New Artical

သွေးအားနည်းရောဂါ

 


လူတိုင်း အသက်ရှူနေကြရသည်။ ရှူသွင်းလိုက်သည့်လေထဲက အောက်စီဂျင် ကိုသုံးပြီး သွေးကို သန့်အောင်လုပ်ပေးသည်။ သွေးထဲမှာ သွေးနီဥ ရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်) ဆိုသည့် သံဓာတ်ပါသည်။

ထို့ကြောင့် သံဓာတ် နည်းတာကို သွေးအားနည်းတယ် လို့ ယေဘုယျခေါ်နိုင်သည်။ သွေးစစ်ရင် (Hb) (ဟီမိုဂလိုဘင်) နည်းနေသည် လို့ အဖြေထွက်မယ်။ (ဟီမိုဂလိုဘင်) ဟာ ပုံမှန် အားဖြင့် ကလေးများ မှာ ၁၁ မှ ၁၂၊ အမျိုး သမီးများမှာ ၁၁ မှ ၁၂၊ နဲ့ ယောကျာ်းများမှာ ၁၃ မှ ၁၄ g/dl ရှိရပါသည်။

သွေးအားနည်းရောဂါ က တစ်မျိုး မကရှိတယ်။ ခဏတာသွေးအားနည်းခြင်း နဲ့ နာတာရှည်သွေးအား နည်းခြင်း၊ နဲနဲ ဆိုးခြင်းနဲ့ များများ ဆိုးခြင်း ဆိုပြီးရှိသည်။

အသား အရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်း လွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူ မဝဖြစ် တာ၊ ရင်ပတ် နာတာ၊ ခေါင်းမူး တာ၊ ခြေလက် အေးစက် တာ၊ ခေါင်းကိုက် တာ၊ ဒီ လက္ခဏာတွေ ရှိနေ ရင် သွေးအား နည်းနေပြီလို့ သိနိုင်သည်။

အစားအစာထဲ မှာ ပါတဲ့ သံဓာတ် အပြင် အခြားဓာတ်တွေ နဲ့ ပရိုတင်းတွေကို သုံးပြီး (ရိုးတွင်းခြင်ဆီ) က သွေးနီဥ ကို ထုတ်ပေးတယ်။ ဒါ့ကြောင့် အစားအစာ ထဲမှာ ဒီ ဓာတ်တွေ နဲသူများ၊ ဒဏ်ရာ၊ ရောဂါတွေကြောင့် သွေးထွက်၊ သွေးယို၊ သွေးဆင်းသူများဟာ သွေးအားနည်းရောဂါဖြစ်နိုင် ပါတယ်။

လစဉ် ရာသီသွေး ဆင်းနေရတာကို က သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန် ရှိရင်၊ မစားနိုင်လို့-မစားတတ် လို့ အာဟာရ နဲသူတွေ၊ အစားအစာ ရွေးလွန်း သူ၊ အရက် ကြာကြာသောက်သူတွေ၊ Celiac Disease နဲ့ Crohn’s Syndrome ဆိုတဲ့ အူရောဂါတွေ ရှိရင်၊ အူကို အရှည်ကြီး ဖြတ်ပြစ်ရသူ၊ နာတာ ရှည် ကျောက်ကပ်၊ အသဲ၊ ကင်ဆာရောဂါတွေရှိရင်၊ ဓါတု အဆိပ်မိ သူတွေဟာ သွေးအားနည်းရော ဂါ ဖြစ်စေနိုင်တယ်။

အေအိုင်ဒီအက်စ်၊ (ရူမတွိုက်) အဆစ်နာရောဂါတွေ ကြောင့်လည်း သွေးအား နည်းနိုင်ပါသေးတယ်။ အများဆုံး ကတော့ သံဓာတ်နဲ သွေးအားနည်းရောဂါဖြစ်တယ်။ Iron deficiency anemia ဖြစ်ရင် သံဓာတ် ပါတဲ့ အစား အစာတွေ ရွေးစား ရပါမယ်။

