New Artical

ဓမ္မတာလာချိန်မှာ ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ

 


အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေသက်သာဖို့ ပြောင်းလဲသင့်တဲ့ စားသောက်မှုပုံစံ လေးတွေပြောပြပေးပါ့မယ်။

ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေခံစားရတတ်တဲ့ လက္ခဏာတွေကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ဓမ္မတာ လာတဲ့အမျိုးသမီးတွေရဲ့ ၉၀% တိုင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ နောက်ကျောနာကျင်ခြင်း၊ ပင်ပန်းနွမ်း နယ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း (ဒါမှမဟုတ်) ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ကိုက်ခဲခြင်း၊ ဝက်ခြံပေါက်ခြင်း စတာတွေခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတချို့ကို အနာသက်သာဆေးတွေ သောက်သုံးပြီးသက်သာအောင်လုပ်နိုင်ပါတယ်။ တိကျတဲ့သုတေသနတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပေမဲ့ အောက်ပါ အစားအစာတွေကလည်း ဓမ္မတာလက္ခဏာတွေကို သက်သာစေနိုင်တာ တွေ့ရှိရပါတယ်။


အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံမှာ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေ အများကြီးပါဝင်နေတာကြောင့် ဓမ္မတာလာချိန်ခံစားရတဲ့လက္ခဏာတွေကို သက်သာဖို့အကူအညီပေးနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်က စပိန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသူတွေနဲ့ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဓမ္မတာလာချိန်မှာ အသီးအနှံတွေများများစားသုံးပေး ရင် နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ကို သိသိသာသာ လျော့ပါးစေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ မီးယပ်ရောဂါတစ်ခုခုခံစားနေရသူဆိုရင်တော့ အသီးအနှံတွေစားပေးရုံနဲ့ သက်သာမှာမဟုတ်ပါဘူး။

အိုမီဂါ-၃

အိုမီဂါ-၃ အဆီစားသုံးပေးရင် ကိုယ်တွင်းရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့် ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်လက်နာကျင်ကိုက်ခဲမှုတွေကို အတိုင်းအတာတစ်ခုထိ သက်သာစေမှာပါ။ အိုမီဂါ-၃ အဆီကို ဖြည့်စွက်စာအနေနဲ့ရော ဆော်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ သစ်ကြားသီး၊ ချီးယားစေ့၊ ပဲပိစပ်၊ ဒိန်ချဉ် လိုအစားအစာတွေစားသုံးရင်လည်းရနိုင်ပါတယ်။

သံဓာတ်

ဓမ္မတာလာတဲ့အခါ သွေးထွက်တဲ့အတွက်ကြောင့် ကိုယ်တွင်းသံဓာတ်လည်းလျော့နည်းလာပါတယ်။ ဒါက အချိန်အများစုမှာတော့ သိပ်ပြဿနာမရှိပေမဲ့ သွေးဆင်းများလာရင်တော့ သံဓာတ်အားနည်းတာ၊ သွေးအား နည်းတာတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဓမ္မတာလာချိန်မှာ သံဓာတ်ပြည့်ဝတဲ့အစားအသောက်တွေ များများစားပေးဖို့ လိုအပ်ပါတယ်။ ကမာကောင်၊ အမဲသား၊ စီရီယယ်၊ တို့ဖူး၊ ပဲမျိုးစံ၊ ဟင်းနုနယ်ရွက်၊ ဆာဒင်းငါး၊ ချောကလက်အမဲ (dark chocolate) စတဲ့အစားအစာတွေမှာ သံဓာတ်ပြည့်ဝတဲ့အတွက် ဓမ္မတာလာချိန်မှာစား သုံးပေးသင့်ပါတယ်။

ကဲ….စားရမှာလေးတွေ သိပြီဆိုတော့ ရှောင်ရမှာလေးတွေ ပြောပြမယ်နော်။ တကယ်တော့ ဓမ္မတာလက္ခဏာ တွေကို သက်သာစေတဲ့အစားအသောက်တွေရှိသလို ပိုဆိုးစေတဲ့ အစားအသောက်တွေလည်းရှိပါတယ်။ အခုပြောမယ့် အစားအသောက်တွေစားသုံးရင် ဓမ္မတာလာချိန်မှာ ရောင်ရမ်းခြင်း၊ လေပွခြင်းတွေကို ပိုဆိုးစေနိုင် ပါတယ်။ ဒါတွေကတော့

– အထူးပြုပြင်ထုတ်လုပ်ထားတဲ့အစားအသောက်တွေ (ဥပမာ – ချိစ်၊ သရေစာအမျိုးမျိုးနဲ့ အသင့်စားအစားအသောက်တွေ)

– ဆိုဒီယမ် ဒါမှမဟုတ် သကြားပါဝင်မှုများတဲ့ အစားအသောက်တွေ

– ပါစတာ၊ ပေါင်မုန့်ဖြူ လို ဂျုံမှုန့်အချောသုံးပြီးလုပ်ထားတဲ့အစားအသောက်တွေ

– စားရင်လေပွစေတဲ့အစားအသောက်တွေ (ဥပမာ – ပန်းဂေါ်ဖီ၊ ဘရပ်ဆဲပင်ပေါက်)

စတဲ့အစားအသောက်တွေဖြစ်ပါတယ်။

အမျိုးသမီးအများစုက ဓမ္မတာလာတဲ့အချိန်မှာ အပေါ်ကဖော်ပြခဲ့တဲ့လက္ခဏာတွေအားလုံးဖြစ်စေ တချို့တဝက် ဖြစ်စေခံစားရတတ်ပါတယ်။ ဒါပေမဲ့ တစ်လနဲ့တစ်လဓမ္မလာတဲ့အချိန်မမှန်တာ၊ သွေးဆင်းတဲ့ပမာဏအရမ်းများ တာ၊ သွေးဆုံးပြီးမှ ဓမ္မတာပြန်လာတာ၊ ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ သွေးစလေးတွေဆင်းတာ၊ တစ်ပတ်ကျော်တဲ့အထိ ဓမ္မတာသွေးဆင်းနေတာ၊ ဓမ္မတာလာချိန်မှာ အနာသက်သာဆေးတွေသောက်ပေမဲ့ မခံမရပ်နိုင်အောင် ဆိုးဆိုးဝါးဝါးနာကျင်နေတာ တွေခံစားရရင်တော့ မီးယပ်အထူးကုဆရာဝန်တစ်ဦးဦးနဲ့ သွားရောက်ပြသဖို့ အကြံပြုရင်း နိဂုံးချုပ်ချင်ပါတယ်။

Dr.Htoo Tint

No comments