New Artical

အကြည်တော် ၊ သူခိုး အပိုင်း ၄

 .                        အပိုင်း(၄) 



#သူခိုး - အကြည်တော် 


       

.

အဲ့ဒီကစပြီး ငပိန်ကို အိုးလေးအိုးရွာထဲ အဝင်ကိုမခံတော့ဘူး။


သူခိုးလိုက်တာကလည်း တစ်ရွာလုံးကုန်ပြီကိုး။ ဘယ်လောက်ထိလဲဆို မလက်တိုထန်းတဲထဲ သူ့ခိုးရာ ပါပစ္စည်းတွေ သိမ်းတာကို မဆံ့တော့လို့ အနောက်မှာ ဂိုထောင်တစ်လုံးတောင် ထပ်ဆောက်ပေးရတယ်။


သူကြီးပါကညောနဲ့ ဖိုးဌေးတို့ကတော့ မသိချင်ယောင်ဆောင်ပေးပါရဲ့။ မသိချင်ယောင်ဆောင်တာကလည်းအကြောင်းရှိရဲ့ဗျ။ မှတ်မိမှာပေါ့။ ငပိန်နဲ့သူ အလဲအထပ်လုပ်ခဲ့တဲ့ တိုက်ကြက်ကြီး ငွေထုပ်လေ။ 


ငပိန်ကပဲ ကံကောင်းနေတယ် ပြောရမလားပဲ။ ပါကညောကြီး ငပိန်ရဲ့ကြက်ငွေထုပ်နဲ့ တိုက်တာ ပွဲကြီးချည်းပဲ သုံးပွဲဆက်တိုက်နိုင်သဗျ။ ဒါကြောင့် ငပိန် သူ့ရွာဝင်ခိုးသွားတာ အပြစ်မမြင်တာလည်း ဖြစ်နိုင်တယ်။ ဒါ့အပြင် သူ့မိန်းမ အရင်ပုအတွက်ကို ထဘီကွင်းကြီးနှစ်ကွင်း ပြန်ဝယ်ပေးလိုက်သေးတယ်။


လူကြီးကွင်းနှစ်ကွင်းဆို သူ့မိန်းမ အရင်စောပုအတွက်တော့ ထဘီ ခြောက်ကွင်းရသွားတာပေါ့။ ဒီတော့ သူကြီးကတော် အရင်စောပုကလည်း သူ့ ထဘီသုံးကွင်းပျောက်တာ မေ့မေ့လျော့လျော့ပဲ။


ဒါပေမယ့် ရွာသားတွေက ဘယ်ရမှာလဲ။ ငပိန် ရွာထဲဝင်တာနဲ့ အရေခွံဆုတ်ပစ်မယ် ဆိုတာချည်းပဲ။ ငပိန်ခမျာ တစ်နှစ်တိတိ ခိုးခွင့်ရတာတောင် ရွာနားကို မကပ်ရဲရှာဘူး။


ဒါပေမယ့် ငပိန်မှာက အကွက်ရှိတယ်။


အကွက်ကမှ အကွက်ကြီး။


ဒီတစ်ခါ ရွာအပြောင်ခိုးဖို့ ကြံစည်ထားတယ်။


ဒီလောက်တောင် ရွာနားတောင် ကပ်မရတာ။ ရွာပြောင်အောင် ခိုးဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲပေါ့။


ငပိန်မှာ အကွက်ရှိပါတယ်ဆို။ အကွက်ကမှ အကွက်ကြီး အကွက်ကောင်း။ အစက ပြောခဲ့တယ်လေ။ မှတ်မိလား။


+++


ဒိုးကျမှာ မြေဝိုင်းရှိတယ်။


အဖွဲ့ကတော့ ထုံးစံအတိုင်း 


လက်ျာခံစိမ့်စိမ့်စိုး။ နောက်ထတွေကလည်း ပေါတာကြီးတို့ ပေါတာလေးတို့ပဲ။ သူတို့နှစ်ယောက်က တစ်နှစ်ကလည်း ပေါတာကြီး အသားမဲတဲ့အကြောင်း၊ ပေါတာလေး သွားခေါတဲ့အကြောင်း၊ ဒါပဲ ပြက်လုံးထုတ်နေကြတာ။ 

စိမ့်စိမ့် စိုးကလဲ ကလက်တက်တက် ပျံတံတံ။ ကတာက နည်းနည်း၊ ကြာပစ်နေတာက များများရယ်၊ ဒါပေမယ့် ရွာတွေက ပွဲငတ်တော့ ဒါကိုပဲ အကောင်းလုပ်ပြီး ကြည့်နေကြရတာ။


လာကြည့်တာမှ ရွာလုံးကျွတ်။ ရွာလုံးကျွတ်ကို လာကြည့်ကြတာနော်။ ရွာနီးချုပ်စပ်တွေဆို မပြန်ကြဘူး။ ဘာလို့လဲဆိုတော့ ညဖက်ပွဲကြည့်ပြီး နေ့ဖက်ဆို လောင်းကစားဝိုင်းတွေက ရှိသေးသကိုးဗျ။ ပါကညောတို့အကြိုက်ပေါ့။ 

အဲဒီအချိန်ကျ မြေဝိုင်းအကြောင်းပြပြီး တရားဝင်ကြက်တိုက်လို့ရတာကိုး။ ငပိန်တို့ ကံများကောင်းချင်တော့ ဒီနှစ်မြေဝိုင်းက သုံးညတောင်ဗျား။


သုံးညဆိုရင် ငပိန်အတွက် တစ်ရွာလုံးကုန်အောင် ခိုးဖို့လုံလောက်တယ်။


ငပိန်က ခိုးဖို့ဆို အကြံလဲကြီးတယ်။ သူ့အကြံအစည်က ဒီလို။


ပထမညမှာ သူ တစ်အိမ်တက်ဆင်း လိုချင်တာတွေ လိုက်ကြည့်ထားမယ်။


ပထမညက သတိထားရမယ်လေ။ ရွာမှာ အစောင့်တွေဘာတွေ ချန်ခဲ့နိုင်တာကိုး။


ဒုတိယညမှာ သူလိုချင်တာတွေကို သယ်ဖို့လွယ်အောင် နေရာချထားမယ်။


တတိယညကျမှ အားလုံးကို သူ ပွဲသိမ်းခိုးမယ်ပေါ့။


ဘာလို့လဲဆိုတော့ ပထမညကတည်းက ခိုးလိုက်ရင် ဒုတိယညတို့ တတိယညတို့ ခိုးဖို့ သိပ်မလွယ်တော့ဘူးလေ။


ပထမညကတည်းက ခိုးလိုက်ရင် နောက်နေ့မှာ “ဒီရွာ သူခိုးရှိပြီ” ဆိုတာသိတာနဲ့ အစောင့်တွေချပြီး သူ့ကို ဝိုင်းဖမ်းကြမှာကိုး။ အဲ့တော့ကျရင် ဘာမှမရဘဲ သမခံရမှာလေနော့။


ပထမည၊ ဒုတိယညသာ သူတို့ရွာက ဘာမှပျောက်ရှတာမရှိရင် တတိယည သေချာပေါက် ရွာလုံးကျွတ် မြေဝိုင်းသွားကြမှာ။


အဲဒီတော့မှ တစ်အိမ်တက်ဆင်း ရွာလုံးကျွတ်ဝင်ခိုးနေရုံပဲ။


ငပိန် သူ့အတွေးနဲ့သူ အူမြူးနေတယ်။


ဒါဖြင့် ရွာလူမိုက်ကြီး ပါကညောတို့ ဓားဖိုးဌေးတို့က သူ့ကို စောင့်မဖမ်းနိုင်ဘူးလား။


“ဟင့်အင်း”


အဲ့ဒါတော့ စိတ်ချရတယ်။


ပါကညောဆိုတာ ငယ်ဖြူနှာဘူး။ မွေးရာပါနှာဘူး။ ဖိုးဌေးလဲ ဘာ ထူးလို့။ လက်ျာခံစိမ့်စိမ့်စိုး သူ့ကို ကြာတစ်ချက်ပစ်ရင်ကို စင်နောက်မှာ ဘာလိုချင်လဲ ကြိုပြောထား။ ဖျင်အုပ်လား၊ ပုလဲနားကပ်လား၊ အကုန်ရရစေ့မယ်။


အဲ ... စင်ရှေ့မှာတော့ မလုပ်ရဲဘူး။


သူ့မိန်းမ အရင်စောပုရှိလို့။


အရင်စောပုတို့ဆိုတာကလဲ မျိုးနဲ့ရိုးနဲ့ပဲလေ။ ဇက တယ်မသေးလှဘူး။


ပြောရဦးမယ်ဗျ။


တစ်ခါသား သစ်ပင်လှရွာမှာ လူမိုက်လှမောင်ဆိုတာ ရှိသဗျ။


လှမောင်ဆိုတာ အရှိန်အဝါ ဘယ်လောက်ကြီးသလဲဆို သမန်းဝက်တို့ အကြာကြီးမဲတို့တောင် သူ့ရှေ့ဆို မလှုပ်ရဲဘူး။ သမန်းဝက်ဆိုတာ သူ အနိုင်ကျင့်နေကျ။


တစ်နေ့မှာ သတင်းတစ်ခုထွက်လာတယ်။


“လှမောင်ကြီး ဓားထိုးခံရပြီ”


တကယ်လည်းဟုတ်တယ်။ လှမောင်ကြီး တကယ်ဓားထိုးခံရတယ်။


အထိုးခံရတာမှ တစ်ချက်တည်းမဟုတ်ဘူး။


လည်မျိုတစ်ချက်၊ ဆီးခုံတစ်ချက်။


“ဘယ်သူထိုးသွားတာလဲ” 