အစား အမျိုးအစားတွေ ကို ချင့်ချိန်နိုင်အောင် သံဓာတ် ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသဲ (၇ဝ)၊ ပဲပုတ် (၅ဝ)၊ တခြားပဲ (၂ဝ-၂၅)၊ တိုဖူး (၂ဝ)၊ ဟင်းနုနွယ် (၂ဝ)၊ အမဲသား (၁ဝ-၂ဝ)၊ ကြက်အသား (၆)၊ ပေါင်မုံ့ (၆)၊ ဝက်သား (၄)။

သွေးအားကောင်း ဘို့ စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အလွယ် တကူ ဝယ်ရပါတယ်။ ပုံမှန်သွေး အားနည်းနေ တဲ့ အမျိုးသမီး တယောက် ကို သံဓာတ်ပါ စားဆေး (၃) လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာပေးရ-သောက်ရမှာ မို့ ဈေးချိုတာရှာဝယ်ပါ။

သွေးအား ကောင်းစေတဲ့ဆေးတွေ ကို ဆေး ကုမ္ပဏီတွေက အမျိုးမျိုး ထုတ်တယ်။ Iron တမျိုးထဲ၊ Iron နဲ့ Folic acid တွဲ၊ Vitamin B, C ပါ ရောထားတာလဲ ရှိတယ်။ (အရင်က ဗမာပြည် မှာ ဖြူရာမင် ဘီစီ)။ Ferrous fumarate ဟာ Ferrous sulphate, Ferrous gluconate တို့ထက် သာတယ်။

သံဓာတ်ဆိုတော့ သံချေးနံ့ ရလို တချို့က မကြိုက်ဘူး။ အပေါ်က သကြား အုပ်ဆေးထုတ်တယ်။ ဆေး မမြို တတ် သူတွေ အတွက် ဆေး အရည်ထုတ်တယ်။ တချို့ကြ သံဓာတ် က ဝမ်းချုပ်တတ် လို့ ဝမ်းလွယ်အောင် အစား အစာကို သေခြာ ရွေးစားသင့်တယ်။

သင်္ဘောသီး၊ မန်ကျီးမှည့် ဖျော်ရည်၊ ကန်ဇွန်းရွက်၊ မြန်မာ ဘယဆေးများ ကလည်း အသုံးဝင်လှပါတယ်။ သံဓာတ် ထိုးဆေးဆိုတာ Imferon Iron Dextran Injection ညိုမဲမဲ ခပ်ပြစ်ပြစ်ဖြစ်တယ်။ ဆေးထိုးရင် ဂရုစိုက် ထိုးပေးရတယ်။ လူနာကို အိပ်လျက်နေစေပြီး၊ တင်ပါး အသား ထူထူနေရာ မှာ ခပ်နက်နက် ၄၅ ဒီဂရီစောင်းထိုးပြီး ဆေးထိုး အပ်ကို လမ်းကြောင်းပြောင်း နုတ်ယူရတယ်။

ဆေးထိုးအပ်က သိပ် မကျဉ်းရ-မတို ရဘူး။ ဆေးထိုးပြီး မချေ ရဘူး။ အမဲ ကွက်ဖြစ်နေမှာ စိုးလို့။ Drip ပုလင်းထဲ ဆေးထည့် သွင်း တာလဲ လုပ်နိုင်တယ်။ ဆေးမထိုးခင် ဆေးတည့်-မတည့် လဲ စမ်းရပါမယ်။ တချို့က မတည့်ဘူး။

သံဓာတ် အပြင် (ဖေါလစ်အက်စစ်) Folic acid ခေါ် Folate ခေါ် Vitamin B 9 နဲတဲ့ သွေးအားနည်းရောဂါ ဆိုတာ ရှိတယ်။ သာမန် အချိန်မှာ 400 mcg နို့ တိုက်နေရင် 500 mcg ကိုယ်ဝန် ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။

Folic acid ပါတဲ့ အစား အစာတွေ ကတော့ ပဲ အမျိုးမျိုး၊ လိမ်မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန် နီပင်စတဲ့ အသီး အရွက်စိမ်းများ၊ အစေ့ အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသဲ-အမြစ်၊ နံနက်စာ အဖြစ် စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း-ပြောင်းဖူးထွက် အစာများ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ် တယ်။

