New Artical

ခါးကောင်းမောင်းသန်ကြစေ (Back Pain)


 ခါးကောင်းမောင်းသန်ကြစေ (Back Pain)

 ———၊ ဒေါက်တာတင့်ဆွေ ၊———

ချင်းတွင်းမြစ်ထဲကို အနောက်ဖက်ကနေစီးဝင်တဲ့ ယမားကနှစ်ခုရှိတယ်။ ယမားဆိုတာက နွေဆိုရင် ရေမရှိတဲ့ချောင်းပေါ့။ လူကြီးသူမတွေက ရေမရှိတဲ့ချောင်း၊ နှာခေါင်းနှစ် ဘာဖြစ်စေ-ညာဖြစ်စေ ပြောလေ့ရှိတာပေါ့။ အဲမိုးများရွာလိုက်ရင် တခေါ်လောက်သာကျယ်တဲ့ ယမားကို ကန့်လန့်ဖြတ်မကူးလေနဲ့။ ဘယ်လောက်သန်တဲ့ နွားဖြစ်ဖြစ်၊ ဘယ်လောက်မြန်တဲ့ လူဖြစ်ဖြစ် မလွတ်ရေးချမလွတ်။

တောင်ယမားကမ်းပေါ်က ရွာသေးသေးလေးမှာ ကျွန်တော့်ကိုမွေးခဲ့ပါတယ်။ ယမားချောင်းဘေးမို့ ရေကလည်းကောင်း၊ မြေအမျိုးအစားကျပြန်တော့ တနယ်မြေမလို့ခေါ်တယ်။ မဲပြီးစေးနေတာမျိုး။ ပဲ-ပြောင်း-နှမ်း-ဝါ စိုက်ချင်ရာစိုက် အထွက်ကောင်းပါတယ်။ ဒါပေမဲ့ မိုးရွာပြီဆိုတာနဲ့ ကားမပြောနဲ့၊ လှည်းဘီးတောင် မလည်နိုင်တော့ဘူး။ တအောင့်နေတခါ လှည်းဘီးကရွံ ့ကို ခြစ်ပြစ်ပါမှ ခရီးဆက်နိုင်မယ်။ ချောင်းစပ်-ချောင်းထဲမှာ ခရမ်းချဉ်၊ ကြက်သွန်စိုက်လို့ကောင်း။ အုန်းဆိုတာ သားသမီးအမွေပေးရင် စာရင်းဝင်တယ်။ ယမားနှစ်ခုကြားနေရာတွေမှာ နောက်ခေတ်ရောက်လာတော့ ကုလားပဲနဲ့ဂျုံကို ပြောင်းစိုက်ကြတာ ကောင်းသလားမမေးနဲ့။

ဒီလိုဆိုလိုက်တော့ ဒီအကောင်ကြီးရင် စိုက်ပျိုးရေးသမားဖြစ်မယ် ထင်နိုင်လောက်ပါရဲ ့။ ဖြစ်တော့မလို့ပဲ။ ဆယ်တန်းအောင်တော့ အမှတ်ပေးစနစ်အသစ်နဲ့ညားခဲ့တယ်။ နောက်လူတွေ သိမှာမဟုတ်ဘူး။ နောက်လူတွေကြုံတာတွေလဲ ရှေ ့လူတွေလည်းမသိပါဘူးလေ။ ဘူဘူချင်းလုပ်လိုက်ရဦးမယ်။ အဲဒီခေတ် ဆယ်တန်းအောင်ချိန်မှာ ရွေးရသဗျ။ ကြိုက်တာတခုတည်းတော့ မဟုတ်ဘူး။ တန်ရာနဲ့ကြိုက်ရာ နှစ်ခုလုံးရွေးရတာ။ ကျောင်းဆက်တက်ဖို့ ဆေး-စက်မှု၊ ဘာညာပေါ့။ သုံးမျိုးရွေးရမယ်ဆိုလို့ ကျွန်တော်က တတိယဦးစားပေးမှာ စိုက်ပျိုးရေးရွေးခဲ့တယ်လေ။ စောစောကရေးသလို တောသူတောင်သား မျိုးရိုးအရတော့ မဟုတ်ဘူး။ မန္တလေးမှာသင်နိုင်မယ့် ကျောင်းတွေမို့သာ ရွေးခဲ့တာပါ။

