New Artical

မြန်မာပြည်၏ အလယ်ဗဟို


 မြန်မာပြည်၏ အလယ်ဗဟို


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ မြသုခကျေးရွာအနီးတည်ရှိသော ပြက္ခရွေတောင်သည် ပြတ်တောင်နှင့် ခရွေတောင်နှစ်လုံးကို ပေါင်းစပ်ခေါ်ဝေါ်ထားသည့် အမည်ဖြစ်ကာ တောင်တော်ကြီးဟုလည်း ထင်ရှားပါသည်။ ဒေသတွင်းနေသူများက ပြက္ခရွေကို အရှေ့တောင်ကြီးနှင့် အနောက်တောင်ကြီးဟုလည်းကောင်း၊ ပြက္ခရွေအရှေ့တောင်၊ ပြက္ခရွေ အနောက်တောင်ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။ အရှေ့ဘက်တောင် (ခရွေ) သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၃၅၅၉ ပေမြင့်ကာ အနောက်ဘက်တောင် (ပြတ်တောင်) သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၇၃၃ ပေ မြင့်ပါသည်။ ပြက္ခရွေ့အနောက်တောင်ပေါ်တွင် အနော်ရထာမင်းကြီး တည်ထားခဲ့သော သမိုင်းဝင် ငါးဆူမြောက် စွယ်တော်မြတ်စေတီတော်နှင့် ဗြိတိသျှကိုလိုနီခေတ် မြေတိုင်းဦးစီးဌာနမှ တိုင်းတာချက်များအရ မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မဟု သတ်မှတ်ထားသော ကျောက်တိုင်ရှိပါသည်။

 မြန်မာနိုင်ငံအလယ်ဗဟိုချက်မ တည်ရှိရာနေရာသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြသုခရွာအနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။ ကမ္ဘာ့တည်နေရာပြစနစ် (GPS) တိုင်းတာချက်အရ မြောက်လတ္တီတွဒ်၂၁ ဒီဂရီ ၁၂.၆၉၅မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။

မြန်မာနိုင်ငံအလယ် ဗဟိုချက်မ အမှတ်အသား ကျောက်တိုင် တစ်ခုကို မြန်မာနိုင်ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားသည်။ ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေ့စေတီတော်အနီးတွင် တွေ့နိုင်ပါသည်။ ပြက္ခရွေ့ တောင်သည် ၃၇၅ဝ-ပေမြင့်သည်။ တောင်ထိပ်ပေါ်တွင် အနော်ရထာ မင်း တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်ရှေးဟောင်းစေတီ တည်ရှိ သည်။ 

ပုဂံအနော်ရထာမင်းသည် ဗုဒ္ဓမြတ်စွာစွယ်တော်ပွားများကို ပုဂံ တန့်ကြည်တောင်၊ တူရွင်းတောင်၊ လောကနန္ဒာနှင့် ရွှေစည်းခုံ စေတီတော်တို့တွင် ဌာပနာထားတည်ခဲ့ပြီး နောက်ဆုံး ပဉ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့ အရှေ့တောင်ဘက် ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေ့စေတီတော်မှာ ဌာပနာထားခဲ့လေသည်။ 

အနော်ရထာမင်း လက်ထက်တွင် ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်တို့မှ ကျသောရေကို အထပ် ထပ်စစ်ကာ ရေသောက်ကန်ပြုလုပ်ခဲ့ကြောင်း သမိုင်းအထောက် အထားများအရ တွေ့ရှိရပေသည်။ ထိုစေတီကိုလည်း ပြက္ခရွေ့ မဟာစွယ်တော်စေတီဟု ယနေ့တိုင် ခေါ်လေသည်။

Credit

1 comment: