နွေးထွေးမှုမေတ္တာငတ်လင့်နေသူများ
နွေးထွေးမှုမေတ္တာငတ်လင့်နေသူများ
စင်္ကာပူမှာ ဘယ်ဆိုင်သွားသွား မြင်ရမှာကတော့ ပန်းကန်လိုက် သိမ်းနေတဲ့ သက်ကြီးအလုပ်သမားတွေပါ။ အစတုန်းကတော့ အရမ်းအားနာပြီး သူတို့ ကိုယ်စားပြီးသား ပန်းကန်ကို လာသိမ်းရင် မနေတတ်ဘူး သနားလည်း သနားတယ်။
အိုတာမှ လုပ်နိုင်ကိုင်နိုင် ပင်စင်အရွယ် အိုတာမျိုးတောင် မဟုတ်။ တကယ့်ကို လမ်းတောင်မလျှောက်နိုင် ကျောကုန်းပြီး အိုတာမျိုးပါ။ အသက်က မရှိရင် ရဝကျော်အနည်းဆုံးနဲ့ ပုံမှန် ၈၀ ကျော် အရွယ်တွေ များပါတယ်။ ဆိုင်တဆိုင်မှာ ပန်းကန်ပတ်သိမ်းရတာ ပင်ပန်းတယ် မပင်ပမ်းဘူးဆိုတာကို ကျောင်းတက်တုန်း စားပွဲထိုး လုပ်ဖူးတဲ့ ကိုယ်ကိုယ်တိုင် နားလည်စာနာပါတယ်။
အသက် ၂၀ အရွယ် တပတ်လေးရက် လုပ်တာတောင် ခြေထောက်နာလွန်းလို့ ညညဆို မျက်ရည်တွေတွေကျပြီး လုပ်ခဲ့ရတာပါ။ သူတို့ခမျာ အိုကြီးအိုမနဲ့ တပတ်ခြောက်ရက် လုပ်ရတာ။ တချို့ဆို ခါးကုန်းနေတာ ၉ဝဒီဂရီဖြစ်နေပြီ။ ကိုယ့်အဖွားသာဆိုရင်ဆိုတဲ့ အတွေးနဲ့ ရင်တော်တော် ကွဲပါတယ်။ သတိထားမိတာတခုက အဘိုးကြီးအဘွားကြီး တော်တော်များများက တရုတ်တွေပါ။ မလေး အင်ဒီးယန်းတွေ့ရ ခဲပါတယ်။ အသိစလုံး တရုတ်မတယောက်ဆိုရင် အက်ဒမင်လုပ်ပါတယ်။ ယောက်ျားကလည်း ဝင်ငွေကောင်းတယ်။ ခလေး၂ယောက်နဲ့ အိမ်စရိတ် မလောက်လို့ဆိုပြီး သူ့အမေဆီက အိမ်လခ တလ ၃၀၀ ကောက်ပါတယ်။
ဒီတော့ အဖွားကြီးခမျာ ဝင်ငွေမရှိတော့ စားသောက်ဆိုင်မှာ ပန်းကန်ဝင်သိမ်းတယ်။ အဲဒါကျတော့လည်း သူတို့ကို သိက္ခာချတယ်ဆိုပြီး စိတ်ဆိုးတယ်။ နောက်ဆုံးလူမြင်ကွင်း မထွက်ပါဘူး ဆိုင်ထဲမှာပဲ ပန်းကန်ဆေးပါ့မယ်ဆိုမှ သဘောပဲဆိုပြီးပေးလုပ်ပါတယ်။
သမီးက ဘဏ်မန်နေဂျာ အမေကပန်းကန်ဆေး စတဲ့အဖြစ်တွေ အများကြီးပါ။ ပိုက်ဆံချမ်းသာတဲ့ မိသားစုတွေတောင် အသက်ကြီးလာတာနဲ့ အပင်ပန်းခံ အလုပ်ရှုပ်ခံ မပြုစုပါဘူး။ Home လို့ခေါ်တဲ့ လူအိုရုံတွေ ကိုတန်းပို့ လိုက်တာပါ။
တပတ်တခါ မိသားစု သွားလည်ကြတယ်။ အဲဒီလူအိုရုံက ဝန်ထမ်းတွေက နှိပ်စက်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ ဘယ်လောက်ထိများ မိဘကို မသိတတ်ကြလဲဆိုရင် အစိုးရကတောင် ဥပဒေထုတ် တားမြစ်ဖို့အထိ လွှတ်တော်မှာ အခြေအတင် ဆွေးနွေးနေကြပါတယ်။
တီဗွီမှာ ကြော်ငြာလေးတွေ ဇာတ်လမ်းတိုလေးတွေထည့်ပြီး မိဘကိုပြုစုစောင့်ရှောက်သင့်ကြောင်းပညာပေးတွေ လုပ်နေရပါတယ်။ သားသမီး အိမ်ထောင်ကျပြီးလို့ အိမ်ခွဲဆင်းတာနဲ့ အဘိုးကြီး အဘွားကြီး တယောက်ကို တယောက် အားကိုးပြီးနေရတာပါပဲ။ တယောက်များ တိမ်းပါးသွားရင် တအိမ်လုံးမှာ တယောက် ကိုယ့်ထမင်း ကိုယ်ရှာစားပြီး ကိုယ့်အသက်ကိုယ် မွေးရပါတယ်။ တစ်သျှုးလေးရောင်းလိုက် စားပွဲလေးသိမ်းလိုက် ပလပ်စတစ် ကောက်လိုက် အလုပ်လေးတွေ လိုက်လုပ်ရတယ်။
