New Artical

ကြေးနီစီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်း ဦးဆောင်ပါဝင်ခဲ့သည့် ဆရာတော် ပျံလွန်တော်မူ

 

ဓာတ်ပုံ - နေသုခ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်းမှာ ဦးဆောင်ပါဝင်ပြီး သပိတ်ဖြိုခွင်းရာမှာ မီးလောင်ဒဏ်ရာ အများဆုံးရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏ မနေ့ညပိုင်းက ပျံလွန်တော်မူသွားပါတယ်။

သက်တော် ၇၂ နှစ်အရွယ် ဆရာတော်ဟာ ည ၉ နာရီခွဲကျော်က နေအိမ်မှာ ပျံလွန်သွားတာလို့ သူ့ရဲ့ သားဖြစ်သူ ဒေါက်တာနေသူရိန်က ပြောပါတယ်။

“တင်ပါးဆုံရိုး အစားထိုးထားရတော့ အိပ်ရာထဲ ပက်လက်ဖြစ်သွားတာ တနှစ်ကျော်ပြီ။ လက်ပံတောင်းနဲ့ ကိစ္စမှာလည်း ၃ နှစ်လောက် အိပ်ရာထဲနေခဲ့ရတော့ ကြွက်သားတွေ အားပျော့သွားတာပေါ့။ နဂိုကတော့ တောရကျောင်းမှာပဲနေတာပါ။ လဲကျပြီး တင်ပါးဆုံရိုး လဲရပြီးနောက်ပိုင်း အိမ်မှာနေတာ ၁ နှစ်ကျော်ပါပြီ” လို့ ပြောပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ နေ့လယ် ၁ နာရီက အေးရိပ်ငြိမ်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး မနက်ဖြန် ချင်းတွင်းမြစ်ထဲမှာ အရိုးပြာမျှောမယ်လို့ ဆိုပါတယ်။

ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၂၀၁၂ ခုနှစ်က သံဃာတော်တွေ သပိတ်စခန်းဖွင့် တောင်းဆိုတာကို သက်ဆိုင်ရာက ဖြိုခွင်းရာမှာ သံဃာတော် အပါး ၃၀ ကျော် မီးလောင်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ ဆရာတော်ဦးတိက္ခဉာဏဟာ အများဆုံး မီးသင့်ခံခဲ့ရတာပါ။

“ခန္ဓာကိုယ်ရဲ့ ၄၀ ရာခိုင်နှုန်းကျော် မီးလောင်ဒဏ်ခံရတယ်။ ထိုင်းနိုင်ငံမှာ ၃ လလောက် ဆေးကုသခဲ့ရသလို သီတဂူဆေးရုံမှာလည်း ၃ နှစ်ကျော် ကုသခဲ့ရတာပါ။ သူ နေမကောင်းဖြစ်နေချိန်မှာ လူ့ဘဝမှာ နေခဲ့ရတာကို ကျေနပ်ပါတယ်လို့ ပြောပါတယ်” လို့ ဒေါက်တာ နေသူရိန်က ပြောပါတယ်။


No comments