ဆိုတော့


“မသိဘူးဗျာ၊ အရပ်ခပ်မြင့်မြင့်ပဲ၊ ထူးခြားတာက ဓားဒဏ်ရာနှစ် နေရာလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်းဝင်လာတာ၊ ဘယ်လိုမှ ရှောင်မလွတ်လိုက်ဘူး” တဲ့။ 


တစ်ရွာလုံး ခေါင်းခြောက်ကုန်တယ်။ ကြည့်လိုက်တော့ ဓား ဒဏ်ရာတူ။ အနက်အတူတူပဲ။ ရွာမှာကလဲ အရပ်မြင့်မြင့် ဓားသမားမှမရှိတာ။


ဒီလိုနှစ်နေရာလုံးကို ဒုတ်ဒုတ်ထိ၊ တပြိုင်တည်း ထိုးနိုင်ဖို့ဆိုတာ တော်ယုံပညာနဲ့ မရနိုင်ဘူး။


သိုင်းဆရာကြီး ပြောင်းပြန်ဘကြီးသိန်းတောင် လေယူရပါတယ်ဆို။


ဘကြီးသိန်းပြောတာက


“ဒီလိုအနေအထားနှစ်ခုကို တပြိုင်တည်း ထိုးနိုင်ဖို့ဆိုရင် ခြေထောက်ကို ပစောက်ပုံသဏ္ဍာန် ရွှေ့ပြီး ခါးကို လေးကိုင်းသဏ္ဍာန် ကွေးရမယ်။ ပြီးမှ ညာလက်ကို ခေါင်းကျော်ပြီး လည်မျိုကိုထိုး၊ ဘယ်လက်ကျ လက်နောက် ပြန် ဓားကိုကိုင်ပြီး ဆီးခုံကိုထိုးရမယ်၊ ဒီမှာကြည့်”


သူပုံစံပါ လုပ်ပြတယ်။ ခန္ဓာကိုယ်အနေအထားက အတော်မလွယ်တဲ့ အနေအထား။ တော်ရုံလူကတော့ မဖြစ်နိုင်ဘူး။


“အင်း ဒီပညာမျိုးက နန်းတွင်းက ဘုရင့်ကိုယ်ရံတော်နဲ့ လုပ်ကြံ သတ်ဖြတ်ရေးသမားတွေပဲ တတ်လိမ့်မယ်၊ ဒါတောင် ဓားချက်က ဒီလောက် တိကျမှာမဟုတ်ဘူး၊ မဟုတ်မှလွဲရော ဒီဿပါမောက္ခများလားပဲ”


အမှန်တော့ ဘာမှမဟုတ်ဘူး။ အရင်စောပုနဲ့ သူ့အစ်မ နှစ်ဘဝ ကြိုပုတို့ တစ်ယောက်အပေါ်တစ်ယောက်ထပ် စောင်ကြီးခြုံပြီး အပေါ်က တစ်ယောက်၊ အောက်ကတစ်ယောက် ဓားနဲ့ပြိုင်တူထိုးသွားတာ၏ အရင်စောပုရဲ့ပခုံးပေါ် နှစ်ဘဝကြိုပုက ခွထိုင်တယ်။ ပြီးတော့ စောင်ခြုံတယ်။ လှမောင်ကြီးဆီသွားတယ်။ လှမောင်ကြီးကိုတွေ့တော့ နှစ်ဘဝကြိုပုက လည်မျိုထိုးတယ်။ အရင်စောပုက သူမှီရာ ဆီးခုံကိုထိုးတယ်။ ဒါပဲ။ နှစ်ယောက်ထပ်ပြီး စောင်ခြုံထားတော့ ရုတ်တရက်ကြည့်ရင် အရပ် ရှည်ရှည်လူတစ်ယောက်လို့ပဲ ထင်ရတာပေါ့လေ။ နော့။


ဘယ်နန်းတွင်းသိုင်းဆရာမှမဟုတ်ဘူး။


သူတို့မောင်လေး သမန်းဝက်ကို လှမောင်ကြီး အနိုင်ကျင့်တာများပြီး မခံနိုင်လို့ ညီအစ်မနှစ်ယောက်ထပ် စောင်ခြုံပြီး ဓားနဲ့ဝင်ထိုးသွားတာ။


အဲ..အဲ့လိုရာဇဝင်တွေရှိလေတော့ ပါကညောကလဲ လူမိုက်က တော့ တကယ့်လူမိုက်။ ဒါပေမယ့် ဘယ်ယောကျာ်းလေးမှ ကိုယ့်ဆီးခုံ ဓားနဲ့ အထိုးမခံချင်ဘူးလေနော့။


ဒါကြောင့် ကိုယ့်ဘာသာကိုယ် မိုက်တာကမိုက်တာပဲ။ မိန်းမ ကြောက်ရတာက ကြောက်ရတာပဲလေ။


ထားပါ။


ငပိန် အပီကြံစည်ထားတဲ့ မြေဝိုင်းညလေးအကြောင်းပဲ ပြောရ အောင်။


+++


ဒီနှစ်မြေဝိုင်းပွဲက ခါတိုင်းနှစ်ထက် ပိုစည်တယ်။


ဒီနှစ်မှာ ရာသီဥတုကလဲ မှန်တော့ ရွာသား တွေလဲ ဝင်ငွေကောင်းကြသပေါ့။ ပွဲလမ်းသဘင်ကလဲ ရှားတော့ ဒိုးကျရွာ မြေဝိုင်းရှိတယ်ဆိုတာနဲ့ ရွာနီးချုပ် စပ်အားလုံး ကလေးကအစ ခွေးအဆုံး အိမ်ပိတ်လာကြတာ။


ဟိုးအဝေးကြီးက မြင်သာရွာကတောင် နွားလှည်းချည်းပဲ အစီးနှစ်ဆယ်ဆိုလား။


နွားလှည်းတွေ ကွင်းထဲသွင်း၊ တဲထိုးနေကြ ပေါ့။ တချို့ကလဲ ဆရာတော်ကျောင်းဝင်း ဝင်ကူရင်း နေသာတဲ့ရော နေကြတာပဲ။ ဘုန်းကြီးကျောင်းဇရပ် မှာဆို လူဆိုတာ ပေါဌေးနေတာ။


ဒီနှစ်လောက်စည်ကားတဲ့မြေဝိုင်း မရှိဘူးရယ်။


နေ့ပိုင်းမှာ ကြက်ဝိုင်းက တချိမ်းချိမ်း။ တာထွက်မှာတင် ပါကညောကြီး ငွေထုပ်နဲ့ ပွဲကျွတ်နိုင်ပြီး အောင်ပွဲခံနေတာ ကြည့်မကောင်းဘူး။ မလက်တို ဆီက ထန်းပင်သုံးပင် စာရင်းချုပ်ပြီး သူနဲ့ဖိုးဌေးချည်း နေ့မီးညမီး အုပ်နေ တယ်။


ရွာထဲမှာဆိုလဲ လူက ရှောင်လို့မလွတ်ဘူးရယ်။ အရှေ့ကရှောင်ရင် အနောက်ကတိုက်။ အနောက်ကိုရှောင်ရင် အရှေ့ကတိုက်နဲ့၊ လူတွေက အဲ့ သည်လောက်ကို များတာ။


ငပိန်တို့ မောင်စိန်တို့ဆိုတာ ရွာထဲလမ်းသလားရင်း အပျော်ကြီး ပျော်နေကြတယ်။


အမှန်တော့ ဒီလိုအခြေအနေမျိုးမှာ ငပိန်အနေနဲ့ လက်သရမ်းပြီး ခိုးသွားလို့ရတယ်။ ဒါပေမယ့် မလုပ်ဘူး။


“ရွာသိက္ခာကျလို့”တဲ့လေ။ အောင်မယ် သူခိုးက။


တကယ်က ဘာမှမဟုတ်ဘူး။ ဒီလိုရက်မျိုး ရွာမှာခိုးပြီး အမိမခံ ချင်ဘူးလေ။ 


အကယ်၍များ မိသွားရင် ပွဲပြီးတဲ့အထိ ထိတ်တုံးထဲ နေရမှာကိုး။ ဒီလိုအဖြစ်ခံလို့မရဘူး။


တမြန်နှစ်ကလဲ အဲ့လိုပဲ။ ပွဲရက်မှာ လက်သရမ်းတာ မိသွားလို့ ပွဲပြီးတဲ့အထိ သူတို့ဒိုးကျရွာသူကြီး ဖိုးစံကြီးထိတ်တုံးမှာမိတာ။ သေရော။ အဲဒီနှစ်က ငတ်ရော။


ခုတော့ ငပိန်တို့က ပါးပြီ။ ပွဲခင်းထဲမှာ ဘာခြေဆော့လက်ဆော့မှ မလုပ်ဘူး။


ဖိုးစံကြီးတို့ ရွာခေါင်းဘသန်းတို့က သူ့ကို မလွတ်တမ်း လိုက်ကြည့် နေကြတာကိုး။


နောက်ပြီး သူက လုပ်စရာလဲ မလိုသေးဘူးလေ။ ရက်ပိုင်းကမှ အိုးလေးအိုးရွာမှာ လှိုင်လှိုင်ကြီးခိုးထားတာ မလက်တိုထန်းတဲမှာတောင် မကုန်သေးဘူး။