ငါးနှစ်သားကနေ မွေးရပ်ကခွာသွားလိုက်တာ အလုပ်အကိုင်ရပြီး၊ အတော်ကြာမှ ကိုယ့်မြို ့ကိုယ်နယ်ကို ပြန်လာရတော့တယ်။ အဲဒီအချိန်မှာ ဝါတွေမစိုက်ကြတော့လို့ ဝါစက်ကြီးက မလည်နိုင်တာတောင် အတော်ကြာပြီတဲ့။ ဒါပေမဲ့ ကျွန်တော်တို့အုပ်စုအဖို့ အတော်အသုံးကြတာ သွားတွေ့ရတယ်။ ဝါလှမ်းတဲ့ အုတ်ခုံကြီးပေါ့။ 87′ x 36′ တင်းနစ်ကစားကွင်းလုပ်ဘို့ အံကိုက်ပဲ။ စတိတ်တူးတုံးက အတူနေငယ်သူငယ်ချင်းနှစ်ယောက်ကို အင်ဂျင်နီယာဘဝနဲ့ ပြန်ဆုံကြရော။ တယောက်က ဝါလှမ်းတဲ့အုတ်ခုံကို ပုလဲ(အိုးပင်) ကစားကွင်းလုပ်လိုက်တယ်။

“ခါးနာတို့မည်သည် ဆေးတခုတည်းနဲ့မရပါ။ စာအုပ်ကြီးဖတ်ပြီး ပြောမှာ မဟုတ်ဘူးနော်။ ဘာမဆို ကိုယ်တွေ့ဆိုတာက မေ့မရဘူး မဟုတ်ပါလား။ ခါးနာသူများ အအိပ်-အနေ-အထိုင် ဤသုံးမျိုး ချက်ပိုင်ဖို့ လိုပါတယ်။ အိပ်ရင် ကြမ်းခင်းမာမာမှာ ခါးစန့်စန့်၊ ခေါင်းအုန်းနိမ့်နိမ့်အိပ်ပါလေ။ ပက်လက်-ကုလားထိုင်မှာ မထိုင် လေနဲ့။ ဆင်းရဲသားကြိုက်ဗျ။မွေ့ယာမသုံးနဲ့၊ (ဒရင်းဘက်)မသုံးနဲ့” .

ကစားရတာတော့ကောင်းပါရဲ ့ တရက်ကြတော့ ကစားရင် ဘောလုံးကို ရိုက်ဖို့ကြိုးစားတာ ကိုယ်အောက်ပိုင်းက မရွေ ့နိုင်ဘဲ အထက်ပိုင်းက ဆတ်ကနဲလှုပ်တော့ ခါးနာပါလေရော။ အတော်ကိုခံရသဗျ။ ခါးနာတဲ့လူတွေက အများသား၊ အကြောင်းအမျိုးမျိုးနဲ့ နာတတ်တာ။ ယောကျာ်း-မိန်းမ မရွေးဘူး။ အရွယ်က လူလတ်ပိုင်းဖြစ်တတ်ကြတယ်။ စာရင်းမှတ်လေ့လာသူများက လူငါးယောက်မှာ လေးယောက်က ဖြစ်ဖူးသတဲ့။ ဒါပေတဲ့ များသောအားဖြင့် သာမန်ကာရှန်ကာနဲ့ ပျောက်ပါတယ်။ နည်းနည်းနားပြီး၊ အကိုက်အခဲပျောက်ဆေးလေး ဘာလေးသောက် ပျောက်တာမျိုး မဆိုးလှပါဘူး။ အဲလိုကံကောင်းသူ မဟုတ်ရင်တော့ ကြာပြီ။ နာပြီ။ တခါဖြစ်ဖူးရင် ထပ်ထပ်လည်းဖြစ်တတ်သေးတယ်။

