New Artical

ရှေးဟောင်းအမွေအနှစ် သမိုင်းလက်ရာ ဖျက်ဆီးကြသူများ


သမိုင်းလက်ရာ ဖျက်ဆီးကြသူများ

ပုဂံ မင်းနန်သူကျေးရွာသို့ အသွားကားလမ်းနံဘေးတွင် ရှင်အဉ္ဇဂေါဏ (အဇဂေါဏ) ဘုရား တည်ရှိသည်။

 အဆိုပါဘုရားကို ကျစွာမင်းလက်ထက်က မဟာသမန်းကြီးအမည်ရှိ အမတ်ကြီးနှင့်ဇနီးဖြစ်သူတို့က တည်ထားကြောင်း ကျောက်စာမှတ်တမ်းရှိသော်လည်း စေတီတော်ကိုစတင်တွေ့ရှိစဉ်က ဖိုထိုးရာတွင် အသုံးပြုသည့် လုံကွဲများတွေ့ရှိခဲ့မှုကြောင့် ပုဂံခေတ်အဂ္ဂိရတ်ပညာရှင် ရှင်အဉ္ဇဂေါဏကို အစွဲပြုကာ ဤသို့အမည်တွင်နေခြင်းဖြစ်လေသည်။ မူလ အဇဂေါဏဟူသောအမည်ကို ကျောက်စာဝန်တော်စိန်ခိုနှင့် ဖွားစောရွာသူကြီး ဦးထွန်းဦးတို့က ပေးခဲ့ခြင်းဖြစ်သည်။

စေတီ၏အဝင်ဝနှင့် အတွင်းဘက်နံရံများတွင် အတန်ငယ်မှေးမှိန်နေပြီဖြစ်သော်လည်း အဆင့်အတန်း မြင့်လှသည့် နံရံဆေးရေးပန်းချီများနှင့် ကမ္ပည်းစာများကို တွေ့နိုင်သေးသည်။ 

ရာဇဝင်လာ ဇာတ်နိပါတ်တော်များကို အဆန်းတကျယ်လက်ရာ အမွှန်းအပြောက်များဖြင့် တန်ဆာဆင်ဖန်တီးထားသည်။ အထူးသဖြင့် စေတီအရှေ့ဘက်ဆောင်၏ တောင်ဘက်နံရံမှ ဇာတ်ကွက်များပေါ်တွင် စာတန်းရှည်တစ်ခုရှိပြီး ဤပန်းချီလက်ရာများကို တန်ဆာဆင်သူမှာ ငါဝံသသင်ဖြစ်ကြောင်း ရေးထိုးထားသည်။

သို့သော်လည်း စေတီတော်၏ အဝင်ဝဖြစ်သည့် တောင်ဘက်ဆောင်အဝင်နံရံများရှိ နံရံဆေးရေးပန်းချီများမှာမူ ဝမ်းနည်းဖွယ်အဖြစ် ဖျက်ရာခြစ်ရာများဖြင့် ပြည့်နှက်နေလေသည်။ 


ယခင်က ဤနေရာတွင် ရေးဆွဲထားသည့် ဇာတ်ကွက်များနှင့် ကမ္ပည်းစာတန်းများကို မြင်နိုင်သည်ဟု ဆိုသော်လည်း ယခုအခါတွင်မူ မီးသွေးခဲများဖြင့် ခြစ်ထားသည့်အရာများ၊ စာသားများကို ရုပ်ဆိုးအကျည်းတန်စွာ မြင်နေရသည်။

"စည်းကမ်းမရှိတာ၊ တန်ဖိုးမသိတတ်တာပေါ့ဗျာ" ဟု နိုင်ငံခြားသားခရီးသွားများအား မော်တော် ယာဉ်ငှားရမ်းပို့ဆောင်သည့်လုပ်ငန်း လုပ်ကိုင်နေသူ ပုဂံဒေသခံ ကိုမင်းမင်းကဆိုသည်။ သူသည် အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်သော်လည်း အခြားပုဂံဒေသခံများနည်းတူ အသက်မွေးမှုကို ခရီးသွားလုပ်ငန်းဖြင့် ဝမ်းကျောင်းနေသူတစ်ဦးဖြစ်သည်။ 

ရှင်အဉ္ဇဂေါဏဘုရားရှိ နံရံဆေးရေးများ ဖျက်ဆီးရေးခြစ်ခံထားရမှုသည် ပုဂံရှိ နံရံဆေးရေးများရှိရာ ဘုရားစေတီများ၏ ပကတိအခြေအနေကို ထင်ဟပ် ပြသရာရောက်သည်။ ပုဂံဒေသအတွင်းရှိ နံရံဆေးရေး ပန်းချီများရှိရာ ဘုရား၊ ပုထိုးနှင့် ကျောင်းများတွင် အနည်းနှင့်အများ ခြစ်ရာများ၊ အမြင်မတင့်တယ်သည့် ရေးခြစ်မှုများနှင့် Correction Pen များနှင့် စာရေး သားမှုများကို မြင်တွေ့နေရသည်။


ယင်းသို့ သမိုင်းတန်ဖိုးကြီးများလှသော နေရာဌာနများတွင် လက်လွတ်စပယ် ဖျက်လိုဖျက်ဆီးရေးသားကြခြင်းအတွက် စိတ်မကောင်းဖြစ်ရသည်ဟု ကိုမင်းမင်းကဆိုသည်။ 

ယင်းသို့ ပြုလုပ်သူများတွင် ပြည်တွင်းခရီးသွားများက အများစုဖြစ်ကြောင်း ပုဂံဒေသခံများက တစ်ညီတစ်ညွတ်တည်းဆိုကြပြီး နံရံများတွင် ရေးသားထားသည့် စာအားလုံးနီးပါးမှာလည်း မြန်မာစာဖြင့်ဖြစ်သောကြောင့် ဒေသခံများ ပြောဆိုသည်မှာ မမှားကြောင်း ညွှန်ပြနေသည်။

နံရံရေးရောင်စုံပန်းချီများနှင့် ကမ္ပည်းစာများသည် အင်္ဂတေပန်းလက်ရာများ၊ ၅၅၀ ဇာတ်ရုပ်အုပ်ချပ်များ၊ စဉ့်သုပ်လက်ရာများနည်းတူ ပုဂံခေတ်မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာ စေတီပုထိုးတန်ဆာဆင်မှုများတွင် အရေးအပါဆုံးနှင့် အဓိကအကျဆုံးလက်ရာများဖြစ်သည်။

အလောင်းစည်သူမင်းကြီး၏ ကုသိုလ်တော်ဖြစ်ပြီး သားတော် နရသူက အလောင်းစည်သူမင်းကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု နာမည်ကြီးသည့်၊ ရွှေဂူကြီးဘုရား၏ အတွင်းဘက်နံရံများနှင့် အထက်ပစ္စရံသည် လည်းကောင်း၊ ဓမ္မရာဇိကစေတီအတွင်းရှိ နံရံများသည် လည်းကောင်း၊ ဓမ္မရံကြီးစေတီတော်ရှိ ရုပ်ပွားတော်ကြီးများတွင်လည်းကောင်း စေတီပုထိုးနံရံများနှင့် နံရံပန်းချီများပေါ်တွင် မင်ဖျက်ဆေးဖြင့် ရေးသားထားသည့် စာသားများဖြင့် အကျည်းတန်ဖွယ် ထင်ရှားစွာ မြင်တွေ့နိုင်သည်။


"ဂေါပကအဖွဲ့တွေဘာတွေရှိတဲ့ စေတီတော်တွေမှာတောင် ဒီလိုတွေ အနည်းအကျဉ်းလောက်တော့ ဆက်ဖြစ်နေသေးတယ်။ ဒီလိုမရှိတဲ့ ဘာမှမကာကွယ် နိုင်သေးတဲ့ စေတီတွေဆို မတတ်နိုင်ဘူး ဒီတိုင်းကြည့် နေရတာပဲ။ တစ်ခုခုဖြစ်လာတော့မှသာ အော်ဒီလိုဖြစ်သွားပါလားလို့ သိရတယ်။ တချို့ဘုရားတွေကို သော့ခတ်ထားလို့သာ တော်သေးတော့တယ်။ တန့်ကြည်တောင်မှာဆို ဘုရားပြုပြင်ထားတဲ့ ကျောက်စာ အမှတ် ၄ အောက်ခြေမှာ ပေါက်ကရတွေ လျှောက်ရေးထားတာ မြင်ဖူးတယ်။ 

ဓမ္မရံကြီးအဝင်ဝက ရုပ်ပွားတော်ကြီးမှာဆို ဝန်ကြီးဌာန နာမည်တစ်ခုကို Correction Pen နဲ့ ရေးထားတာတောင် တွေ့ရသေးတယ်" ဟု ကိုမင်းမင်းကဆိုသည်။

ယင်းသို့ စာများရေးသားခြင်း ပုံများရေးဆွဲခြင်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စာထုတ်၍ တားမြစ်ထားကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးကျော်စွာ (အမည်လွှဲ) က ပြောဆိုသည်။ သို့သော်လည်း ကိုယ်ပိုင် CCTV တပ်ဆင် ထားနိုင်သည့်စေတီများမှလွဲ၍ အခြားသောဘုရား စေတီနံရံများတွင် စာသားများရေးခြစ်မှုများမှာ ဆက်ရှိနေဆဲဖြစ်ကြောင်း သူကဆိုသည်။

"ပုဂံမှာ စေတီ ၂၂၀၀ လောက်ရှိပါတယ်။ အကုန်လုံးကို ကာကွယ်နိုင်ဖို့ ကြိုးစားနေပေမယ့် အခက်အခဲတော့ ရှိပါတယ်။ ငလျင်ဒဏ်တို့ ဘာတို့ကြောင့် ပျက်စီးတာတွေကို ပြုပြင်ရတာတွေလည်းရှိနေတော့ အဲ့ကိစ္စတွေကို ဦးစားပေးနေရတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒီလိုတွေ မလုပ်ကြဖို့ ဆိုင်းဘုတ်တွေ ထောင်ပြီးတော့ တားမြစ်ထားပါတယ်" ဟု ၎င်းက ဆိုသည်။

ပုဂံရှိ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်း ကာကွယ်ရန် ရှေးဟောင်းသုတေသနဌာနမှ ဘုရားများကို ထိခိုက်ဖျက်ဆီးခြင်း၊ တစ်စုံတစ်ရာ ရေးခြစ်ခြင်းနှင့် နံရံပန်းချီများကို ကိုင်တွယ်ခြင်းများကို မပြုလုပ်ကြရန် တားမြစ်ထားကြောင်း ကြေညာချက်ဆိုင်းဘုတ်များကို ထင်ရှားသည့် စေတီပုထိုးများအနီးနှင့် အဓိကလမ်းမများပေါ်တွင် မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားစိုက်ထူထားသည်။

"မလုပ်ပါနဲ့လို့ပဲ တားလို့ရတယ်။ ဒီတော့ ဦးတို့လည်း အရေးယူလို့တော့ မရဘူးလေ။ ရှေးဟောင်း ကလည်း တားမြစ်ချက် ဆိုင်းဘုတ်တွေတော့ လိုက်ထောင်ထားတာပဲ။ အရေးယူဖို့ကျ ခက်တာပေါ့" ဟု ဓမ္မရာဇိကစေတီ ဂေါပကအဖွဲ့ဝင်တစ်ဦးကဆိုသည်။ အဆိုပါ ဓမ္မရာဇိကစေတီပရဝုဏ်တစ်ခုလုံးတွင် စေတီနံရံများပေါ်တွင် စာများရေးခြစ်ခြင်း မပြုလုပ်ရန် စာများကပ်ထားသည်။

ဘုရားဖူးဧည့်သည်များဖြစ်သောကြောင့် နံရံများပေါ်တွင် စာရေးသားမှုများကို မြင်တွေ့ရသည့်တိုင် အတင်းကာရော ပြောဆိုတားဆီး၍လည်း မသင့်တော်သောကြောင့် အခက်တွေ့ရကြောင်း ၎င်းက လက်ရှိအခြေအနေကို ပြောပြသည်။ ယင်းသို့ ရေးသားထားသည်များမှ ဖျက်၍ရနိုင်သည်များကို ဘုရားဂေါပက အဖွဲ့ဝင်များက မိမိတို့ အဆင်ပြေသည့်နည်းလမ်းဖြင့် ပြန်ဖျက်ကြရသည်။

"ဖျက်လို့ရတာတွေကို ရေနဲ့ပြန်ဆေးလို့ ရတာတွေကို ပြန်ဆေးပစ်တယ်။ တချို့ဟာတွေကိုတော့ ရေနဲ့မရရင် အုန်းဆံဖတ်နဲ့ တိုက်ရတာပေါ့" ဟု အဆိုပါ ဓမ္မရာဇိက ဂေါပကအဖွဲ့ဝင်ကြီးက ဆိုလေသည်။

ဘုရားနံရံများကို ရေဖြင့်ဆေးခြင်း အုန်းဆံဖတ်ဖြင့် တိုက်ခြင်းများကို ရှေးဟောင်းအနေနှင့် ပညာပေးတားမြစ်သင့်သည်ဟု သမိုင်းသုတေသနဝါသနာရှင် ကိုမိုက်ကယ်အောင်မြတ်က ဆိုသည်။

"ဒေသခံတွေကတော့ သူတို့ဘုရားတွေ အရုပ်မဆိုးအောင် တတ်နိုင်သမျှ ကြံဖန်လုပ်တာပါပဲ။ သူတို့ကို အပြစ်ပြောလို့တော့မရဘူး။ ဒါပေမဲ့ ရှေးဟောင်း ဘက်က ဘယ်လိုလုပ်သင့်တယ်။ ဘယ်လိုဆို အဆင်ပြေမယ်ဆိုတာကို အကြံပေးသင့်တယ်။ သင်ပေးသင့်တယ်။ ခုဆို တချို့ဘုရားတွေ ထုံးသုတ်ခံထားရတယ်။ တချို့ဘုရားတွေဆိုလည်း လူတွေကြောင့် ခြစ်ရာ ဖျက်ရာတွေနဲ့။ တကယ်တမ်းဆို နံရံပန်းချီတွေကို လက်နဲ့ကိုင်တွယ်တာမျိုးတောင် မလုပ်သင့်ဘူး။ ဧည့်သည်တွေကို ကိုင်တွယ်ရာမှာလည်း အရေးယူစရာရှိရင် ပြတ်ပြတ်သားသားအရေးယူပစ်ရမှာ။ ကြာရင် ဒီနံရံပန်းချီတွေက လုံးပါးပါးကုန်လိမ့်မယ်" ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ပုဂံမှ ရှေးဟောင်းစေတီပုထိုးအားလုံးကို ကာကွယ်ရန်မှာ အခက်အခဲများရှိနေကြောင်းနှင့် သမိုင်းတန်ဖိုးမြင့်ပြီး အခြေအနေဆိုးနေသည့် စေတီပုထိုးများကို ဦးစားပေးကိုင်တွယ်နေရကြောင်း ဦးကျော်စွာကလည်းဆိုသည်။ အချို့ စေတီတော်များကို ဂေါပကအဖွဲ့များ၊ ဘုရားအနီး ဈေးရောင်းချသူများက တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ထားပြီး အချို့စေတီပုထိုးများကိုရှေးဟောင်းသုတေသနက သံပန်းတံခါးတပ်၍ သော့ခတ်ပိတ်ထားသော်ငြားလည်း စေတီပုထိုးအများစုသည် အကာအကွယ်မဲ့နေဆဲဖြစ်သည်။

"တချို့လူငယ်တွေက ဒီကိုရောက်ဖြစ်တဲ့ အမှတ်တရဆိုပြီး စာတွေလျှောက်ရေးကြတယ်။ တကယ်တော့ အမှတ်တရဆိုတာ ရင်ထဲမြတ်မြတ်နိုးနိုးနဲ့ သိမ်းထားရုံနဲ့တင် အမှတ်တရဖြစ်ပါတယ်။ ဒီလိုနံရံတွေမှာ လျှောက်ရေးနေဖို့ မလိုပါဘူး" ဟု ကိုမင်းမင်းက လေးလေးနက်နက်ဆိုသည်။

ယင်းသို့ ဖျက်ရာခြစ်ရာများ၊ စာသားများကို တန်ဖိုးကြီးလှသည့် ရှေးဘုရားများ၏ နံရံများတွင် မြင်တွေ့နေရသည်ကို သူတို့ပုဂံသားများအနေနှင့် စိတ်မကောင်းဖြစ်ရသည်ဟု ၎င်းကဆိုလေသည်။

နံရံပန်းချီများနှင့် ကမ္ပည်းစာများကို ပုဂံခေတ်တွင်သာမက ပင်းယနှင့် အင်းဝခေတ်များတိုင်အောင် ဂူဘုရားများတည်ဆောက်ရာတွင် အဓိကအဆင်တန်ဆာအဖြစ် ပြုလုပ်ထည့်သွင်းလေ့ရှိသည်။ ယခင်က ရာသီဥတုဒဏ်၊ သဘာဝဘေးဒဏ်နှင့် ပိုးမွှားဒဏ်များကြောင့် ပျက်စီးခဲ့ရသည်။