Folic acid ဟာ Spina bifida နဲ့ Anencephaly ခေါ် မွေးရာ ပါ ဦးနှောက်-အာရုံကြောရောဂါတွေ ကို ကာကွယ်နိုင် ပါသေးတယ်။

နောက် တမျိုးက ဗီတာမင် ဘီ-၁၂ နဲတဲ့သွေးအားနဲရောဂါ ပါ။ တနေ့ ကို 7 mcg လိုအပ် ပါတယ်။ နဲနေရင် Injection Vitamin 12 ထိုးပေးရမယ်။ များသော အားဖြင့် ထိုးဆေးက ပန်းရောင် ဖြစ်တယ်။ ရာသက်ပန် ထိုးပေးရမှာ လဲရှိတယ်။ B-12 ဟာ သွေး အတွက် သာမက အာရုံကြော အတွက်လည်း အသုံးဝင်တယ်။

ဗီတာမင် ဘီ ၁၂ များ တဲ့ အစားအစာတွေ ကတော့ ခရု၊ အသဲ၊ ကောက်နှံများ (မနက်စာ အဖြစ်စားတဲ့ အစာတွေ)၊ ငါး၊ အမဲသား၊ (ရောဂတ်) ဒိန်ချဉ်၊ နွားနို့၊ ဥ၊ ကြက်သားတို့ ဖြစ်တယ်။ ဆရာဝန်ပေါက်စတွေ ကို ဝါရင့်တွေ က သင်ပေး သလို လူနာတွေ က ဆရာဝန်ကို သင်ပေးတာလဲ ရှိတယ် ။ ဆေးထိုးတဲ့ အခါ ဗီတာမင် ဘီ အုပ်စုကို ထိုးရင် နာတယ်။ ဘီ ၁၂ ကို ထိုးရင် မနာဘူး။

တချို့လူနာ က ဆေး ထိုးတာ မနာ မှ ဒီ ဆရာဝန် လက်ကောင်းတယ် လို့ သတ်မှတ်သလို၊ တချို့ကြ ဆေး က နာလဲ မနာဘူး၊ စွမ်းပုံမရဘူးလို့ ပြောသူလဲရှိတယ်။ ဒါ့ကြောင့် (ဂျီပီ)ကောင်းချင် ရင် လူနာ့ အထာ သိဘို့လိုတယ်။

လူတယောက် မှာ အစဉ် အမြဲ သွေးနီဥ စုစုပေါင်း ၂့၅ ထွီလီယန် ရှိနေတယ်။ စက္ကန့်တိုင်း သွေးနီဥ အသစ်ပေါင်း ၁့၅ မီလီယန် ကို ရိုးတွင်းခြင်ဆီ က ထုတ်ပေးနေပါတယ်။

Bone marrow (ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့် တူတဲ့ Leukemia (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင် သွေးသွင်းပေးရတယ်။ bone marrow transplant ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရတယ်။

ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေဖြစ် လို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ မှာ ဇာတ်လိုက်ကို ဒီရောဂါရှိတယ် လုပ်ပြီး သေ ခိုင်းတတ်တယ် မဟုတ်လား။

အချို့ဆေးဝါးတွေကြောင့်ဖြစ် ရတဲ့ Hemolytic anemia ဆိုရင် ပေးနေ တဲ့ဆေးဝါးတွေ ကို ဆန်းစစ်ပြီး ရပ်သင့် ရင် ရပ်ပစ်ရမယ်။ (စတီရွိုက်) ဆေး လိုချင်လိုပါမယ်။ Spleen (ဘေလုံး) ထုတ်ချင် ထုတ်ပေး ရမယ်။

Autoimmune disorders ခေါ် ကိုယ့်ကိုယ် ကို ပျက်စီးစေတဲ့ ခံနိုင်ရည် စနစ်ကြောင့် ဖြစ်ရတာ ဆိုရင် Immune-suppressing medications ဆေးတွေ ပေးရတယ်။