အကိုက်အခဲပျောက်ဆေးဆိုတာ ပဲလှော်လို၊ အိမ်တိုင်းမှာရှိ၊ လူတိုင်းလဲစားလေ့ရှိတယ်။ ဗမာပြည်တွင်းမှာ (ဘတ်စ်ပရို)၊ အရင်က (အေပီစီ)၊ နည်းနည်းပျင်းတာလိုချင်ရင် (အနာဂျက်ဆင်)၊ အခုနောက်ပိုင်း၊ (ဘလူဖင်)၊ (ကွန်ဘီဖလင်)၊ နာမည်တွေက အမျိုးမျိုး။ ဆေးနာမည်ဆိုတာ ကုမ္ပဏီတွေက ပေးတဲ့နာမည်(ဘရင်း-နိမ်း)နဲ့ ဆေးနာမည် (ဂျနဲရစ်-နိမ်း)ဆိုတာ နှစ်မျိုးမှတ်ဖို့လိုတာ။ အမှန်က အကိုက်အခဲပျောက်ဆေးဆိုတာက ဆိုင်တွေမှာ ရေတွက်မကုန်လောက်အောင် နာမည်မျိုးစုံရှိပေမယ့်၊ ဆေးအမျိုးအစားအခြေခံက သုံး-လေးမျိုးလောက်သာ ရှိတာပါ။ NSAID လို့အုပ်စုနာမည်ပေးထားတာ။ (စတီးရွိုက်)မပါတဲ့ အနာပျောက်ဆေးကို ပြောတာပါ။ (စတီးရွိုက်)ဆိုတာ ဟော်မုန်းလိုဘဲ အာနိသင်ကပြင်း၊ ဘေးထွက်မကောင်းကျိုးကလဲပြင်း၊ ပဲလှော် လိုမစားသင့်ဘဲ၊ ဒူးရင်းသီးလို တခါတလေမှ သေသေချာချာ စားရတာမျိူး။

အနာပျောက်ဆေးလို့ အလွယ်ပြောပေမဲ့ သတ္တိက သုံးမျိုးတောင်ရှိတယ်။ နာတာလဲပျောက်၊ ဖျားတာလဲကျ။ ရောင်တာလဲလျော့လို့ သုံးလွန်းတင်ဆေးဖြစ်တယ်။ တကယ်ပဲလှော်လို စားနိုင်တာကတော့ (ပါရာစီတမော)။ ကျွန်တော်တို့ ကျောင်းနေတုံးက သင်ရချိန်မှာ ဒီဆေးကို အရေးမလုပ်ခဲ့ကြဘူး။ ကျောင်းသားတွေသာမဟုတ်။ ဆေးစာအုပ်တွေမှာတောင် နေရာသိပ်မပေးဘူးဗျ။ အဲနောက်တော့ သွေးထွက်တတ်တဲ့ရောဂါတွေ ခေတ်စားလာတယ်မဟုတ်လား။ ဗိုက်နာရောဂါသမားတို့၊ သွေးလွန်တုပ်ကွေးတို့၊ ဟိုက-ဒီက သွေးယိုတာတို့ များများလာတော့ အကိုက်ပျောက်ဆေးတွေကို တလေးတစား၊ သတိထားရာကနေ တချိန်က လူသိမများ၊ လူသုံးနည်းခဲ့တဲ့ ကို(ပါရာ)က နေရာရလာတော့တယ်။ ဗိုက်နာသူလဲ ကိစ္စမရှိ။ ကလေးဆိုလဲ ပေးတာပေး။ သိပ်မများရင် ပြီးရော။