ပြီးရင် ပွဲညမှာလဲ လှုပ်ရှားရဦးမယ်မဟုတ်လား။


ငပိန် သူ့အတွေးနဲ့သူ ပျော်နေတယ်။ ပျော်တာမှ အကြီးအကျယ် ပျော်နေတာ။


ဒီလိုနဲ့ ပွဲညရောက်လာတယ်ဆိုပါစို့။


+++ 


“ပုလဲငွေရောင်၊ မြူမှောင်ဝေကင်း၊ အလင်း တဲ့၊ အလင်းကိုဆောင်၊ ပျိုတို့မောင်၊ ပျိုလေးတို့မောင်၊ အို ယောင်ကြီးဗွေတဲ့၊ အနားကိုြွက၊ အားရအောင်ထွေး ပါ့၊ ပွေ့ပါ့၊ နှမလေးရဲ့ ဤခန္ခာ”


ညဉ့်က နက်နေပြီ။ မြေဝိုင်းမင်းသမီး လင်္ကျာခံစိမ့်စိမ့်စိုးရဲ့ အသံစာစာက ပတ်ဝန်းကျင်မှာ ပျံ့လွင့်နေတယ်။


လမ်းမပေါ်မှာလဲ လူရှင်းပြီ။ အားလုံးက ပွဲ ခင်းထဲ လူချင်းဆုံနေကြပြီ။


ရွာလည်လမ်းတလျှောက် အမှောင်ကို အားကိုးပြီး ပြေးထွက်လာသူတစ်ယောက်။


“ငပိန်”


သူခိုးငပိန်။ ဟုတ်တယ်။ ခြေလှမ်းကို ခပ် သုတ်သုတ်လှမ်းတယ်။ သူ့ခြေလှမ်းတွေက လှစ်လှစ်ကလေးရယ်။


မြန်တယ်။ သွက်တယ်။ ပေါ့ပါးတယ်။


ငပိန် ရွာပြင်ကိုထွက်ပြီး အိုးလေးအိုးရွာဖက် မျှော်ကြည့်လိုက်တယ်။


ခါတိုင်းဆို ဒီလိုညမျိုးမှာ ဆီမီးလေးတစ်တိုင် နှစ်တိုင် တွေ့ရတတ် ပေမယ့် ဒီညကတော့ အားလုံးမှောင်မည်းနေတယ်။


သေချာပြီ။ တစ်ရွာလုံး ပွဲခင်းထဲရောက်နေကြပြီ။


ငပိန် ဝမ်းသာအားရပဲ အိုးလေးအိုးရွာထဲ ခပ်သွက်သွက် ပြေးဝင် သွားတယ်။


+++


ရွာလေးက လုံးဝကို တိတ်ဆိတ်လွန်းနေ တယ်။ ခါတိုင်း သူလာရင် ဟောင်နေကျခွေးသံတောင် မကြားရဘူး။ ကြည့်ရတာ အိမ်မွေးခွေးတွေတောင် ပွဲခင်းထဲရောက်နေပုံပဲ။


ငပိန် အခြေအနေကို အသေအချာ အကဲ ခတ်လိုက်သေးတယ်။ အရာရာစိတ်ချရမှ အမှောင်ထဲ ကထွက်ပြီး စိတ်အချရဆုံး အိမ်တစ်အိမ်ပေါ် ပြေး တက်လိုက်တယ်။ ဘေးဘီဝေ့ကြည့်တယ်။ ရှင်းတယ်။ ဒီတော့မှ..


အိမ်ထဲမှာ သူလိုအပ်သမျှကို မွှေနှောက်ရှာ ဖွေလိုက်တယ်။


ပစ္စည်းတွေရှာနေရင်း သူ့ရဲ့ပစ္စည်းလက်ခံ မလက်တိုရဲ့ စကားကို ကြားယောင်မိတယ်။


“ဒန်အိုးတွေ ဒယ်အိုးတွေ ယူမလာနဲ့တော့၊ မြို့က အပေါင်ဆိုင်တောင် သူတို့မှာ များနေပြီမို့ လက် မခံတော့ဘူး၊ ပုဆိုးကိုလဲ ပိုးပုဆိုးပဲ လက်ခံမယ်တဲ့”


အပေါင်ဆိုင်ကတောင် ခိုးရာပါပစ္စည်းကို ကန့်သတ်ပြီဆိုတော့ သူ့ အတွက် ပိုခက်ခဲလာတာပေါ့။ ဒါကြောင့် ပစ္စည်းကောင်းလေးတွေ အသေ အချာရှာရတယ်။ နောက်တော့ ပစ္စည်းရှိတဲ့နေရာတွေ အသေအချာ မှတ်ရ တယ်။ အိမ်တွေများသွားရင် မှတ်ထားတဲ့နေရာတွေ ရောကုန်မှာစိုးလို့။


စိတ်ချရပြီဆိုမှ နောက်တစ်အိမ်ကို ပြောင်းတယ်။ ဒီည သူမခိုးသေး ဘူးလေ။ ပစ္စည်းပဲမှတ်မှာ။


အိမ်တွေက အိမ်စောင့်တောင် မချန်ခဲ့တဲ့အတွက် သူ့အတွက်တော့ အေးဆေးပဲ။ ပစ္စည်းတွေကို စိတ်ကြိုက်ရှာတယ်။ မွှေနှောက်ပြီး လိုချင်တဲ့ ပစ္စည်းနေရာမှတ်ပြီး နေရာတကျ ပြန်ထားတယ်။ နောက်တစ်အိမ်ကို ကူး တယ်။


ဒီအိမ်က ဖွားငွေခင်အိမ်ပဲ။


ဖွားငွေခင်အိမ်ကို သူအိမ်ပေါ်မတက်ဖူးဘူး။ စပါးကျီပဲသွားပြီး စပါး တစ်တင်းခွဲ ခိုးဖူးတာ။ ရှစ်ဆယ်ကျော်အဘွားကြီးအိမ်ဆိုတော့ ဘာမှရှိမယ် မထင်လို့လေ။


“ဒီတစ်ခါတော့ အိမ်ပေါ်တက်ကြည့်ဦးမှပဲလေ” 


ဆိုပြီး အိမ်ပေါ်တက်ကြည့်လိုက်တယ်။ မျှော်လင့်ချက်တော့ သိပ် မရှိဘူး။ ဒါပေမယ့်


“ဟာ”


အိမ်ပေါ်ရောက်တော့ သူ အံအားသင့်သွားတယ်။ အဘွားကြီးအိမ် ဆိုပေမယ့် အိမ်အတွင်းမှာက တကယ့်သပ်သပ်ရပ်ရပ်ပဲ။ အားလုံးကို နေရာ တကျစီရီထားတာ။


အတွင်းပစ္စည်းတွေကလဲ မနည်းပဲကိုး။


ငွေထည်၊ ေြွကထည်တွေအပြင် ပိတ်တွေဆိုတာ အုပ်လိုက်ကို စီ ထားတာ။


“အချီကြီး မိပြီဟ”


ငပိန်ကြိတ်ပြီး ဝမ်းသာနေတယ်။ ပိတ်အုပ်နားကပ်ပြီး အသေအချာ ကြည့်မှ


“ဟာ”


ပိတ်အုပ်တွေထောင့်နားမှာ ထောင်ထားတဲ့ စုဘူးတစ်ဘူး။ ငပိန် ပျော်သွားတယ်။


စုဘူးကိုယူပြီး အသာလှုပ်ကြည့်တော့


“ချလွင်”


စုဘူးထဲက ငွေသံတွေကြားတော့ ငပိန် ထကချင်စိတ်ပါ ပေါက် သွားတယ်။ စုဘူးကို ယူသွားရတော့မလား။ သူစဉ်းစားတယ်။ ငွေက မနည်း ရှိမှာ သူသိတယ်။ နောက်မှ သူစဉ်းစားတယ်။ ဒီစုဘူးတစ်ဘူးကို ယူသွားရင် ငွေရမှာမှန်ပေမယ့် ကျန်တဲ့ပစ္စည်းတွေအားလုံး သူလက်လွှတ်ရလိမ့်မယ်။ ဒါကြောင့်ပဲ စိတ်မကောင်းခြင်းများစွာနဲ့ စုဘူးကို နေရာတကျ ပြန်ထားမယ် ဆိုပြီး စင်ပေါ်ကို လက်လှမ်းလိုက်တယ်။


“ချပ်” 


“ဟာ”


သူ့အနောက်က ခြေသံလိုလိုကြားတော့ ငပိန်လန့်သွားတယ်။ ဒါ ကြောင့် ကိုင်ထားတဲ့စုဘူးလေး အသာပြန်တင်လိုက်ရင်း နောက်ကိုဆုတ်လိုက် တယ်။


“ချပ် ချပ်”


“ဟင်” 


သေချာပြီ။ ဒါခြေသံပဲ။ ဒီအိမ်ပေါ်မှာ သေချာပေါက် လူတစ် ယောက်ရှိနေပြီ။


ငပိန် ခေါင်းမွေးပါထောင်လာတယ်။


“ဘယ်သူက ငါ့ကို စောင့်ပြီးဖမ်းပြီလဲ”


“ပါကညောလား၊ ဓားဖိုးဌေးလား”


စဉ်းစားမိပြီး ငပိန် ဒူးပါတုန်တက်လာတယ်။ ပါကညောတို့ ဖိုးဌေး တို့ဆို ရွာမှာ လူမရှိတာနဲ့ကတော့ အသက်ကိုတောင် အာမçမခံနိုင်ဘူး။ စဉ်း စားရင်း ချွေးတွေ စိမ့်ထွက်လာတယ်။ ဒါနဲ့ပဲ..


