New Artical

ထီလာပုဂံ

 ထီလာပုဂံ



ထီလာပုဂံဟုခေါ်ကြသော မယ်နုအုဋ်ကျောင်းပုံစံငယ်ရှိရာ ရတနာပုံ ခေတ်၏ အလှဆုံးအင်္ဂတေပန်းလက်ရာတို့နှင့် မုန်တိုင်ဘုရားစုများ။


   ထီလာပုဂံခေါ် မုန်တိုင်ဘုရားစုသည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိတ္ထီလာမြို့၏  အနောက်အရပ် ( ၁၀ ) မိုင် အကွာ မိတ္ထီလာ - ကျောက်ပန်း တောင်း ကားလမ်းမကြီးဘေးရှိ မုန်တိုင်ရွာ တွင် တည်ရှိ်သည်။ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဇုန် ( ၂ )အဖြစ် သတ်မှတ်ထားသော မုန်တိုင်ရွာရှိ ရှေးဟောင်း 

စေတီပုထိုး ၊တိုက်ဇရပ်၊ ကျောင်း ၊ ရေတွင်းရေကန်တို့သည်  မြန်မာမှုကို စိတ်ဝင်စားကြသူများ အဖို့ ရတနာပုံမန္တလေး နေပြည်တော် ခေတ်၏ အနုသုခုမလက်ရာများ နှင့်ပြည့်နေသလို  လည်ပတ်စရာ နေရာသစ်ရှာဖွေသူ တို့အဖို့ သာယာလှပသည့် အရှေ့တောင် အာရှရှိ အန်ကောဝပ်ဒေသနှင့် လည်း ဆင်တူသယောင်ရှိနေသည်။ မိတ္ထီလာမြို့ခံတို့ခေါ်ဆိုသော  ထီလာပုဂံ သို့ လမ်းညွန်ပေးရမည် ဆိုလျှင်  နေပြည်တော်အမြန်လမ်းမ မိုင်တိုင်အမှတ် 

( ၂၈၅ ) မိတ္ထီလာ ယာဉ်ရပ်နားစခန်းသို့ ဆင်းလိုက် ပြီး အနောက်ဘက်ရှိ ကျောက်ပန်းတောင်းလမ်းပေါ်သို့ ( ၂ ) မိုင် ခန့်သွား လိုက်သည် နှင့် မုန်တိုင်ရွာသို့ တန်းတန်းမတ်မတ်ရောက်သဖြင့် သွားရေး လာရေးမှာ  လွယ်ကူပါသည်။ 