အဲ …ကျွန်တော့်ခါးနာမျိုးကျ တော်တော့်အနာပျောက်ဆေးနဲ့ မရတော့ဘူး။ အပြင်းစားတွေသုံးတော့ သုံးနိုင်တယ်။ ဘိန်းတမျိုးမျိုးပါနေတဲ့ ဆေးမျိုးပြောတာ။ ကြွက်သားပျော့ဆေးလဲ ပေးတတ်တယ်။ ဆေးရှိန်ရှိနေတုံး အနာသက်သာမယ်။ ဘယ်ဆေးမဆို လေးနာရီ၊ ခြောက်နာရီ စသဖြင့် သတ္တိပြကြတယ်။ တနေ့နှစ်ခါသောက်ဆိုတာ ၁၂ နာရီသာခံလို့ပြောရတာ။ တလခံဆေးဆိုတာ ကြားဖူးမှာပေါ့၊ လေးဘက်နာကြောင့် နှလုံးရောဂါဆက်မဖြစ်အောင်ထိုးရတဲ့ (ပနယ်စလင်)ထိုးဆေး။ အဲဒါမသိတောင် သုံးလခံဆိုတာ တချို့က ကောင်းကောင်းသိမှာပေါ့။ မိသားစုစီမံကိန်း ထိုးဆေးလေ။ ဒါ့ကြောင့် တနေ့ လေးခါသောက်ဖို့ပေးတဲ့ဆေးကို တခါတည်း အကုန်မသောက်ရတာပေါ့။ ဗီတာမင်(ဘီ)တစ်တို့၊ နှစ်တို့ ဆိုတာ ကြားဖူးမှာပေါ့။ ဘီ ၁၂ ကုန်လို့ ဘီ ၆ နှစ်လုံးကို ရောထိုးတယ်ဆိုတာလေ။ ဟာသမဟုတ်ဘူး တကယ်ဖြစ်ဖူးတာ။ ချင်းတွင်းနားမှာပါဘဲဗျာ။

ခါးနာတို့ မည်သည်ဆေးတခုတည်းနဲ့မရပါ။ စာအုပ်ကြီးဖတ်ပြီးပြောမှာ မဟုတ်ဘူးနော်။ ဘာမဆို ကိုယ်တွေ့ဆိုတာက မေ့မရဘူး မဟုတ်ပါလား။ ခါးနာသူများ အအိပ်-အနေ-အထိုင် ဤသုံးမျိုး ချက်ပိုင်ဖို့ လိုပါတယ်။ အိပ်ရင် ကြမ်းခင်းမာမာမှာ ခါးစန့်စန့်၊ ခေါင်းအုန်းနိမ့်နိမ့်အိပ်ပါလေ။ ပက်လက်-ကုလားထိုင်မှာ မထိုင်လေနဲ့။ ဆင်းရဲသားကြိုက်ဗျ။ မွေ့ယာမသုံးနဲ့၊(ဒရင်း-ဘက်)မသုံးနဲ့၊ Hammocks ဆိုတဲ့ ကြိုးတို့၊ အဝတ်တို့နဲ့ လုပ်ထားတဲ့ ပုခက်အိပ်ယာမျိုးနဲ့ စတိုင်မထုတ်လေနဲ့။

ထိုင်ရင် ကျောမှီပါရမယ်၊ ပေါင်ကအခင်းမှာကပ်နေသလို နောက်ကြောက နောက်မှီမှာကပ်နေပါစေ။ ဆောင့်ကြောင့်မထိုင်လေနဲ့၊ လက်တဝါးလောက်သာမြင့်တဲ့ ဖင်ထိုင်ခုံမှာ ထမင်းချက်ရင်း၊ မီးလှုံရင်း။ အတင်းပြောရင်း၊ သန်းရှာရင်း မထိုင်ပါနဲ့။ တီဗွီကြည့်မယ်ဆိုပါတော့ . . ဆက်တီ-ကွတ်ရှင်ပေါ်မှာ ငါးထပ်သားပြားကိုခင်းထားမှ ကောင်းမယ်။