“ဘယ်သူ ဘယ်သူလဲဟင်”


ငပိန် တုန်တုန်ရင်ရင် မေးရင်း အိမ်ထဲဝေ့ကြည့်လိုက်တယ်။


ဘာမှ တုန့်ပြန်သံမကြားဘူး။ ငပိန် အိမ်ရဲ့အမှောင်ထောင့်ကို ဝေ့ ကြည့်လိုက်တော့


“ဟာ”


အိမ်ရဲ့အမှောင်ထဲမှာ သူ့ကိုစိုက်ကြည့်နေသူတစ်ယောက်။ လုံးဝ မလှုပ်ရှားဘဲ ငြိမ်သက်နေတာ။ ထောင့်ကလေးက မည်းမှောင်နေတော့ လူလုံး မကွဲဘူး။


ငပိန် ဇောချွေးတွေပါ ပျံတက်လာတယ်။ သေချာပြီ။ သူ့ကို လူ တစ်ယောက်က အသေအချာစောင့်ကြည့်နေပြီ။ သေချာပြီ။ သူတော့ အဖမ်း ခံရပြီ။ အဲဒီလူထိုင်နေတာကလဲ တံခါးပေါက်ရဲ့အဝလေးဘေးနား တံခါးကွယ် ကလေးမှာ။


ငပိန် ပြေးပေါက်ကိုရှာရင်း


“ဘယ်သူ၊ ဘယ်သူလဲဟင်”


“လှမေ”


“ဟင်”


တစ်ဖက်က ပြန်ဖြေလိုက်တဲ့ မိန်းကလေးသံကြောင့် ငပိန်ကြောင် သွားတယ်။ ရွှေ့နေတဲ့ ခြေလှမ်းပါ ရပ်သွားတယ်။ နောက် အမှောင်ထဲ ဖြဲရဲ ကြည့်ရင်း


“ဘယ်က ဘယ်က လှမေလဲဟင်”


“ဖွားလှခင်မြေး လှမေ”


အမှောင်ထဲက ဖြေသံ။ ငပိန်ကြောင်နေတယ်။


ငပိန်က ဒီရွာကို ကောင်းကောင်းမရင်းနှီးဘူး။ သိပ်မှမလာဖြစ်တာ။ သူ ဦးပါကညောကြီးနဲ့ အလဲအထပ်လုပ်ပြီး ရွာဝင်ရဲတာတောင် ဘယ်လောက် ကြာသေးလို့။ ဒါကြောင့် ဖွားလှခင်မြေး လှမေဆိုတာ သူဘယ်သိပါ့မတုန်း။ နောက်ပြီး သူ့ဆီမှာ ဓားတွေဘာတွေ ပါနေမလား။


ဒါကြောင့် ကြောက်ကြောက်လန့်လန့်ပဲ


“ဒါ ဒါဆိုလဲ အပြင်ကို ခဏထွက်ခဲ့ပေးပါလားဟင်”


အသံက ချက်ချင်းပြန်တိတ်သွားတယ်။ နောက် တရှပ်ရှပ်နဲ့ ကြား ရတဲ့ခြေသံ။


ငပိန် တံခါးဝဖက် ဖင်တရွတ်တိုက်ရွှေ့တယ်။ အမှန်တော့ ငပိန် ထွက်ပြေးဖို့ ပြေးပေါက်ရှာတာ။ ဒါပေမယ့် ဖျတ်ခနဲ ဖြာသွားတဲ့လရောင်။


“ဟာ”


မှုံပြပြအလင်းရောင်အောက် မြင်လိုက်ရတဲ့ မိန်းမပျိုကြောင့် ငပိန် ကြက်သေသေသွားတယ်။


မိန်းကလေးက အရွယ်တော်ကလေး။ ရှိလှ နှစ်ဆယ့်ငါးပတ်ချာ လည်ပေါ့။


အရပ်ကလဲ မနိမ့်မမြင့်၊ ခန္ဓာကိုယ်ကလဲ အတင်းသန်စွမ်းတဲ့ ခန္ဓာ ကိုယ်မျိုး။ လယ်သူမတို့ ပုံစံအတိုင်း ခြေဆစ်လက်ဆစ်က တုတ်တုတ်ခိုင်ခိုင်။ သရက်ထည်အနက်ရောင်ဆင်ထားတော့ မည်းနေတယ်။ ဆံတောက်မဲမဲလေး ကိုလဲ ဂုတ်ဝဲအောင် တိထားသေး။


ညနက်နက်ထဲမှာ မိန်းကလေးကိုမြင်ပြီး ငပိန် ထွက်ပြေးရမယ့် အစား တံတွေးမျိုချနေမိတယ်။ သူမလက်ထဲမှာလဲ သူထင်သလို ဘာမှ ပါ မလာဘူး။


ငပိန်က ဆောင့်ကြောင့်လေးထိုင်ပြီး


“လှမေလား”


“ဟုတ်တယ်ရှင့်


ဟိုက ယဉ်ယဉ်ကျေးကျေးပဲ ဖြေတယ်။ ဒါကို ငပိန်ခမျာ တုန်တုန် ရင်ရင်နဲ့


“လှ လှမေ ကိုယ့်ကိုရောသိလား”


လှမေ မျက်လွှာလေးချရင်း


“သိသားပဲ၊ သူခိုးငပိန်”


ငပိန်မျက်နှာထူပူသွားတယ်။ သူ့တသက်တာမှာ သူ့ကို သူခိုးလို့ခေါ် လို့ ဘယ်တုန်းကမှ မရှက်ဖူးဘူး။


“ဘာဖြစ်လဲ၊ ငါ့မှာ သူများတွေလို အလုပ်မရှိ အကိုင်မရှိ မဟုတ် ဘူး၊ ငါက သူခိုးကွ၊ အလုပ်ရှိတယ်”


ဆိုပြီး ဂုဏ်တောင် ယူနေသေး။ အခုကျ လှမေက


“သိသားပဲ၊ သူခိုးငပိန်”


ဆိုတဲ့ အသံကြားမှ တစ်သက်လုံး မရှိခဲ့ဘူးတဲ့ရှက်ကြော လက်တစ် သစ်က ဘယ်ကဘယ်လို ပြန်ထောင်တက်လာလဲ မသိဘူး။ ငပိန်ခမျာ ရှက် တာလေ။ မျက်နှာကိုတောင် လုံချည်နဲ့ ပြန်အုပ်ထားချင်မိတော့တယ်။


“ဘယ် ဘယ်ကတည်းက ကျုပ်ကို သူခိုးမှန်းသိနေတာလဲဟင်”


သူ့အမေးကို လှမေ ခဏစဉ်းစားလိုက်ပြီး


“ဟိုတခါ စပါးကျီထဲက ဆန်တစ်တင်းခွဲ လာခိုးကတည်းက လှမေ ရှူးဆင်းပေါက်ရင်း မြင်ခဲ့တာ”


ငပိန် အကြီးအကျယ်တွေ ရှက်နေမိတယ်။


သူခိုးတစ်ယောက်မှာ ကိုယ်ခိုးနေတဲ့အချိန် သူများမြင်သွားတာ လောက် ရှက်စရာကောင်းတာ ဘာမှမရှိဘဲကိုး။ ဒါကို လှမေက ဆက်ပြီး


“နောက်ပြီး ဒေါ်ကြိးသီ အိမ်နောက်ဖေးက ဒန်အိုးသုံးလုံး ခိုးတုန်း ကလဲ မြင်ခဲ့သေးတာ”


“ဟမ် မြင်သေးတာ”


“ဒါတင် ဘယ်ကမလဲ၊ ဖိုးသာဂေါင်ကြီး ဘဲတစ်အုပ်ထုံးသုတ်ပြီး မောင်းချသွားတာလဲမြင်သေး”


“ဂိ”


ဘဲတွေက ထုံးမွှန်ရင် အသံမထွက်တော့ဘူးလေ။ ဒါကြောင့် ဘဲ ခိုးရင် ထုံးအိုးဆောင်ရတာ။ ဒါကို ဒီကလေးမ ဘယ်ကဘယ်လို ချောင်းနေ တယ်မသိ။


ငပိန် ကြောင်တောင်တောင်နဲ့ လှမေကို ပြန်ကြည့်မိတယ်။ ဒီရွာ မှာ သူခိုးသမျှ ဒီကလေးမ ဘယ်လိုသိနေပါလိမ့်ပေါ့။ ဒါကြောင့်


“လှ လှမေ၊ ကျုပ် ကျုပ်ခိုးသမျှ ဘယ်လို ဘယ်လိုသိနေတာ”


သူ့အမေးကို လှမေက ရှက်ပြုံးပြုံးကာ ခေါင်းကိုငုံ့ပြီး


“သိတာပေါ့၊ လှမေက သူခိုးငပိန်ရဲ့ ဘစ်ဖင်ပဲ”


“ဟင် ဘစ်ဖင်ဆိုတာ”


ငပိန်ရဲ့ အမေးကို လှမေတွေသွားတယ်။ နောက်မှ အသေအချာ စဉ်းစားပြီး


“ဟွာလေ၊ ဘစ်ဖင်ဆိုတာ ပရိသတ်အကြီးစားကိုပြောတာ”


အံမယ်။ လင်္ကျာခံစိမ့်စိမ့်စိုးလို မြေဝိုင်းမင်းသမီးမှ ဖင်ရှိတာ မဟုတ် ဘူး။ ငပိန်လိုသူခိုးကလဲ သူ့ဖင်နဲ့သူပဲ။ ကပ်ပါနေတာ။ ဖင်တောင် ရိုးရိုးဖင် မဟုတ်ဘူး။ ဘစ်ဖင်။


အဲ့ဒီညက ငပိန် ဘယ်အိမ်မှ တက်မခိုးဖြစ်တော့ဘူး။ သူ့ရဲ့ဘစ်ဖင် လှမေနဲ့ တစ်ညလုံး စကားတွေ ဖောင်ဖွဲ့နေမိတော့တယ်။ 


လှမေက ရုပ်လဲမဆိုးရှာပါဘူး။ ရွာမှာဆို လှတဲ့အထဲပါတာပေါ့။ နောက်ပြီး စကားပြောရင် မျက်လွှာလေးချချပြီး ပြောတတ်တာကို ငပိန် အသည်းတွေယားနေတာ။