မုန်တိုင်ရွာသမိုင်းကိုပြောရလျှင် ရှေးကရွာတည်ရန် တော ရှင်းရာ မုန်တိုင်ပင်များ ( Cycas Revoluta ) ခုတ်ထွင်ခဲ့ရ သဖြင့် မုန်တိုင်ရွာဟု ခေါ်တွင်လေသည်။ မုန်တိုင်ရွာ၏ အရှေ့ပိုင်း၊ ရွာအလယ်ပိုင်း၊ ရွာတောင်ပိုင်း တို့တွင် ဘုရားစေတီပုထိုးပေါင်း ( ၈၆ ) ဆူ ရှိသည့်အနက်  မုန်တိုင်ရွှေဘုံသာ ဘုရားစုသည် အလှဆုံးနေရာ ဖြစ်သည်။ ထိုဝင်း အတွင်း၌ မန္တလးရတနာပုံ ခေတ်တွင် ကိုးမြို့ဝန် ဦးလူတုတ်မှ လှူဒါန်းထားသော တိုက်ဇရပ်သည် အလွန်ပင်လှပသော အင်္ဂတေပန်း တမော့ လက်ရာကောင်း ၊ လက်ရာဆန်း များစွာတို့ဖြင့် အလှဆင်ထားသည်။ ကိုးမြို့ဝန်ဆိုသည်မှာ လှိုင်းတက် ၊ ရမည်းသင်း၊ ရနောင် ၊ မိတ္ထီလာ၊ ၊ မြင်းခြံ၊ ကျောက်ပန်း တောင်း ၊ ပင်းတလဲ၊ မလှိုင် နှင့် ဝတီးမြို့ကိုစားရသော ဝန်မင်းဖြစ် သည်။ တိုက်ဇရပ်သည် အလျား ပေ ( ၈၀ ) အနံ ပေ ( ၃၀ ) ရှိကာ မုခ်ပေါက် ( ၇ ) ပေါက်ပါ စိန်တောင်ကာ တစ်ထပ်တိုက်ဇရပ်မျိုး ဖြစ်ပြီး အမရပူရရှိ ဘိုးတော်ဘုရား၏ တိုက်ဇရပ်နှင့့် ဆင်တူသည်။ အမိုးကို ကျွန်းသစ် ထုပ်၊ လျှောက်တို့ခံကာ ၄င်းတို့အပေါ်တွင် အုပ်ချပ်များ မိုးထားသည်။  အင်္ဂတေပန်း တို့သည် အတော်ပင် လက်ရာ ကောင်းမွန်လှသည်။ အနောက်ဘက်ရှိမုခ်ဦး ( ၂ ) ခု၏ ဒုရင်သည် ငါးကြင်းကို ထောင်ထား သည်မှာ အလွန်ပင်တွေ့ရ ခဲသော မြန်မာ့လက်ရာဆန်းတစ်မျိုး ဖြစ်လေသည်။ အမိုးအရှေ့ပိုင်း ကျောင်းဦးတွင် ရမ္မ ၊ သုဘ ၊ သုရမ္မ ခေါ် ပြဿဒ် ( ၃ ) ဆောင်အား ကျောင်းဦးပြဿဒ်အဖြစ် ထားရှိသည်။ ရမ္မ၊ သုဘ၊ သုရမ္မ ဆိုသည်မှာ  သိတ္တဒ မင်းသား တောထွက်မည်ကို စိုးရိမ်သဖြင့် ခမည်းတော်မှ နွေ ၊ မိုး ၊ ဆောင်း ( ၃ ) ရာသီစံမြန်းနိူင်ရန် ဆောက်ပေးဖူးသော နန်းဆောင်ကို ဆိုလိုသည်။ အရှေ့ခြမ်းရှိ ဒုရင်များပေါ်တွင်လည်း ဒုရင် ( ၂ ) ခုကို နယား တစ်ကောင်ဖြင့် ချိတ်ထားသည်မှာလည်း ရှားပါးပြန်သည်။ တိုက်ဇရပ် အမိုးပိုင်းတွင် အလှဆင်ထားသော သိကြား ၊ ဗြဟ္မာ၊ နယား၊ မနုသီဟ၊ ကိန္နရီကိန္နရာ ရုပ်တို့သည် အကောင်းနီးပါးကျန်ရှိနေသည်။ 



မုန်တိုင်ရွာမှာတည်ရှိတဲ့ စေတီတွေဟာ မြေပေါ်စေတီ (၇၆) ဆူရှိတယ်လို့ သိရှိရပြီး (က) (ခ) (ဂ) (ဃ) ဆိုပြီးအုပ်စု(၄)စုရှိပါတယ် (ဂ) အုပ်စုကတော့ အလှဆုံးနဲ့ လူသိအများဆုံးပါ (က) နဲ့ (ခ) အုပ်စုဘုရားတွေကလဲ မုန်တိုင်ရွာထဲမှာပဲရှိလို့ သွားရတာ မဝေးလှဘူး နီးနီးလေးမို့ သွားစေချင်တယ်  (ခ) အုပ်စုထဲမှာ ဆုတောင်းပြည့်ဘုရားရှိပါတယ် (က) အုပ်စုထဲမှာတော့ မျှော်တော်မူ ဘုရားရှိတယ်လို့သိရပါတယ် 





🙏ရွှေတောင်ကြီးဘုရား🙏

**************************

            ရွှေတောင်ကြီးဘုရားသည် ဖိနှပ်တော်ပေါ်တွင် ပစ္စယံ ( ၃ ) ဆင့်ခံကာ စေတီတည်ထားသော ဘုရားဖြစ်သည်။ စေတီပိုင်းသည် သာမာန် စေတီ ပုံမျိုးသာ ဖြစ်သော်လည်း ဖိနှပ်တော်မှပစ္စယံ ( ၃ ) ဆင့်အပိုင်းကို ချိတ်ဆက် ထားသော လှေကားသည် မကာန်း လှေကားဖြစ်ကာ တစ်ထပ်စီတိုင်းတွင် ထူးဆန်းသော အရုပ်များ ထားရှိသည်။ အထူးသဖြင့် တောင်ဘက်လှေကားတွင် နတ်သမီးရုပ် ထားရှိသည်ကား ဆန်းပြားကာ နားလည်ရန် ခက်နေသည်။ ထောင့်စေတီများကို မဏ္ဍာပ် အဆင်တန်ဆာဖြင့် ပြုလုပ်ထားသည်။ 




ရွှေတောင်ကြီးဘုရားသည် (ဂ) အုပ်စုထဲမှာရှိပြီးတော့ တည်ထားမှုက သိပ်ကိုစိတ်ဝင်စားစရာကောင်းပါတယ် အရမ်းလဲလှပါတယ် (လှတယ်လို့ပဲသုံးပါရစေ) ဘုရားရဲ့ထူးခြားချက်တွေက လှေကား (၄) ဖက်ပါပြီးတော့ တစ်ဖက်စီတိုင်းမှာ သူ့ဆုတောင်းနဲ့သူရှိပါတယ် 


• အရှေ့ဘက်လှေခါး က မက်စောက်တဲ့ပုံရှိပြီးတော့ ဆုတောင်းမယ်ဆိုရင် တွေ့ကြုံနေရတဲ့ အခက်ခဲတွေကို အောင်မြင်ကျော်လွှားနိုင်ပါတယ်


• အနောက်ဘက်လှေခါး ကတော့ အတက်ဆင်းပြေပြစ်ပြီးတော့ ခြင်္သေ့နှစ်ကောင် လက်တစ်ဖက်မြှောက်နေတဲ့ပုံရှိပြီးတော့ မိမိတို့အကြောင်းအရာ အခက်ခဲမရှိပြေပြစ်အောင်ဆုတောင်းနိုင်ပါတယ်


• တောင်ဘက်လှေခါး ကတော့ နတ်သမီးလှေခါးလို့ခေါ်ပါတယ် မိန်းကလေးတွေတက်ပြီး ဆုတောင်းမယ်ဆိုရင် ကောင်းမှုအဖြာဖြာ တောင်းဆုရတနာပြည့်ဝပါတယ်


• မြောက်ဘက်လှေခါး ကတော့ သီဟ ခြင်္သေ့ ကူးခတ်တော့မယ့်ပုံရှိပြီးတော့ ကူးပြောင်းရွေ့လျား အပြောင်းအရွှေ့လုပ်လိုသူတွေဆုတောင်းနိုင်ပါတယ်။


🙏ရွှေဘုံသာဘုရား🙏

*********************

        ရွှေဘုံသာဘုရားတွင် အမရပူရခေတ်နှောင်း ရတနာပုံခေတ်ဦး နံရံဆေး ရေးပန်းချီများကို တွေ့ရသည်။ နှစ်ကျိတ်ရှစ်ဆူ၊ ဗုဒ္ဓဝင် ၊ ဇတ်ကြီးဆယ်ဘွဲ့ တို့ရှိခဲ့ဖူးသော်လည်း ယခုအခါ၄င်းပန်းချီတို့မှာ မကျန်တော့သလောက် ဖြစ်သည်။တစ်ချို့တစ်ဝက်ကတော့ ပျက်စီးနေပါပြီ ဆေးရေးပန်းချီတွေမှာ စာတန်းတွေလဲ အကောင်းတိုင်းမပျက်သေးပဲ ရှိနေတာတွေလဲ တွေ့ကြရမှာဖြစ်ပါသည်။