မနက်လင်းလို့ မျက်နှာသစ်ရင် ပြဿနာတက်ပြီ။ ခါးများသွားကွေးလိုက်လို့ကတော့ ပိုဆိုးမယ်။ မကုန်းလို့ကလည်း ရေကဗိုက်စိုပြီ။ အဲဒီလိုအလုပ်မျိုး ကြပ်ကြပ်သတိထားပေရော့။ လက်ဆေး၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ဘာမဆိုခါးကိုဆန့်ပြီးမှ လုပ်ပါ။ တံခါးမင်းတုံး၊ ဘီရိုတံခါး၊ စာရေးစားပွဲ၊ လက်ဆေးခွက်တို့ အားလုံးဟာ ကိုယ့်အရပ်နဲ့ကိုက်ဖို့ လိုပါတယ်။ ဘယ်လောက်ဘဲ ပြောင်လက်ချောမွေ့နေအောင် လုပ်ထားပါစေ၊ ရွှေကွပ်ထားအုံးတော့ အနိမ့်အမြင့်မကိုက်တဲ့ အသုံးအဆောင်ဟာ အကောင်းစာရင်း မသွင်းသင့်ပါ။ ကွန်ပြူတာမှာထိုင်ရင် လက်ကောက်ဝတ်ရိုးကိုဘဲ သတိပေးတာ မလုံလောက်ဘူး။

စားရင်းသောက်ရင်းတော့ ဒီစာဆက်မဖတ်နဲ့နော်၊ သတိပေးပါတယ်။ အိမ်သာတက်တာ စပါယ်ရှယ်မှ ဖြစ်တာကို ရေးချင်လို့ပါ။ ဆောင့်ကြောင့်ထိုင်အိမ်သာနဲ့ ရှင်ခန်းဖြတ်သင့်တယ်။ ဗိုလ်ဆန်ဖို့ ဒီနေရာမှာလိုပါတယ်။ ဒူးကို ၉၀ ဒီဂရီသာ ကွေးဖို့လိုတဲ့ အမျိုးအစားနဲ့သာ ခါးနာသူများ ထိုက်တန်တော့တယ်။ ဒါတခုကတော့ ဆင်းရဲသားတွေ ကံမကောင်းပြန်ဘူးနော်။ ခါးမနာအောင်သာ ဆင်ခြင်ဗျာ။

ခါးနာတာကို ခါးမှာအပူကပ်ရင် သက်သာနိုင်တယ်။ ပရုပ်ပလာစတာ၊ ငရုပ်သီးပလာစတာ ဆိုတာမျိုး၊ (အင်ဖရာ-ရက်) ဆိုတဲ့ မီးနီကင်တာလဲ အထောက်အကူရပါတယ်။ (ဖီဇီယို) ခေါ်တဲ့ အကူပစ္စည်းတွေနဲ့ လေ့ကျင်ခန်းလုပ်တာတို့၊ ဖယောင်းကပ်ပေးတာတို့လည်း လုပ်ရတတ်တယ်။ ကံဆိုးသူများ ခါးနာလို့ ခွဲစိတ်ကုရတာမျိုးရှိတယ်။ အာရုံကြောထိတဲ့လူတွေမှပါ။ ခေတ်စားလာတဲ့ ကုနည်းတခုက ခါးမှာ အင်္ဂတေလို အစွမ်းရှိတဲ့ဆေး ထိုးတာတဲ့။

အစားမတော်တလုပ်၊ အသွားမတော်တလှမ်း။ ကစားမတော်တော့ တလှမ်းတောင်မလှမ်းရဘူး ဖြစ်တတ်တယ်။ စားသတိ၊ သွားသတိ၊ ကစားသတိ ရှိနိုင်ကြပါစေ။

Credit: HealthyLife

No comments