ရွာသူဆိုပေမယ့် စကားပြောရင် ဟောဟောဒိုင်းဒိုင်းကြီး မဟုတ် ဘူး။ တိုးတိုးညင်ညင်သာသာ။ ငပိန်ဆိုတာ လှမေစကားပြောရင် ကပ်ကပ် ပြီးတောင် နားထောင်ယူရတယ်။


ဒီလိုနဲ့ အဲ့ဒီည ဘယ်လိုအာရုဏ်ကျင်း အလင်းရောက်တယ် မသိ လိုက်ရဘူး။


ငပိန်အနေနဲ့ကတော့ ဒီနေ့နေထွက်စောတယ်လို့တောင် ထင်နေမိ တယ်။


မလွှဲသာလို့ ခွဲခွာရမယ့် အနေအထား။


ငပိန် စိတ်မကောင်းကြီးစွာဖြင့် သက်ပြင်းချရင်း


“ကိုပိန်၊ ကိုပိန်သွားတော့မယ်နော်၊ မနက်လင်းရင် ပွဲပြန်သူတွေ လာတော့မှာ”


“ဟုတ်ကဲ့”


ငပိန် မချိတင်ကဲအသံနဲ့


“ဒီညကိုတော့ ကိုယ် တစ်သက်လုံး လွမ်းနေရဦးတော့မှာပဲ”


လှမေ သက်ပြင်းချသံ ကြားရတယ်။


“ပြန်တော့နော်”


လှမေရဲ့ အသံတိုးတိုး။ ငပိန်ရွာပြန်ဖို့ ခြေလှမ်းပြင်တယ်။


လှမေတို့ခြံဝရောက်မှ ကြားလိုက်ရတဲ့အသံက


“နောက်ညလဲ လာဦးမှာလားဟင်”


ငပိန် အသည်းတွေယားကုန်တယ်။ ခြေလှမ်းကိုရပ်ပြီး နောက်ပြန် လှည့်ကြည့်တော့ လှမေ ရှက်ကိုးရှက်ကန်းနဲ့ မျက်လွှာလေးချထားတာ တွေ့ ရတယ်။ ငပိန်က သူ့ရင်ဘတ်ပိန်ပိန်ထဲက ရင်ခုန်သံပိန်ပိန်တွေ အပြင်ခုန် မထွက်အောင် သူ့လက်ပိန်ပိန်ကလေးနဲ့ဖိရင်း


“လာမှာပေါ့ လှမေရယ်၊ ကိုပိန်လာခဲ့မှာပေါ့”


လှမေ မျက်လွှာလေးချရင်းက


“စောင့်နေမယ်နော်”


ငပိန် အသည်းပါမက အူတွေပါယားသွားတယ်။ ချက်ချင်း လှမေ ဆီ ပြန်ပြေးသွားချင်စိတ်ပေါက်တယ်။


ဒါပေမယ့်ပေါ့လေ..


အချိန်တန်တော့လဲ သူခိုးတစ်ယောက်ရဲ့ အိမ်အပြန်လမ်းပေါ့။


+++


“စောင့်နေမယ်နော်”


လှမေရဲ့ အဲ့ဒီအသံက ငပိန်နားထဲက မထွက် ဘူး။ စကားပြောရင် မျက်လွှာချထားတဲ့ လှမေရဲ့ မျက်နှာလေးက ငပိန်မျက်လုံးထဲကမထွက်ဘူး။ အမှောင်ထဲမှာ ရပ်နေတဲ့ လှမေရဲ့ ခန္ဓာကိုယ်က ငပိန် အသည်းထဲက မထွက်ဘူး။


ငပိန်ခမျာ စားလဲဒီစိတ်၊ သွားလဲဒီစိတ် ယုတ်စွအဆုံး ထန်းတဲမှာ ထန်းရည်မှာတာတောင်


“လှမေရေ့ ဒီမှာ တကျည်တောက်ချ” 


ဆိုလို့ ဟိုက


“လက်တိုပါ၊ ဘယ့်နှယ် လှမေလဲ” 


လို့ ပြန်အော်ယူရတဲ့အထိပဲ။


သူငယ်ချင်းအရင်းကြီး မောင်စိန်ကိုတောင် ပါးသွားကိုင်ပြီး


“လှမေရယ်” 


ဆိုပြီး အာဘွားရှလူးမယ်လုပ်လို့ ဟိုက ထိုးမယ်ကြိတ်မယ် တကဲကဲ။


ငပိန် တစ်နေ့လုံးကို ဆောက်တည်ရာမရ ဖြစ်နေမိတယ်။


သူခိုးတွေဘဝမှာ ခိုးနေတုန်းမှာတောင် စိတ်လှုပ်ရှားတာမဟုတ် ဘူး။ လူမိသွားတဲ့အခါမှ စိတ်လှုပ်ရှားရတာလေ။


အခုတော့ ဘယ်လူမှမမိဘဲ ငပိန် စိတ်လှုပ်ရှားနေမိမှန်းကို မစဉ်း စားတတ်တော့ဘူး။


နောက်မှ ထိတ်ခနဲ ပြန်စဉ်းစားမိတယ်။


“ကိုပိန့်နှလုံးသားကို လှမေများ ခိုးယူသွားပြီလား”


ယောင်ယောင်ကန်းကန်းနဲ့ သူ့ရင်ဘတ်ပိန်ပိန်ကို လက်ပိန်ပိန်လေး နဲ့ ပြန်ဖိထားရတယ်။ ရင်ခုန်သံက ပိန်လိုက်ဖောင်းလိုက်ပဲ။


သေချာတာကတော့ ငပိန်တစ်ယောက် ချစ်စလိကိုက်ပြီလေ။


+++


မှောင်ရီဖြိုးပြီ။


ပွဲခင်းက လူစည်ပြန်ပြီ။


“မနေ့ညက သီချင်းလေးကို ကြိုက်နှစ်သက် တဲ့အတွက် ပြန်လည်တောင်းဆိုမှုကြောင့် ပြန်လည် သီဆိုကပြပါ့မယ်ရှင်” 


“ပုလဲငွေရောင် မြူမှောင်ဝေကင်း၊ အလင်း တဲ့အလင်းကိုဆောင်၊ ပျိုတို့မောင် ပျိုလေးတို့မောင်”


လင်္ကျာခံစိမ့်စိမ့်စိုးရဲ့ အသံစာစာကြားရပြီ။ မနေ့ညက သီချင်းကို တောင်းဆိုလို့ ပြန်ဆိုတာတဲ့။ အမှန်တော့ ဘာမှမဟုတ်ဘူး။ သူ အဲ့ဒီသီချင်းပဲရလို့၊ အဲဒီသီချင်းပဲ ပြန်ဆိုနေတာ။ ဒီညတင်မဟုတ်ဘူး။ နောက်ညကျရင်လဲ


“အများရဲ့ တောင်းဆိုမှုကြောင့် ကျွန်မ လင်္ကျာစိမ့်စိမ့်စိုးသီဆိုမယ့် သီချင်းလေးကတော့”


“ပုလဲငွေရောင် မြူမှောင်ဝေကင်း”


ဒီလိုပဲ တစ်ပုဒ်တည်းနဲ့ လုပ်စားနေတာ ခုဆို အိုတောင်နေပြီ။


ပရိသတ်ဆိုတာလဲ သူတို့လုပ်ပြသမျှ ကြည့်ရတာကိုး။


မကြည့်ချင်လဲ အိမ်ပြန်ပေါ့။ အိမ်မပြန်ဘဲ ပွဲခင်းထဲမှာ


“ဟေ့ နှစ်တိုင်း ဒါချည်းပဲလားကွ”


ထအော်ကြည့်ပါလား။ ပွဲဆူအောင်လုပ်တယ်ဆိုပြီး ထိတ်တုံးနဲ့ ညားဦးမယ်။ ဒါကြောင့် မကြည့်ချင်လဲကြည့်ပဲ။


“ပုလဲငွေရောင် မြူမှောင်ဝေကင်း ဟင်းဟင်း”


ကာလသားတွေကတော့ ပွဲကြည့်တာက နည်းနည်းရယ်၊ မြေဝိုင်းကို အကြောင်းပြပြီး ကိုယ်ပိုးပန်းသူအနားကပ်ရဖို့ ကြိုးစားတာများများပေါ့။ မောင် စိန်တောင် သူပိုးနေတဲ့ ပိုးဥနားက မခွာဘူး။


အားလုံးသိတဲ့အတိုင်း ငပိန်ကတော့ ဆန့်ကျင်ဘက်ပဲ။ ပွဲခင်းမှာ လူစုံပြီဆိုတာနဲ့ အမှောင်အားကိုးပြီး ရွာပြင်ကိုပြေးထွက်တယ်။ ပြီးတော့ ရွာ အပြင်က သစ်ပင်ကြီးကနေ အိုးလေးအိုးရွာကို လှမ်းမျှော်ကြည့်လိုက်တယ်။ အိုးလေးအိုးရွာမှာ ဆီမီးရောင်တွေ မမြင်ရတော့ဘူး။ ဝမ်းသာအားရပဲ လျင် မြန်တဲ့ခြေလှမ်းမျိုးနဲ့ အိုးလေးအိုးရွာထဲ ပြေးချသွားတော့တယ်။