အစိုးရ က စုပေးထားတဲ့ ပင်စင်က စားလောက်ရုံပဲ ရှိတယ်။ တချို့မိဘတွေမှာ သားသမီးကို တက္ကသိုလ်ထား အိမ်ဝယ်ပေး စတာတွေနဲ့ တင် စု ငွေတွေ သိပ်မကျန်ကြတော့ဘူး။ တခုရှိတာက တချို့ မိဘတွေကလည်း သားသမီးတွေနဲ့ မနေချင်။ ကိုယ့်ဘာကိုယ်နေချင်ကြတယ်။ တချို့ တွေက ၃ခန်းတွဲ အိမ်ပိုင်ရှိပြီးတော့ ရထားဂိတ်မှာ တစ်သျှုးရောင်းကြပြန်တယ်။
အဲလိုမိဘတွေကို မကြည့်ပဲထားပေမဲ့ မိဘတွေကလည်း သိပ်စိတ်ဆိုးတာမျိုး မရှိကြဘူး သဘာဝပဲ လို့ သဘောထားကြတယ်။ ကိုယ်တွေနဲ့ ယှဉ်ကြည့်ရင် အမြင်ချင်းများစွာကွာသွားပါတယ်။ ဘာပဲပြောပြော မိဘကိုပြုစုစောင့်ရှောက်တဲ့ ဓလေ့ကိုပဲ အားပေးပါတယ်။
ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုရှိပေမဲ့ တက်လာတဲ့ ကုန်စျေးနှုန်းတွေ မြင့်လာတဲ့ လူနေမှုစရိတ်တွေ ကို ကာမိဖို့ ကိုယ့်မိဘကို စတေးရမယ်ဆိုတာ မဖြစ်သင့်ပါ။ မိဘတွေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ သားသမီးအနေနဲ့ မိဘကို ခြေဆုပ်လက်နယ်ပြုစုနိုင်ရပါမယ်။
ဆင်းရဲလို့ မိခင်အိုကြီး ထွက်ပြီးတောင်းစားတာကြည့်နေရတယ်ထား အိမ်ပြန်ရောက်ရင်တော့ အိမ်ဦးခန်းမှာ ထမင်းခူးခပ်ကျွေးတဲ့ လူတွေ ရှိပါတယ်။ စင်ကာပူကိုပြောလို့ မြန်မာနိုင်ငံမှာ လူဖြစ်ရကျိုး နပ်တယ် အပြော မစောပါနဲ့အုံး။
ဘေးပတ်ဝန်းကျင်မှာ ခုထိ စျေးတောင်းခေါင်းရွက် ရောင်းနေရတုန်း တောင်းနေရတုန်း သက်ကြီးရွယ်အိုတွေ အများကြီးပါ ။ အိမ်မှာ ပိုက်ဆံရှိပေမဲ့ အသက်ကြီးလို့ ဘေးဖယ်ခံရတဲ့ လူအိုတွေ အများကြီးပါ။ တတ်နိုင်သလောက်သူတို့ ရောင်းတာလေးတွေ ဝယ်ပေးပါ။ တောင်းရင်ထည့်ပေးပါ။ လိမ်တာမလိမ်တာ ပြသနာမဟုတ်ပါဘူး။
သက်ကြီးရွယ်အိုများရဲ့ အဓိက သက်ရှည်ဆေးက မိသားစုနွေးထွေးမှုပါ။ မိမိ အဖိုးအဖွားတွေကို စကားစမြည်ပြောပါ။ သူတို့ပေးတဲ့အကြံတွေ လက်တွေ့ကျချင်မှ ကျပါလိမ့်မယ် အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။
ဒါပေမဲ့... အဖွားက ဘာသိလို့လဲ ဘာညာပြောတာထက် နားထောင်ပေးလိုက်ပါ။ သက်ကြီးရွယ်အိုတွေ စကားများတာ သူတို့အပြစ်မဟုတ်ပါ။ ဒီလောက် ဘဝမှာ အနှစ် ၇၀ ကျော်နေလာတာ ဒီလောက်တော့ ပြောစရာတွေ များလိမ့်မပေါ့။ ဆင်းရဲတဲ့ အမယ်အိုမှ သနားစရာကောင်းတာ မဟုတ် ထမင်း မငတ်ပေမဲ့ နွေးထွေးမှု ငတ်နေတဲ့ လူအိုတွေ အများကြီး ရှိပါကြောင်း။
သူတို့တွေငတ်မွတ်နေတဲ့ နွေးထွေးမှု မိသားစုမေတ္တာလေးတွေဖြည့်ဆည်းပေးနိုင်ကြကောင်းပါရဲ့ ... ။
No comments