New Artical

အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တပ်မတော်ပြော

 


တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၊ အတွင်းရေးမှူး  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းဌာနတစ်ခုက တပ်မတော်အနေနဲ့ အာဏာသိမ်းဖို့မရှိဘူးလို့မှတ်ယူလို့ရမလားလို့ မေးမြန်းချက်ကို ၎င်းက ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

"မရပါဘူး။ ကျွန်တော်ပြောတဲ့အထဲမှာပါပြီးသားဖြစ်တယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမည်ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။


တပ်မတော်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေမှာ မဲမသမာမှုတွေကို  သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပေးရန် တောင်းဆိုလိုက်ပြီး  လက်ရှိ မြို့နယ် ၃၀၀ ကျော်မှ မဲစာရင်းများကို စိစစ်သည့်အခါ မဲမသမာမှု ၈ သန်း ၆ သိန်းကျော် စိစစ်တွေ့ရှိရကြောင်းလည်း အဲဒီသတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အရေးပေါ်အခြေအနေပေါ်ပေါက်ရင် သမ္မတအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးခေါ်ယူပြီး နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်နိုင်ပါတယ်။ ဒါပေမဲ့ သမ္မတက သဘောမတူရင်တော့ အာဏာသိမ်းလို့မရဘဲ အဲဒီကြားက အာဏာသိမ်းမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ၁၉၆၂၊ ၁၉၈၈ ခုနှစ်ကလို အာဏာသိမ်းတဲ့ဖြစ်စဉ်လို ဖြစ်သွားမယ်လို့ ဥပဒေပညာရှင် ဦးကြီးမြင့်က ထောက်ပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-Ye Myo Khant/MPA

No comments