New Artical

Apple ရဲ့ ထုတ်လုပ်ရေးပိုင်းကို အိန္ဒိယနဲ့ ဗီယက်နမ်ဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်


Apple ရဲ့ ထုတ်လုပ်ရေးပိုင်းကို အိန္ဒိယနဲ့ ဗီယက်နမ်က စက်ရုံတွေဆီ ကူးပြောင်းရေး လုပ်ဆောင်နေပါတယ်။

Apple နည်းပညာကုမ္ပဏီကြီးဟာ ထုတ်လုပ်ရေးပိုင်းကို တရုတ်နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက် အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာမှုအခြေအနေ ပြေလျော့သွားနိုင်တယ်လို့ မျှော်လင့်သော်ငြားလည်း iPhone, iPad, Mac နဲ့ တခြား Apple ထုတ်ကုန်တွေအတွက် ထုတ်လုပ်ရေးပိုင်းကို အိန္ဒိယနဲ့ ဗီယက်နမ်က စက်ရုံတွေဆီ ကူးပြောင်းရေး ဆက်လက် လုပ်ဆောင်နေပါတယ်။

နည်းပညာဂုရုကြီးရဲ့ iPad ထုတ်လုပ်ရေးပိုင်းတွေကို အစောဆုံး ဒီနှစ်လယ်လောက်မှာ ဗီယက်နမ် စက်ရုံကနေ စတင်ထုတ်လုပ်တော့မယ်လို့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် သိသာ ထင်ရှားတဲ့ အလှည့်အပြောင်းတခု ဖြစ်လာခဲ့တာပါ။

ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ iPhone ထုတ်လုပ်ရေးပိုင်းတွေကို ကမ္ဘာ့ဒုတိယအကြီးဆုံး ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်ရာ အိန္ဒိယမှာ အခြေချသွားဖို့ ရှိနေပြီး နောက်ဆုံး ထွက်ရှိထားတဲ့ ပထမဆုံး 5G စမတ်ဖုန်း iPhone 12 ထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ် ပထမ လေးလပတ်အတွင်း စတင်ထုတ်လုပ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါ့အပြင် Apple ဟာ Smart speaker, Earphone နဲ့ ကွန်ပျူတာတွေကို အရှေ့တောင်အာရှနိုင်ငံတွေမှာပါ တိုးချဲ့သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံက စက်ရုံမှာတော့ နောက်ဆုံးပေါ် HomePod mini ထုတ်လုပ်ရေးပိုင်းကို တိုးချဲ့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ HomePod mini တွေကို ဗီယက်နမ်မှာ မနှစ်ကတည်းက စတင်ထုတ်လုပ်လာခဲ့တာပါ။

Apple ရဲ့ Mac mini နဲ့ သက်ဆိုင်တဲ့ ထုတ်လုပ်ရေးတချို့ကို မလေးရှားနိုင်ငံမှာ ထားရှိသွားမှာဖြစ်သလို MacBook ထုတ်လုပ်ရေးပိုင်းကိုတော့ ဗီယက်နမ်ဆီ ရွှေ့ပြောင်းဖို့ ရှိနေပေမယ့် မူလတရုတ်နိုင်ငံမှာလည်း ကွန်ပျူတာ ထုတ်လုပ်ရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအများစု ကျန်ရှိနေပါသေးတယ်။

ကမ္ဘာမှာ အချိန်အကြာကြီး ထုတ်လုပ်ရေးစက်ရုံတွေ တည်ရှိတဲ့ တရုတ်နိုင်ငံအပေါ် မှီခိုနေရာကနေ လျှော့ချလာတဲ့ Apple က နည်းပညာကုမ္ပဏီကြီးတွေထဲမှာ ကြီးမားတဲ့ အစိတ်အပိုင်းတခု ဖြစ်လာခဲ့ပါတယ်။ တရုတ်မှာ အလုပ်သမားစရိတ် မြင့်တက်လာသလို၊ ကုန်သွယ်ရေး တင်းမာမှုအပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း တနိုင်ငံတည်းအပေါ် အားကိုးနေရာက ပြင်ပဆီ ရွှေ့ပြောင်းဖို့ တွန်းအားဖြစ်လာတာပါ။

၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်ကစပြီး သမ္မတဟောင်း ထရမ့်အစိုးရနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့ပေမယ့် သမ္မတသစ် ဂျိုးဘိုင်ဒန် လက်ထက်မှာတော့ နိုင်ငံရေးအခြေအနေ ပိုကောင်းလာဖို့ မျှော်လင့်ချက် ရှိနေပါတယ်။ ၂၀၂၀ ခုနှစ်ကစလို့ Apple ဟာ ထုတ်လုပ်မှုတချို့ ဗီယက်နမ်ကို ရွှေ့ပြောင်းလာခဲ့သလို၊ အိန္ဒိယမှာလည်း iPhone 11 ထုတ်လုပ်ရေးပိုင်းကို စတင်ခဲ့ပါတယ်။

Ref: Nikkei Asia

No comments