New Artical

လိမ်မပြောတတ်တဲ့ အဖိုးအို ( ပုံပြင် )

 လိမ်မပြောတတ်တဲ့ အဖိုးအို

ညနေစောင်းတစ်ခုမှာ သီလစင်ကြယ်တဲ့ အဖိုးအိုတစ်ယောက်ဟာ ရွာနဲ့ မလှမ်းမကမ်းက တောအုပ်တစ်ခုရဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ တစ်ယောက်တည်း ကမ္မဌာန်းထိုင်နေပါတယ်။

သူ့အနားကို ကြောက်လန့်တကြားနဲ့ ပြေးလာတဲ့ လူငယ်တစ်ယောက် ရောက်လာတယ်။ သူဟာ အဖိုးအိုကို မောကြီးပန်းကြီးနဲ့ ခုလို ပြောလိုက်ပါတယ်။
- အဖိုး ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော့်နောက်က လူတစ်စု လိုက်လာကြပါတယ်။ သူတို့က ကျွန်တော့်ကို သူခိုးလို့ စွပ်စွဲနေကြတယ်။ သူတို့ ကျွန်တော့်ကို ဖမ်းမိသွားရင် ကျွန်တော့်လက်တွေကို ဓားနဲ့ ခုတ်ဖြတ်ကြလိမ့်မယ်

လူငယ်ဟာ အဖိုးအိုနောက်က သစ်ပင်ပေါ်ကို တက်သွားပြီး သစ်ကိုင်းသစ်ရွက်တွေကြားမှာ ပုန်းနေလိုက်တယ်။ ပြီးတော့ သူက အဖိုးအိုကို လှမ်းပြောလိုက်တယ်။
- ကျွန်တော် ဒီမှာ ပုန်းနေတာကို သူတို့ကို မပြောပါနဲ့နော် အဖိုး

အဖိုးအိုဟာ တရားကျင့်နေတာကြာပြီဖြစ်လို့ လူငယ်ဟာ အမှန်ပြောနေတာ၊ သူခိုးမဟုတ်ဘူးဆိုတာကို သူ့စိတ်ထဲမှာ အလိုလို သိနေပါတယ်။

ခဏကြာတော့ လူငယ်ကို လိုက်ဖမ်းနေကြတဲ့ လူအုပ်ကြီးဟာ အဖိုးအိုနားကို ရောက်လာတယ်။ သူတို့ထဲက ခေါင်းဆောင်လုပ်သူက အဖိုးအိုကို မေးလိုက်တယ်။
- ဒီဖက်ကို လူငယ်တစ်ယောက် ပြေးလာတာ တွေ့မိသလား ခင်ဗျ။ သူဟာ ရွာထဲက ပစ္စည်းတွေကို ခိုးသွားလို့ပါ

အဖိုးအိုဟာ အရင်ကတည်းက မုသားစကားပြောခြင်း လိမ်ပြောခြင်းကို မလုပ်ပါဘူးလို့ ကျမ်းသစ္စာကျိန်ဆိုထားတယ်။ ဒါကြောင့် သူဟာ သစ္စာဆိုထားတာကို ဖေါက်ဖျက်ပြီး လိမ်မပြောချင်လို့ လူငယ်ဟာ သစ်ပင်ပေါ်မှာ ပုန်းနေတယ်လို့ အမှန်အတိုင်း ပြောလိုက်ပါတယ်။

လူအုပ်ကြီးလည်း သစ်ပင်ပေါ် တက်ပြီး လူငယ်ကို အောက်ကို ဆွဲချလိုက်ကြတယ်။ ပြီးတော့ လူငယ်ရဲ့ လက်နှစ်ဖက်ကို ဓားနဲ့ ခုတ်ဖြတ်ပြီး သူတို့ဟာ ရွာဖက်ကို ပြန်သွားကြတယ်။ လူငယ်ရဲ့ လက်တွေက သွေးတွေ အများကြီး ထွက်ပြီး အဖိုးအိုရဲ့ မျက်စိအောက်မှာပဲ သွေးလွန်သေဆုံးသွားတယ်။

အဖိုးအိုဟာ ကွယ်လွန်သွားတော့ သူ့ကို နိဗ္ဗာန်ဘုံကို ပို့မလား၊ ငရဲပြည်ကို ပို့မလားလို့ တရားစီရင်တဲ့ နေရာကို ရောက်သွားတယ်။ တရားစီရင်တဲ့ နတ်မင်းကြီးက သူဟာ လူငယ်ကို သေအောင် လုပ်သူမို့ သူ့ကို ငရဲပြည်ကို သွားရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဖိုးအိုက သူဟာ လိမ်မပြောဘူးဆိုတဲ့ သစ္စာဆိုထားတာကို မချိုးဖေါက်လို့ သူ့ကို ငရဲပြည်ကို ပို့တာ မှားတယ်လို့ ပြန်ဖြေတယ်။

နတ်မင်းကြီးက မင်းဟာ သီလစင်ကြယ်တယ်ဆိုတာကို ဂုဏ်ယူပြီး လူတစ်ယောက်ရဲ့ အသက်ကို တန်ဖိုး မထားလို့ မင်းမှားတယ် လို့ ပြန်ပြောပြီး ငရဲပြည်ကို ပို့လိုက်တယ်။

ဘယ်သူမှန်သလဲဆိုတာ မင်းတို့ပဲ အတွေးပွားပြီး စဉ်းစားကြည့်ကြပါ။


ဗန်းမော်သိန်းဖေ

No comments