ထို့အပြင် နှောင်းလူတို့၏ မူရင်းနံရံပန်းချီများပေါ်တွင် အသစ်ထပ်မံရေးဆွဲမှုများ၊ စေတီပုထိုးများ၏ နံရံများကို ထုံးသုတ်မှုများနှင့် အင်္ဂတေပြန်ကိုင်မှုများကြောင့်လည်း ထပ်မံပျက်စီးဆုံးရှုံးခဲ့ရသည်များရှိကြောင်း သမိုင်းမှတ်တမ်းများအရသိရပြန်သည်။

"ခရီးသွားလုပ်ငန်းကို အားထားနေရတဲ့ ဒေသဖြစ်တာကြောင့် ခရီးသွားတွေကိုလည်း အတင်းကာရော မတားဆီးချင်ပါဘူး။ ဒါပေမဲ့လည်း တစ်ဖက်ကကြည့်ရင် ဒီလိုတွေဆက်လုပ်နေကြဦးမယ်ဆိုရင် နောင်ဆိုရင် ပြစရာဘာမှကျန်မှာမဟုတ်ဘူး။ အထူးသဖြင့် ပြည်တွင်းခရီးသွားတွေအနေနဲ့ ဘုရားကျောင်းကန်တွေကို သမိုင်းအမြင်အရ တန်ဖိုးမထားဘူးဆိုရင်တောင်မှ ဘုရားကျောင်းကန်အနေနဲ့ လေးစားဖို့ သင့်တယ်လို့ထင်ပါတယ်" ဟု ကိုမင်းမင်း က ၎င်း၏အမြင်ကိုပြောပြသည်။

တစ်ချိန်က ပြည်တွင်းခရီးသွားများနှင့် ဒေသခံများက စေတီပုထိုးနှင့် ဘုရားကျောင်းကန်များမှ ကျောက်စာများပါ ကျိန်စာများကြောင့် ဖျက်ဆီးခြင်း၊ ရေးခြစ်ခြင်းများ ပြုလုပ်ခြင်းမျိုးကို ရှောင်ကြဉ်ခဲ့ကြသည်။ ယနေ့ခေတ်လူငယ်များနှင့် နှောင်းလူတို့မှာမူ ယင်းသို့သော အယူအဆများကို အယုံအကြည်နည်းကဲ့သို့ အဆိုပါကျိန်စာများနှင့် ပတ်သက်၍လည်း ကြားဖူးသိဖူးခြင်း နည်းလာသောကြောင့် ယခုကဲ့သို့ မဆင်မခြင် ရေးခြစ်ဖျက်ဆီးမှုများပိုမိုများပြားလာသည်ဟု ဒေသခံများက ယူဆကြသည်။

သံပျင် ကျောက်စာမှ စာကြောင်းရေ ၁၂-၂၀ တွင် 'ဖျက်ဆီးကုန်ရစ်သသူကား မြေလုံးပုံမျှသော ဘုရားတို့ချွတ်၍ မကျွတ်ပါသော လူပြိတ္တာလျှင် ဖြစ်စေသတည်း။' ဟု ထည့်သွင်းရေးသားထားခဲ့သည်။ သို့သော် ယနေ့ခေတ်တွင်တော့ ယင်းသို့သော ကျိန်စာ မျိုးများသည်လည်း လူတို့၏စိတ်ဓာတ်ကို တားဆီး နိုင်ခြင်းမရှိတော့ချေ။

ပုဂံသည် မြန်မာပြည်၏အရေးပါသောသမိုင်း ဖြစ်လေသည်။ ဤသို့သော အရေးပါတန်ဖိုးကြီးသော နေရာအရပ်တွင် အရေးမပါသော အပျော်သဘော ရေးခြစ်ခြင်းများကြောင့် သမိုင်းတွင်သည့် သမိုင်းမှတ်တမ်းများသည် ပျက်ဆီးရလေသည်။ "သူတို့တွေဟာ မြန်မာ့သမိုင်း ပုဂံသမိုင်း မြန်မာ့အနုပညာသမိုင်းကို ဖျက်ဆီးနေမိတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် မသိကြဘူးဖြစ်နေတယ်" ဟု ကိုမင်းမင်းက ဆိုလေသည်။ ။


မိုးဇွန်...Latest Voice
ရှေးဟောင်းသမိုင်းအမွေအနှစ်များကို တန်ဖိုးထား ထိမ်းသိမ်းနိုင်စေရန် ကူးယူဖော်ပြပါသည် ။ 

No comments