🙏အုဋ်ကျောင်းတိုက်🙏

***********************

                ထီလာပုဂံသို့ရောက်ရှိသည်ဆိုလျှင် မဖြစ်မနေဝင်ကြည့်သင့်သော နေရာတစ်ခုမှာ မုန်တိုင်အုဋ်ကျောင်းတိုက် ဖြစ်သည်။ မုန်တိုင် အုဋ်ကျောင်း တိုက်ကြီးသည် " ဥဩအော်အစ် အုဋ်ကျောင်းသက္ကရဇ်" ဟူသောစာချိုးအရ မြန်မာ သက္ကရဇ် ( ၁၁၁၁ ) တွင် တည်ဆောက် သဖြင့် ( ၁၇၄၉ ) ခုနှစ်တွင် သူကြွယ်ဦးပန်းရနှင့်ဒေါ်စိန်သာတို့က ဆောက် လုပ် လှူဒါန်းခဲ့သော ကျောင်း တော်ကြီးဖြစ်သဖြင့် အလွန် ရှားပါးသော ညောင်ရမ်းခေတ် အုဋ်ကျောင်း တော်ကြီး ဖြစ်လေသည်။ ဦးပန်းရနှင့် ဒေါ်စိန်သာတို့သည် မိမိတို့ လယ်ကွင်း အတွင်း ရတနာများ တူးဖော် တွေ့ရှိသဖြင့် ကျောင်းဆောက်လှူခဲ့ခြင်း ဖြစ်သည်။ စိတ်ဝင်စားစရာကား ဤအုဋ်ကျောင်းတော်ကြီးသည် မယ်နုအုဋ်ကျောင်းအငယ် ဟု ဆိုရလောက်အောင်ပင် အခြေခံစနစ် တို့ တူညီနေကြသည်။ ကျောင်းဦးပြဿဒ် နှင့် မာရဘင်ဆောင် ( ၂ ) ဆောင် ထားရှိကာ ကပြင်ပေါ်တင်ထားသည်။ အလျား ( ၁၁၆ ) ပေ၊ အနံ ( ၈၃ ) ပေနှင့် အမြင့် ( ၈၀ ) ပေ ခန့်ရှိကာ ကျောင်းအောက်တွင် မယ်နုအုဋ်ကျောင်း  ကဲ့သို့ပင် (တိုးစီပေါင်းကူးနည်း) - Corbelled Arch ကို အသုံးပြုထား ကာ အဝင်ပေါက် ( ၅၀ ) ထားရှိသည်။ သရက်ကင်း လှေကား၏ ပန်းထောင် မှာလည်း မယ်နုအုဋ်ကျောင်း ကဲ့သို့ပင် ဆင်မြန်း ထားရှိသည်။ မင်းတုန်းမင်းမှ ဂိုဏ်းချုပ်ဆရာတော်ဘွဲ့ တံဆိပ်တော် ဆက်ကပ်ခံရ သော မန္တလေး တောင်ခွန်တိုက်အုပ် ဆရာတော် ဦးဥာဏကို ကိုးမြို့ဝန် ဦးဘုံမှ ကျောင်းထိုင်ရန် အခမ်းနားဖြင့် ပင့်ဆောင်ကာ ဤအုဋ်ကျောင်း ၌ ကျောင်းထိုင်စေခဲ့သည်။ မယ်နုအုဋ်ကျောင်းထက် နှစ် ၁၀၀ စောပြီး ဆောက်လုပ်ခဲ့တယ်လို့သိရသည့်အပြင် မယ်နုအုဋ်ကျောင်းဆောက်လုပ်ရန် အခြေခံပုံစံယူခဲ့တယ်လို့လည်းဖော်ပြထားကြပါသည်။ မယ်နုအုဋ်ကျောင်းနှင့်လည်း အတော်လေးဆင်တူပါသည်။


တန်ဖိုးသိမှ တန်ဖိုးရှိဆိုသလိုပင် ​ရှေးဟောင်းအမွေအနှစ်တွေကို စိတ်ဝင်စား မြတ်နိုးသူများ သမိုင်းကိုစိတ်ဝင်စား မြတ်နိုးသည့်သူများ သွားရောက်လေ့လာကြရန်သင့်ပေသည်။






#ကိုးကား 

[1] မိတ္ထီလာနယ်က ယဉ်ကျေးမှုအမွေအနှစ်များဆောင်းပါး 

( ၁၄ ၊ ၇ ၊ ၁၉၉၆ ) ကြေးမုံသတင်းစာ ( ကိုတင်လှိုင် မိတ္ထီလာ )

[2] မိတ္ထီလာမြို့ မုန်တိုင်ယဉ်ကျေးမှုဇုန် ( ၂ )တွင် ရှေးဟောင်း စေတီဘုရားများ လာရောက်လေ့လာနိုင် ( ရတနာပုံသတင်းစာ )

[3] အင်တာနက်မှ ဟိုတစ သည်တစ စာစုများကို ကောက်နုတ်စုစည်း၍ ပြန်လည်ဖော်ပြအပ်ပါသည်။

ဓာတ်ပုံတင်ထားသူ မူရင်းပိုင်ရှင်များအားလည်း Credit ပေးပါသည်။ 

[4] #Crd သုခုမအလင်းတန်းများ




ဒေသန္တရ ဗဟုသုတရရှိစေရန်အလို့ငှာ ပြန်လည်စုစည်းဖော်ပြလိုက်ရပါသည်။အထက်ပါအကြောင်းအရာများနှင့် ပက်သက် ၍ ပြည့်စုံမှုမရှိပါသော်၎င်း စာဖတ်သူတို့သိရှိထားသည်များ မပါခဲ့ပါသော်၎င်း Comment တွင် အပြုသဘောဆောင်ကာ ဝင်ရောက်ဖြည့်စွက် ရေးသားပေးကြပါရန်နှင့် ရောက်ဖူးသူများမှလည်း ကောင်းနိုးရာရာ ဓာတ်ပုံမှတ်တမ်းများကို Comment တွင် ဝင်ရောက် တင်ပေးခဲ့ကြပါခင်ဗျာ ကျေးဇူးတင်ပါသည်။


ကိုဖြိုး(ဧရာမြေ)

No comments