ဒီတစ်ခါတော့ သူ့ခြေလှမ်းက ဘယ်အိမ်ကိုမှ မချိုးတော့ဘူး။


အစကတော့ သူ သူကြီးပါကညောအိမ် တက်ကြည့်ဦးမလို့ပဲ၊ ဒါ ပေမယ့် သိတယ်မဟုတ်လား။ အဲလိုတတ်ကြည့်လိုက်ရင် လှမေနဲ့တွေ့ရချိန် နည်းသွားမယ်လေ။ ဒါကြောင့်ပဲ လက်နှစ်ဖက်က မြင်းတွေကာသလို မျက်လုံး ဘေးနှစ်ဖက်ကာပြီး ဘယ်အိမ်မှ မကြည့်မိအောင် ကြိုးစားပြီး လှမေရှိရာ ဖွားခင်အိမ်ကို ဦးတည်တယ်။


ပြေးရင်းလွှားရင်းကမှ သူ့နောက်ကို တစ်ယောက်ယောက် လိုက်လာ သလို ခံစားရတယ်။ ပြန်လှည့်ကြည့်တော့ ဘာမှမတွေ့ဘူး။


“စိတ်ထင်တာ ဖြစ်မှာပါလေ”


တွေးပြီး သူဆက်ပြေးလာတယ်။ စိတ်ထဲမှာတော့ တထင့်ထင့်။


လှမေတို့အိမ်ဝိုင်းထဲ ရောက်တာတောင် အိမ်ပေါ်တန်းမတက်သေး ဘူး။ အိမ်ရှေ့သရက်ပင်အောက် ဝပ်နေလိုက်သေးတယ်။ အခြေအနေ မကောင်းရင် ချက်ချင်းပြန်ထွက်ပြေးလို့ရအောင်။


ရွာအခြေအနေကို အကဲခတ်တယ်။ အိမ်အခြေအနေကို အကဲ ခတ်တယ်။


အားလုံးအငြိမ်။ မီးရောင်ကို လုံးဝမမြင်ရဘူး။


ဘာလှုပ်ရှားမှုမရှိမှ လှမေတို့အိမ်ပေါ် လှစ်ခနဲ ပြေးတက်လိုက်တယ်။


ပြီးတော့ အမှောင်ထောင့်ဘီဒိုနားသွားပြီး ကပ်နေလိုက်သေးတယ်။ ကပ်လိုက်တယ်ဆိုတာနဲ့ လက်က အလိုလို မနေ့ကတွေ့ထားတဲ့ စုဘူးကို စမ်းပြီးသား။ နောက်မှသတိရပြီး စုဘူးကိုပြန်ချကာ


“လှမေ လှမေ”


သူအသံတိုးတိုးနဲ့ ခေါ်ကြည့်တယ်။


တုန့်ပြန်သံ ဘာမှမကြားဘူး။ သူ ဇဝေဇဝါဖြစ်သွားတယ်။


“လှမေများ ပွဲခင်းပါသွားသလား”


လှမေသာ ပွဲခင်းပါသွားလို့ကတော့ သူ့ရဲ့ကြိုးစားမှုက အလဟဿ ဖြစ်ပြီ။ ဒါကြောင့် သူ အသံနည်းနည်းထပ်တင်ပြီး


“လှမေရေ လှမေရှိလား” 


ဘာတုန့်ပြန်သံမှ မကြားရ။ မနေ့ညက လှမေထိုင်နေရာကို လှမ်း ကြည့်တော့လဲ ဘာမှမရှိ။ အရှင်းကြီး။ ငပိန် စိတ်ဓာတ်ကျသွားတယ်။ သေ ချာပြီ။ လှမေ ပွဲခင်းထဲပါသွားပြီ။ အိမ်ရဲ့ အမှောင်ထောင့်တွေ လိုက်ကြည့် တယ်။ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ ငပိန်သိလိုက်ပြီ။ မနေ့က


“မျှော်နေမယ်နော်”


စကားနဲ့ သူ့ကို အချိုသပ်သွားတာပဲ။ တွေးရင်းတွေးရင်း စိတ်ဓာတ် ကျသွားတယ်။ အင်းလေ။ သူ့လိုသူခိုးမျိုးကို ဘယ်မိန်းမပျိုက တကယ်စောင့် နေမှာတဲ့လဲ။ လှမေရဲ့အကြောင်း စဉ်းစားရင်း မနေ့ညက လှမေရဲ့ပါးပြင်က သနပ်ခါးနံ့ကလေးကပဲ အလိုလိုသင်းပျံ့လာသလိုလို။ ငပိန်ခေါင်းခါပစ်လိုက် တယ်။


မဖြစ်နိုင်တာကိုမှ မျှော်လင့်မိတဲ့ သူ့ကိုယ်သူ နောင်တရမိရင်း လူ သာနေပေမယ့် ပညာကမနေဘူးဆိုတဲ့အတိုင်း မနေ့ညက သူရှာဖွေတွေ့ရှိ ထားတဲ့စုဘူးလေး အလိုလို လှမ်းယူမိကာ မချိတင်ကဲ ရေရွတ်မိတယ်။


“လှမေရယ်” 


“ရှင်”


“ဟင်”


သူ့နားနားကပ်ထူးသံကြောင့် ငပိန်ကြောင်သွားတယ်။


“ဟင် ဘာ ဘာကြီးလဲ” 


ဆိုပြီး အလန့်တကြား လှည့်ကြည့်မှ


“အား”


သူ့နောက်နား ဆောင့်ကြောင့်ထိုင်နေတဲ့ ဆံပင်ဖားလျားကြီးနဲ့ မိန်းမ တစ်ယောက်။


“ဟင် ဟင် ဒါကြီးက ဘာကြီးလဲ”


ငပိန်လန့်အော်ရင်း စုဘူးကိုပိုက်၊ ဖင်တရွတ်ဆွဲကာ ယက်ကန် ယက်ကန်နဲ့ နောက်ပြန်ဆုတ်ကာ


“ဟင် ဒါ ဒါကြီးက ဘာကြီးလဲ၊ ဘာကြီးလဲ”


သူ ကြောက်လန့်တကြားအမေးကို အမှောင်ထဲကသူက


“လှမေလေ ကိုပိန်ရဲ့”


“ဟင်”


လှမေရဲ့အသံကြားတော့ ငပိန်ကြောင်သွားတယ်။ နောက် အသေ အချာလိုက်ကြည့်ပြီး


“လှ လှမေလား”


“ဟုတ်ပါတယ် ကိုပိန်ရဲ့၊ တစ်ညလေးတွေ့ပြီး မမှတ်မိဘူးလား”


စကားသံနဲ့အတူ အပြင်လှမ်းထွက်လာတော့


“လှ၊ လှမေ” 


တကယ်ပဲ။ သူ့ရဲ့ ချစ်စလိကိုက် လှမေအစစ်ပဲ။


ငပိန် ဘေးဘီဝေ့ကြည့်ရင်း


“ဟင် လှ လှမေက ကိုပိန့်အနောက် ဘယ်လိုရောက်နေတာလဲ ဟင်”


သူ့အမေးကို လှမေက သူ့မျက်နှာကို လက်ဖဝါးလေးနဲ့အုပ် အသံ တိတ်ရယ်ရင်း


“ဟီဟိ ကိုပိန် ခြံထဲပြေးဝင်လာကတည်းက လှမေက ချောင်းနေ တာ၊ ဟီဟိ”


“အဲ”


“ပြီးတော့ ကိုပိန့်ခြေလှမ်းကို အတုခိုးပြီး၊ ကိုပိန့်နောက်ကို ဝင်ထိုင် နေတာ”


“ငင့်”


သူခိုးကိုယ်တိုင် ပြန်ကြောင်ယူရတယ်။ ညင်သာလိုက်တဲ့ခြေလှမ်း။


“လာလေ ကိုပိန်၊ ဟောဒီအမှောင်နားလေး ထိုင်ရအောင်”


ငပိန် တံတွေးကို ဂလုခနဲ မျိုချပြီး ခုန ရင်ဝယ်ပိုက်ထားတဲ့စုဘူး ကို သူ့နေရာပြန်တင်ထားလိုက်တယ်။ ပြီးတော့ လှမေရှိရာ တိုးကပ်ထိုင်လိုက် တယ်။ ထုံးစံအတိုင်း လှမေက မျက်လွှာလေးချလို့။ ငပိန် လှမေကိုကြည့်ရင်း မရိုးမရွဖြစ်လာတယ်။


ညအမှောင်ထဲမှာ အလှကြီးလှနေတဲ့ လှမောင်ကို တစိမ့်စိမ့်ကြည့် ရင်း


“လှမေ”


“ရှင်”


“လှမေရော ခိုးတတ်လားဟင်”


သူ့စကားကြားတော့ လှမေ မျက်လုံးပြူးသွားပြီး လက်ကလေး ကာကာ


“ဟင့်အင်း လှမေ မခိုးတတ်ဘူးနော်၊ ဘယ်သူ့ပစ္စည်းမှ မခိုးဘူး”


လှမေက အကြောက်အကန် ငြင်းရှာတယ်။ ငပိန်ကသာ လှမေနား တိုးသွားပြီး


“တကယ်ရော ဟုတ်ရဲ့လား လှမေရယ်”


သူ့အမေးကို လှမေက ပျာပျာသလဲ


“တကယ်၊ တကယ်ပြောတာ၊ လှမေ ဟိုးငယ်ငယ်ကလေးထဲက ဘယ်သူ့ပစ္စည်းမှ မခိုးဖူးဘူး၊ ကျိန်ရဲပါတယ်၊ ဘုရားစူးပါရစေရဲ့၊ တကယ်ကို မခိုးဘူးတာပါ၊ ဘာလို့ ဘာလို့မေးတာလဲဟင်”


လှမေက ငပိန်ကို ပြန်မေးတယ်။ ငပိန်က ပြုံးရင်း လှမေလက်ကို ယူ၊ သူ့ရင်ဘတ်ပိန်ပိန်ပေါ်တင်ရင်း


“ကိုပိန့်နှလုံးသားများ လှမေ ခိုးယူသွားလားလို့ပါ”


“အို..ရှင်ရယ်”


ငပိန်ရဲ့ ဂန္ထဝင်မြောက်တဲ့စကားကြားတော့ အပျိုမလေး ရှက်သွေး ဖြာသွားတယ်။


တစ်ခါတည်းပျော့ကိုကျသွားတာ။ ငပိန့်ရင်ဘတ်ပိန်ပိန်ပေါ်က လက်တောင် ပြန်မရုတ်မိတော့ဘူး။


“ကိုယ့်ရဲ့ဘဝတစ်ခုလုံး လှမေရှေ့ရောက်ရင် ပျောက်ပျောက်သွား လို့ပါ လှမေရယ်”


ဒါတောင် လက်က စုဘူးကို လှမ်းကိုင်သေးတာ။ သူခိုးကျင့်သူခိုး ကြံက။


အရာရာကို လက်ရဲဇက်ရဲခိုးလာတဲ့ သူခိုး။ လှမေရဲ့ပါးပြင်ပေါ်က သနပ်ခါးလေး သူ့နှာခေါင်းနဲ့ခိုးဖို့ မဝံ့မရဲ ဖြစ်ရရှာတယ်။ သူခိုးနမ်းလိုက်လို့ များ လှမေသိသွားမလားပေါ့။


မကြာပါဘူး။ နဖူးလေးပေါ်က သနပ်ခါး၊ ပါးပြင်က သနပ်ခါး၊ လည်တိုင်က နံ့သာဆီ၊ စသည် စသည်တို့က ငပိန့်နှာခေါင်း စုန်ဆန်သွားနေ ကျ နှာခေါင်းတူးမြောင်းလေးတောင် ဖြစ်လာပြီပေါ့။


ပြောစရာစကားတွေက တပုံတပင်။ နမ်းစရာအနမ်းတွေက ကုဋေကုဋာပေါ့။


လှမေခမျာလဲ အနည်းငယ်ရဲတင်းလာပြီ။ ဘယ်လောက်ထိလဲဆို ငပိန်များ ရယ်စရာပြောလို့ အားရပါးရရယ်ပြီး စိတ်လွတ်လက်လွတ် ငပိန်ကို တွန်းမိရင် ငပိန်ခမျာ ဖုတ်ဖုတ်ဖုတ်နဲ့ အိမ်အောက် ဒလိမ့်ခေါက်ကွေးကို ပြုတ်ပြုတ်ကျနေလို့ မနည်းကုန်းရုန်းပြန်တက်ရတာ။ ဟိုက လယ်သူမဆို တော့ သန်ပါ့။ ငပိန်က ငပိန်လေ။ ရည်းစားနဲ့ချိန်းတွေ့တာ ငပိန်ခမျာ ဖုန် တွေကိုလူးလို့။


ဒီလိုနဲ့ပဲပေါ့လေ။


တကယ်ချစ်ရသူနဲ့နေရတာ သိပ်ကြာလှတယ် မထင်ကြဘူးလေ။ ဒီအတိုင်းပါပဲ။ မျက်လွှာလေး အမြဲချထားတဲ့ လှမေမျက်နှာ ကြည့်မဝခင်၊ ပြောစရာစကားတွေ မကုန်သေးခင် လှမေရယ်သံတွေ မဆုံးသေးခင်မှာပဲ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကြားရတယ်။


ငပိန်ရောလှမေပါ ကိုယ်စီသက်ပြင်းချသံ ကြားရတယ်။ ငပိန်က လှမေမျက်နှာ တစိမ့်စိမ့်ကြည့်ရင်း


“ပြန်ရဦးတော့မယ် လှမေရယ်”


လှမေက မျက်လွှာလေးချပြီး


“ဟုတ်ကဲ့”


ငပိန် နေရာကထပြီး စုဘူး နေရာမှန်မမှန် သွားကြည့်လိုက်သေး တယ်။ နေရာမှန်တယ်ဆိုမှ


“ပွဲခင်းပြီးလို့ လူတွေပြန်လာရင် ဒုက္ခများမှာမို့ ကိုပိန်ပြန်ပါရစေ”


လှမေရဲ့ သက်ပြင်းချသံကြားရတယ်။ ပြီးမှ အသံတိုးတိုးနဲ့


“နက်ဖြန်ညရော လာဦးမှာလားဟင်”


အဲ့ဒီစကားကြားတာနဲ့ ငပိန် လှမေလက်ကလေး ပြေးကိုင်လိုက်ပြီး


“လာမှာပေါ့ လှမေရယ်၊ ကိုပိန် လာခဲ့မှာပေါ့”


လှမေဆီက ရှက်ပြုံးလေးမြင်ရတယ်။ ပြီးတော့


“မျှော်နေမယ်နော်”


စကားသံတိုးတိုးလေး။


ငပိန်ရဲ့ရင်ခုန်သံကို မြန်သွားစေတယ်။ ငပိန် လှမေရဲ့ပါးကို ဖွဖွ လေးနမ်းနေမိသေးတယ်။


မတတ်သာတဲ့အဆုံးမှ လှမေရဲ့လက်ကလေးကို လွှတ်ပြီး


“စောင့်နေနော်၊ ကိုပိန် ဆက်ဆက်လာခဲ့မယ်”


ဆိုပြီး ခပ်မြန်မြန် အိမ်ပေါ်က ပြေးဆင်းလိုက်တယ်။ မဆင်းလို့ မရဘူးလေ။ သံယောဇဉ်တွယ်ပြီး ဆက်နေရင် ပွဲပြန်သူတွေနဲ့တိုးပြီး ကိစ္စများ သွားနိုင်တာကိုး။


ဒါကြောင့် အလင်းရောင်မလာခင် အမှောင်ကိုအားကိုးပြီး ခပ်မြန် မြန်ဒိုးရတာ။


သွားတာတောင် ရွာလမ်းမက သွားတာမဟုတ်ဘူး။ အမှောင်ရှိတဲ့ နေရာကိုရွေးပြီးသွားရတာ။ ဒါမှ လူမမြင်မှာလေ။ သွားနေရင်းနဲ့မှ သူ့စိတ် ထဲ ထိတ်ခနဲဖြစ်သွားတယ်။


သူ့နောက်ကို တစ်ယောက်ယောက် လိုက်လာသလို ခံစားရတယ်။


ငပိန် ဖျတ်ခနဲ ပြန်လှည့်ကြည့်တယ်။ ရိပ်ခနဲ လူတစ်ယောက် ဖြတ်သွားသလို ထင်ရတယ်။ ဒါပေမယ့် ဘယ်သူမှမတွေ့ဘူး။


ငပိန် ခြေလှမ်းကို ဖွဖွကလေး ပြန်စနင်းတယ်။


“ချွတ်”


သေချာပြီ။ ခြေသံက သူ့တစ်ယောက်တည်းခြေသံ မဟုတ်တော့ ဘူး။ ငပိန် နံဘေးနားက မန်ကျည်းပင်ထဲ လှိမ့်ဝင်လိုက်တယ်။ သူခိုးထုံးစံ အတိုင်း ငြိမ်နေလိုက်သေးတယ်။


ပြီးတော့ ပြန်ချောင်းကြည့်တယ်။ ဘယ်သူ့မှ မတွေ့ရဘူး။ ဒါပေ မယ့် သူ့အတွေ့အကြုံအရ အသေအချာသိတယ်။ သူ့နောက်ကို လူတစ် ယောက် လိုက်ကိုလိုက်လာပြီဆိုတာ။


“လှမေများလား”


သူစဉ်းစားကြည့်တယ်။


မဖြစ်နိုင်ဘူး။ မိန်းကလေးတွေဆိုရင် ဒီလောက်အကွာအဝေးနဲ့ ဒီ လိုညမျိုးမှာ အနံ့တစ်ခုရနိုင်တယ်။ နောက်ပြီး မိန်းကလေးတွေက ဒီလောက် ဘယ်လိုမှ မလျင်နိုင်ဘူး။


ငပိန် ပတ်ဝန်းကျင်ကို ပြန်ဝေ့ကြည့်တယ်။ လမ်းက အရှင်းကြီး။ ဘေးနားမှာ သစ်ငုတ်တိုတစ်ခုပဲတွေ့တယ်။


“ဒီလူ ဘယ်မှာသွားပုန်းတာလဲ”


ငပိန်လို ညတိုင်းနီးပါးခိုးနေတဲ့ သူခိုးတောင် မခန့်မှန်းနိုင်ဘူး။ လမ်း ပေါ်မှာလဲ ဘာမှမတွေ့ဘူး။


ငပိန် မန်ကျည်းပင်အောက်က ထွက်ဖို့လုပ်တယ်။


“ဟာ”


သူလှုပ်လိုက်တိုင်း အရိပ်တစ်ခုက လိုက်လှုပ်လာသလို ခံစားရတယ်။ ငပိန်ပြန်ငြိမ်နေလိုက်တယ်။ ပြီးမှ မန်ကျည်းပင်အောက် ခေါင်းထွက်ပြီး အရဲ စွန့်မေးလိုက်တယ်။


“ဘယ်သူလဲ”


အပြင်က တုန့်ပြန်သံမကြားရဘူး။ လှုပ်ရှားမှုလဲ ဘာမှမတွေ့ရဘူး၊ ငပိန်ထွက်ပြေးရင်ကောင်းမလား စဉ်းစားလိုက်သေးတယ်။


ထွက်ပြေးရင်ရော ဟိုက တုတ်တွေဓားတွေနဲ့ဆို လွတ်နိုင်ပါ့မလား။ ဒါက အခြေအနေပိုဆိုးသွားနိုင်တယ်။ ဒါကြောင့်ပဲ အပြင်ကို အကဲခတ်ရင်း