Sickle cell anemia, Thalassemia, Diamond Blackfan anemia, Fanconi anemia တို့ကတော့ မျိုးလိုက် ရိုးလိုက် ဖြစ်တယ်။ Sickle cell anemia လူနာ အတွက် အောက်စီဂျင်ပေးဘို့ လိုနိုင်တယ်။ အိပ်ပေါက် နဲ့ ဖါးကောက်သလို မဖြစ်အောင် သွေးအားနည်း တာဟာ သွေးဆင်း-သွေးထွက် များနေ လို့ဖြစ်ရင် အကြောင်းရင်း ကိုလည်း ကုသပေးရပါမယ်။

လိပ်ခေါင်း ကသွေးယို တာ၊ ရာသီဆင်း များတာ၊ သွားဖုံး-နှာခေါင်းက သွေးယို တာတွေပြောတာပါ။ အစာလမ်း ကနေ မသိမသာ သွေးယိုဖန် များပြီး၊ ရက်တွေ၊ လတွေကြာ မှ သွေးအား အလွန် နည်းနေ တာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့ အထဲပါတဲ့ သွေးကို မျက်စိနဲ့ မမြင်နိုင် လို့ ဝမ်းစစ်မှ တွေ့နိုင်တယ်။ ငှက်ဖျားကြောင့် သွေးအားနည်း သူတွေ မနဲမနောရှိတယ်။

သွေးအားနည်းရောဂါကြောင့် နောက်ဆက် တွဲရောဂါတွေ ဖြစ်လာနိုင်တယ်။ အားအင် ကုန်ခမ်း မောပမ်း လွယ်မယ်၊ နှလုံးက ပိုပြီး ခုန်ရ လို့ Arrhythmia နှလုံးခုန် မမှန်ရောဂါ ဖြစ်လာနိုင်တယ်။ congestive heart failure နှလုံး အရွယ်ကြီး လာနိုင်တယ်။ သွေးဖိအား ကျပြီး အသက်ဆုံးသွားနိုင်တယ်။

Anemia သွေးအားနဲ တာနဲ့ Blood Pressure (ပရက်ရှာ) နဲတာ မတူတာ ကို ခွဲသိထားစေချင်တယ်။ ခု ချက်ချင်းကြီး သွေးယို-သွေးဆင်း သူကို သွေးဖိ အားခေါ်တဲ့ (ပရက်ရှာ) တိုင်းရင်တော့ နဲနေတာ ကို တွေ့ ရမယ်။ ရက်ကြာကြာ သွေးအား နဲနေသူကို (ပရက်ရှာ) တိုင်းရင် ပုံမှန်ဖြစ်နေမယ်။

ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနဲနေနိုင်တယ်။ ဘာ့လို့လဲ ဆိုတော့ သွေးဖိအား ဆိုတာ သွေးထု ထည် နဲ့ ဆိုင်တာ။ လူတိုင်း သွေး ထုတည် ၅ လီတာ အမြဲရှိနေတာ။ ရက်ရှည် သွေးအားနဲ သူတွေလဲ ၅ လီတာပေမဲ့ သွေးက ကျဲနေလို့ ရေရောထား တဲ့ဆေးတို့၊ အရက်တို့ လို အာနိသင်နဲနေရတယ်။

ဒါ့ကြောင့် ကာလရှည်ကြာ သွေးအားနဲနေသူ ကို သွေး မသွင်းဘဲ၊ တခြား D5, NS, DNS, RL သွင်းဆေးတွေ သွင်းပေး တာ အကြောင်း မထူးဘူး။ ဆီးပိုသွားတာဘဲ ရှိမယ်။

Blood Transfusion သွေးသွင်း ကုသခြင်းဟာ အရေးပေါ်နဲ့ ဆိုးဝါး တဲ့ သွေးအားနည်းရောဂါတွေ အတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥ ဆိုတာ ရက် ၉ဝ-၁၂ဝ သာ အသက်ရှည်ပြီး အသစ် ထပ်ထပ် ဖြစ်နေ ကြ တာ။ ဒါ့ကြောင့် သွေးလှူရှင် တဦးဟာ ရက် ၁၂ဝ ဒါမှ မဟုတ် ၄ လတခါ (သွေးလှူဘဏ်က လက်ခံ ရင်) စိတ်ချ လက်ချ လှူနိုင်ပါတယ်။


Credit : Dr Tint Swe

Source : Wikipedia

No comments