New Artical

ရွာဘော်လီဘောပွဲ

 

ရွာဘော်လီဘောပွဲ


မှတ်မိသေးတော့တယ်
ရွာမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဥက္ကဋ္ဌဖလား ဘောလီဘောပြိုင်ပွဲလုပ်တဲ့နှစ်ကပေါ့။ ဝင်ပြိုင်တဲ့ အသင်းတွေကလည်း ကြည့်ဦး
သစ်တော၊ ရွာတောင်၊ ရွာနောက်၊ ပညာရေး၊ ကျန်းမာရေး ငါးသင်းပဲရှိတယ်။
ဆုကြေးကလည်းကောင်းဗျား။ အဲဒီခေတ်က ငွေ နှစ်သောင်း။ ငွေနှစ်သောင်းဆိုတာ ဖယ်မလီယာတစ်စီး ကောင်းကောင်း ဝယ်စီးနိုင်တဲ့ခေတ်ပေါ့။
အဲဒီနှစ်မှ အားရစရာကောင်းတာက ပညာရေးအနေနဲ့ ဝင်ပြိုင်တဲ့ ကျောင်းအသင်းပဲ။ ကျောင်းသားကြီး တွေအပြင် ဆရာကချည်း သုံးယောက်။ ဆရာနှစ်ယောက်က လက်ရွေးစင်တွေ။ ကျောင်းထဲမှာ ညနေတိုင်း လေ့ကျင့်ထားတဲ့ အမာခံ အသင်းပေါ့။
ကျန်တဲ့ အသင်းတွေကတော့ ခုမှဖွဲ့တာတွေဆိုတော ကြောက်စရာ မရှိပေမယ့် ကျန်းမာရေးအဖွဲ့ကလည်း တောင့်တယ်။ ကျောက်ဆေးထိုးဆရာလေးတွေအပြင် စောတင်စိုး ဦးဆောင်တဲ့ ကရင်လေးတွေကလည်း လျှော့တွက်လို့မရဘူး။ သူတို့ကလည်း နေ့တိုင်း ဆေးရုံထဲမှာ ကစားနေကျ။
နောက်ဆုံးတော့ ဖိုင်နယ်ကို နှစ်သင်းပဲတက်လာတယ်
ပညာရေး နဲ့ ကျန်းမာရေး
ဗိုလ်လုပွဲနေ့ကတော့ ဘော်လီဘောကွင်း လုပ်ထားတဲ့ လယ်ကွက်ထဲမှာ တိုးမပေါက်ဘူး။ မြို့က ပါတီအတွင်းရေးမှူးကြီးလည်း ရောက်နေတာကြောင့် ငွေသားနဲ့ ဖလားကို သူကိုယ်တိုင် နိုင်တဲ့အသင်းကို ဆုချဖို့ ပြင်နေတာ။
လူတွေကလည်း စပါးသိမ်းအပြီး ပွဲငတ်နေကြတာ။ ဘော်လီဘောပွဲကိုပဲ ဘုရားပွဲလောက်ထင်ပြီး လာတိုးနေကြ။ ဈေးသည်တွေကလည်း စည်လှတယ်။
အသံချဲ့စက်ကလည်း မိုးလင်းကတည်းကဖွင့်နေတာ။ ပွဲကျင်းပမှာက ညနေ ၃ နာရီ
ဟော သုံးနာရီထိုးပြီ
နှစ်ဖက်အသင်းသားတွေ ကွင်းလယ်မှာ ဟိုဘက်သည်ဘက် ခွဲရပ်နေကြပြီ
ဓာတ်စက်က
“ယခုအချိန်ကစပြီးတော့ အတွင်းရေးမှူးကြီးက အဖွင့်အမှာစကားပြောကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါ သည်” လို့ကြေညာ
စကားပြောစင်မြင့်ကိုထလာ ပြောလိုက်သမှ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှုတွေ၊ တောင်သူလယ်သမား တော်လှန်ရေးတွေ၊ ခေတ်ပြောင်းတော်လှန်ရေးတွေ၊ အမြုတေပါတီမှ ပြည်သူ့ပါတီဆိုတာလည်း ပါသေး။ အလိုလေးလေး ပြောချိန်က နာရီဝက်ကြာ မတ်တတ်ရပ်နေသူတွေ လိမ်ပိန်ရွထိုး သောက်ကျိုးကိုနည်းရော။
အတွင်းရေးမှူးကြီးက ပြောပြီးတော့ ကျန်းမာရေးဌာနက ဆရာဝန်ကြီးအလှည့်  
ကုသရေး၊ ကာကွယ်ရေး၊ တားဆီးရေး၊ သန့်ရှင်းရေး၊ ဖွားသေစာရင်း ပြုစုရေး၊ ငှက်ဖျားရောဂါ အမြစ်ပြတ်ရေး၊ တီဘီသံသယရှိလူနာများ အခမဲ့ကုသပေးရေး၊ အရပ်လက်သည်တွေကို သင်တန်းပေးရေးတွေစုံလို့။
ဆရာဝန်ကြီးလည်း အပြောကောင်းတာပဲ နောက်ထပ် နာရီဝက်လောက် သွားပြန်ရော
“ဘောလုံး ပုတ်ပါတော့ဗျိုး ... မိုးချုပ်တော့မယ်”
ရွာသားတွေ အော်နေကြပြီ
“ယခုနောက်ဆုံး မိန်းခွန်းပြောကြားပေးမှာကတော့ ကျောင်းအုပ်ဆရာကြီးဖြစ်ပါတယ် ... ပညာရေးကိုယ်စား အမှာစကား ပြောကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်”