“ဘယ်သူလဲလို့ မေးနေတယ်လေ”


ဘာမှတုန့်ပြန်သံ မကြားရဘူး။ အားလုံးက ငြိမ်သက်နေတယ်။


အတော်ကလေးကြာမှ သူမြင်နေတဲ့ သစ်ငုတ်တိုက နည်းနည်းလှုပ် လာတယ်။


“ဟာ”


လမ်းမဘေး သစ်ငုတ်တိုကြီး လှုပ်လာတာမြင်တော့ သူ အံ့အား သင့်သွားတယ်။ လေမတိုက် ဘာမတိုက်နဲ့ ဘာလို့ သစ်ငုတ်တိုကြီး လှုပ်တာ လဲပေါ့။


“အဲ”


ကြည့်နေရင်းကမှ သစ်ငုတ်တိုကြီးက ပိုလှုပ်လာတယ်။


“ဟာ”


အမှန်တော့ သူမြင်နေတာ သစ်ငုတ်တိုမဟုတ်ဘူး။ လူတစ်ယောက် မြေပြင်ပေါ် ဖင်ထောင်ပြီး ဝပ်နေတာ။ အမှောင်ထဲမှာဆိုတော့ ဖင်ထောင် နေတာကို သူ အမြင်မှားပြီး သစ်ငုတ်တိုထင်နေတာ။


အဲဒီလူ တဖြည်းဖြည်း မတ်တပ်ရပ်လာတယ်။


“အဲ”


အဲ့ဒီလူက သူပိန်ပါတယ်ဆိုတာထက် ပိုပိန်ပြီး အရပ်က ပိုတောင် ပုနေသေးတယ်။ အင်္ကျီဗလာကျင်းနဲ့ဆိုတော့ မတ်တပ်ရပ်ထားလဲ သစ်ကိုင်း ခြောက်အတိုင်းပဲ။ အဲ့ဒီလူကပဲစပြီး


“သူခိုးငပိန်ဆိုတာ မင်းလား”


အလင်းရောင်ကောင်းကောင်းမရသေးတော့ အဲ့ဒီလူမျက်နှာ မမြင် ရသေးဘူး။ ခန္ဓာကိုယ်အဆစ်အပေါက် ကြည့်ရတာတော့ သူတို့အရွယ်လောက် ပဲရှိမယ်။ နောက်ပြီး သူ့ကိုလာမေးနေတာဆိုတော့ ဒိုးကျနဲ့ အိုးလေးအိုးက တော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်ငပိန် မန်ကျည်းပင်အောက်က ရဲရဲတင်းတင်း ပဲ ထွက်လိုက်တယ်။ ပြီးတော့ ခပ်တည်တည်ခါးထောက်ပြီး


“ဟုတ်တယ်၊ မင်းကဘယ်သူလဲ”


တဖက်လူက အရှေ့နည်းနည်းတိုးလာပြီး


“မင်း သူခိုးအဖြစ်သာ နာမည်ကြီးတာ၊ မိန်းမတွေကို ကိုင်တွယ်ပုံ က ညံ့သကွာ”


ငပိန် အံ့အားသင့်သွားတယ်။ သေချာပြီ။ ဒီလူ သူ့ကို ညဦးတည်းက ချောင်းနေတယ်ဆိုတာ။ သူ့လိုသူခိုးကိုမှ လာပြန်ချောင်းတယ်ဆိုတော့ ဒီ ကောင် ခပ်ပေါ့ပေါ့ကောင်တော့ မဟုတ်ဘူး။


“မင်း မင်းဘယ်သူလဲ၊ ဘယ်ကလဲ”


သူ့အမေးကို တစ်ဖက်လူက ရှေ့တိုးလာပြီး


“ငါ့နာမည်လှဦး၊ မြင်သာရွာက လူမိုက်လှဦး”


“ခွီး”


ငပိန်ခိုးရယ်မိသွားတယ်။ ဒီခန္ဓာကိုယ် ဒီအဆစ်အပေါက်နဲ့ ဘယ် လိုမှ လူမိုက်မဖြစ်နိုင်ဘူး။ လူမိုက်ရူးပဲ ဖြစ်လိမ့်မယ်။ နောက်ပြီး မြင်သာရွာ ဆိုတာကလဲ လူမရောက် ငှက်မပေါက်ရွာလေ။ သူတို့ရွာက လူသိများတာ သူကြီးဖိုးထင်ပဲရှိတယ်။ ဒီနယ်တဝိုက်မှာ မြို့ပိုင်မင်းရဲ့ နှစ်လုံးပြူးချီးမြှင့် ထားတာ သူပဲရှိတာကိုး။ ဒါတောင် တောသားတွေ ထိန်းရခက်လို့ ပေးထား တာ။


ငပိန်က လှဦးဆိုသူကို အသေအချာကြည့်ပြီး


“မင်း ဘာလို့ ငါ့နောက်လိုက်နေတာလဲ”


ငပိန်အနားကပ်ကြည့်မှ ငတိက ဗလမရှိ၊ အရပ်ပုတဲ့အပြင် ရုပ်က လဲ အတော်ဆိုးရှာတာပဲဆိုပြီး သိရတယ်။ လှဦးက ခပ်တည်တည်ပဲ


“ဒိုးကျမှာ မြေဝိုင်းရှိတယ်ဆိုလို့ စုတ်ထိုးဆရာ လာရှာတာကွ”


လှဦး ဘာပြောချင်မှန်းမသိလို့ ငပိန်ငေးကြည့်နေတယ်။


“မတွေ့ပါဘူးကွာ၊ လက်ရာကောင်းတဲ့ စုတ်ထိုးဆရာ”


ခုထိကို လှဦး ဘာဆိုလိုချင်မှန်း ငပိန် မစဉ်းစားတတ်ဘူး။ ဒါနဲ့ပဲ


“အဲဒါနဲ့ မင်းငါ့နောက်ကို ဘာလို့လိုက်နေတာလဲ”


လှဦးက ပြုံးလိုက်ပြီး


“မင်းက နာမည်ကြီးသူခိုးလေ”


ငပိန်ဂုဏ်ယူရမလိုတောင် ဖြစ်သွားတယ်။ သူ သူခိုးမှန်း ဟိုး.. တောရွာကတောင် သိနေပြီကိုး။ ဒါကြောင့် ရင်ကော့ပြီး


“အဲဒီတော့”


“နာမည်ကြီးသူခိုးဆိုတော့ ထောင် တန်းတော့ ကျဖူးမှာပေါ့”


“ဘာပြောတာလဲကွ”


ငပိန် ခုထိနားမလည်နိုင်သေးဘူး။ လှဦးက ငပိန်ကို လှည့်ပတ် ကြည့်နေရင်းက ရုတ်တရက်ရပ်ပြီး


“အဲဒီတော့ ထောင်ထဲမှာ စုတ်ထိုးတာများ သင်ခဲ့သလားလို့ပါ”


ငပိန် မျက်မှောင်ကျုံ့ပြီး


“မင်း ဘာလုပ်ချင်တာ”


လှဦး ငပိန်ရဲ့ပခုံးကိုညှစ် သူ့ရင်ဘတ်ကို အားရပါးရပုတ်ကာ


“ဟောဒီ ငါ့ရင်ဘတ်ကျယ်ကြီးမှာ လူလေးစားလောက်တဲ့အရုပ် တစ်ရုပ် တင်ချင်လို့ပေါ့ကွာ”


“ခိ”


ငပိန် ခိုးရယ်မိသွားတယ်။


သူ့ရင်ဘတ်ကျယ်တဲ့။ သူ့ရင်ဘတ်က အားလုံးပေါင်းမှ လက်သုံး လုံးလောက်ရှိတာ။ တကယ်စုတ်ထိုးရင် တီကောင်ပုံတောင်မရဘူး။ ငပိန်က မျက်မှောင်ကျုံ့ပြီး


“မင်းက ဘာအရုပ်တင်ချင်တာလဲ”


လှဦး ငပိန်ရဲ့နားနားကပ်ပြီး တိုးတိုးလေးပြောတယ်။


“အာဠာဝက”


“ဟင်”


ငပိန် အံ့အားသင့်သွားတယ်။ အာဠာဝကဆိုတာ တော်ရုံလူ ထိုးရဲ တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အာဠာဝကသာ တကယ်စီးသွားရင် ထိန်း မနိုင်ဘူးရယ်။ သစ်ပင်လှရွာက သမန်းဝက်တောင် ဝက်ခုံးထိုးမိထားတာ ဒုက္ခတွေရောက်လို့။ အရက်ကလေးများဝင်ရင် ထိန်းမနိုင်ဘူး။ ဘယ်လောက် ထုထု ကုန်းကုန်းတက်လာတာ။


အခု မြင်သာရွာက လှဦးထိုးချင်တာ တကယ့် ကြမ်းပေ့ရမ်းပေ့ဆို တဲ့ အာဠာဝက တဲ့။


သူစဉ်းစားနေတုန်းမှာပဲ လှဦးက ခပ်လှမ်းလှမ်းရောက်သွားပြီ။ သူ မြင်နေရာကနေ အမှောင်ထဲတိုးဝင်ရင်း


“နောင်တချိန်မှာ မြန်မာပြည်တလွှား လူပြောများတဲ့ ]ဘီလူးလှဦး} ဆိုတာ ငါပဲဖြစ်ရမှာကွ၊ ဟားဟား ဘီလူးလှဦးတဲ့ကွ”


လှဦးရဲ့ အော်ဟစ်ရယ်မောသံ။ ငပိန် ကြောင်တောင်တောင်နဲ့ ရေ ရွတ်မိတယ်။


“ဘီလူးလှဦး”


+++


>>> အပိုင်း (၅) ဆက်ရန် <<<

No comments