိမ်ထားတဲ့ အိမ်လုပ်ချဉ် ထဲကို

သကြား ထပ်ထည့်ပီး စားပါတယ်။

ကျမကတော့ အရောင်ပါတဲ့ အချဉ်တွေထက်

အိမ်လုပ်ချဉ်ကို ပိုကြိုက်ပါတယ်။

ကြက်သွန်ဖြူကလဲ လူနဲ့ တည့်ပါတယ်။

ကော်ဗူးနဲ့ စိမ်တဲ့အခါ

ကြာရင် ကော်နံ့ ထွက်တတ်တာမို့

ဖန်ပုလင်းနဲ့ စိမ်တာက ပိုကောင်းပါတယ်။

ခုလို စိမ်ထားတော့

ကြက်သွန်ဖြူနဲ့ ငရုတ်သီး ထဲကို

အချဉ် အချို အငံ အရသာလေးများ

စိမ့်ဝင်နေပီး ပို စားကောင်းစေပါတယ်။

ကင်းမွန် ငံပြာရည် ထည့်ထည့်,

ဗမာငံပြာရည် ထည့်ထည့် ရပါတယ်။

ရေ မရောရပါဘူး။

သက်သက်လွတ်သမားများကတော့

ဆားနဲ့ စိမ်လို့ ရပေမယ့်လည်း

ဆား နဲ့ အချဉ်စိမ်ရင် အချဉ်စူးလွန်းတာကြောင့်

ကင်းမွန် ငံပြာရည်နဲ့ အချဉ်စိမ်တာက ပိုစားကောင်းပါတယ်။

🔺 ငရုတ်ချဉ်ကတော့

အစပ်ချည်းပဲ သီးသန့်စားလိုသူများအတွက်ပါ။

ငရုတ်သီးစိမ်း ထက်စာရင်

ငရုတ်တောင့်ရှည်က ပိုစားကောင်းပါတယ်။

🔺 ကြက်သွန်ချဉ်ကတော့

အစပ် မစားနိုင်ပဲ ကြက်သွန်ချဉ် သီးသန့်စားလိုသူများအတွက်ပါ။

တရုတ်ကြက်သွန်ဖြူထက်

ချိုတဲ့ ဥတစ်လုံး ကြက်သွန်ဖြူက ပိုစားကောင်းပါတယ်။

ဥတစ်လုံး ကြက်သွန်ဖြူမရှိရင်လည်း

မြန်မာကြက်သွန်ဖြူနဲ့ လုပ်လို့ရပါတယ်။

🔺 ငရုတ် ကြက်သွန်ချဉ်ကတော့

အစပ် နဲ့ ကြက်သွန် ၂ မျိုး တွဲဖက်စားလိုသူများအတွက်ပါ။

ငရုတ် ကြက်သွန်ချဉ် တစ်ပုလင်း စိမ်ထားရင်တော့

ငရုတ်ချဉ် ကိုက်စားလိုက်

ကြက်သွန်ချဉ် ကိုက်စားလိုက်နဲ့

အိမ်ရှင်မများအတွက် အဆင် အပြေဆုံးပါပဲ။

💖 ကျမအိမ်မှာတော့ အိမ်လုပ်ချဉ် စိမ်ထားရင်

💖 အချဉ်လွန်သွားမှာကို မစိုးရိမ်ရပါဘူး။

💖 စ ချဉ်ပြီဆိုတာနဲ့ တစ်အိမ်သားလုံး အားပေးကြတာ

💖 ပြိုက်ခနဲ ကုန်သွားတတ်တာမို့ အလျှင်မှီအောင်ပဲ

💖 အိမ်လုပ်ချဉ် အသစ်ကို ထပ်ကြိုလုပ်ထားရပါတော့တယ်။

#creditပဲခူး ဒေါ်ထွေးရီ

No comments