ဆရာကြီးကလည်း ဘယ်ကတည်းက ရေးလာမှန်း မသိတဲ့ စာရွက်တွေအထပ်လိုက်ထုတ်၊ မျက်မှန်ကို သုတ်
“ကြွရောက်လာကြတဲ့ ပါတီအတွင်းရေးမှူးကြီးနဲ့တကွ ... ဆရာဝန်ကြီး အပါအဝင် ... သစ်တော အရာရှိများနဲ့ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျား” လို့ စကားစ
“ဘောပုတ်ပါတော့ဗျိုး ... မိုးချုပ်တော့မယ် ... ကျုပ်တို့က ကညင်ချောင်းအထိ ပြန်ရမှာမို့ပါ”
ကညင်ချောင်းဆိုတာက ၇ မိုင်လောက်ဝေးတာလား
ဆရာကြီးကလည်း ပေရှည်ပြီ
“ပညာရေး မျှော်မှန်းချက် ... စာပေမတတ် ကြက်ခြေခတ်ဘဝ လွတ်မြောက်ရေး ... ဖိုးသုညဘဝ ပပျောက်ရေး ... အသုံးလုံးသင်တန်းများ ပေးရေး ... ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းရောက်ရေး ...”
အလိုလေးလေး ဆရာကြီးက ပိုပြီးပေရှည် နာရီဝက်ကျော်နေပြီ
“တော်ပါတော့ဗျိုး ... ဘောပုတ်ပါတော့”
၅ နာရီထိုးနေပြီ ဘော်လီဘောက မပုတ်နိုင်သေး။ ကျောင်းအုပ်ဆရာကြီးကလည်း လေရှည်နေတော့ မျှော်လင့်ချက်ဝေး
“နိဂုံးချုပ်အနေနဲ့”
လူတွေ လက်ခုပ်တွေတီး ကျွမ်းတွေထိုး လက်ခေါက်တွေမှုတ်
“ဟော ပြီးတော့မယ်တဲ့ဟေ့ နိဂုံးချုပ်နေပြီ”
“ချုပ်မှပဲဟေ့ မှောင်နေပြီ”
အဟုတ်ပဲ မိုးချုပ်တော့မယ်။
“နောက်ဆုံးအနေနဲ့ ကျေးရွာဥက္ကဋ္ဌကြီးက ..."
“ဟာ” ဆိုတဲ့ အသံကြီး ထွက်လာ
“သွားပါပြီကွာ”
“ဥက္ကဋ္ဌကြီးက လည်းချောင်းတွေ နာနေလို့ မပြောတော့ပါဘူးတဲ့ဗျား”
“ဟေး”
ရွာသူရွာသားတွေ ပျော်သွားကြတာ။ မိုးချုပ်တော့မယ်လေ။
ဘော်လီဘောပွဲစပြီ
“ယခုအချိန်ကစပြီး ကျန်းမာရေးနဲ့ ပညာရေး အကြိတ်အနယ် ဘော်လီဘောပွဲကြီး စတင်ပါပြီ”
အသံချဲ့စက်ကအော်
တကယ့်ကို ဘောလုံးပွဲအတိုင်း အော်တာ
“ဟော ... ဟော ... ပညာရေးက ဆာဗင်ဘောရပြီ ... ထောင်တယ် ... ထောင်တယ် ... ကျန်းမာရေးက ဖမ်းတယ် ... တို့တယ် ... တောက်တယ် ... ဟောဗျား ... ခုတ်တယ် ... ကာတယ် ... မမိဘူးဗျာ ... ရပြီ တစ်မှတ်”
“ထောင်ပြီ ... တက်လာပြီ ... ဖမ်းတယ် ... ပင့်တယ် ... ကာတယ် ... အလိုဗျာ ကလေးကွက်လေးနဲ့ ဝင်တယ် ... ရပြန်ပြီတစ်မှတ်”
“ပညာရေးဗျာ ... ပညာရေး ... ဝေ့တယ် ... ဝဲတယ် ... ပုတ်တယ် ... လွှဲရိုက်တယ် ... ဘယ်ရမလဲ ဟိုဘက်ကလည်း တောင့်ထားတယ် ... ခံတယ် ပင့်တယ် ... ခုတ်တယ် ... ဘေးထွက်သွားပါတယ်ဗျား”
ဟော ... ပညာရေး ... ပညာရေး ... ဘာလုပ်မလဲ ... လွှဲတယ် ... ခုတ်တယ် ... အောက်တယ်ဗျား ...အောက်တယ်”
“ဟာ ... ဘာမှ မမြင်ရတော့ဘူး ... မှောင်လာပြီ ... ဟေ့ ဟေ့ ကွင်းထဲမဝင်ကြနဲ့လေ ... ဟ စက်ကို လာမတိုးနဲ့ ... မှောင်မည်းနေတာပဲ ... သွားပြီ”
“ဝုန်း ... ဂလုံး ...ဂွမ်း”
နောက်ဆုံးတော့ ဘယ်အသင်းမှ အနိုင်အရှုံးမရှိ
ဖလားကြီးက လူတက်နင်းလို့ပိန်
ငွေနှစ်သောင်းထည့်ထားတဲ့ စာအိတ်က ပျောက်
ပညာရေးနဲ့ ကျန်းမာရေး ဘော်လီဘောပွဲကြီးကလည်း နောက်ဆုံးမှာ အနိုင်အရှုံးမရှိ။

တင်ညွန့်

No comments