New Artical

အသေးစားစီးပွားရေးလုပ်ငန်းတွေရဲ့ ငွေကြေးဆိုင်ရာ အမှား(၅)မျိုး

 


စီးပွားရေးလုပ်ငန်းတစ်ခုကို လည်ပတ်ရာမှာ ဝင်ငွေထွက်ငွေစာရင်း(Cash Flow)ဆိုတာ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဆိုတာ စီးပွားရေးလုပ်ငန်းရှင်တိုင်း သဘောပေါက်ကြပါတယ်။ ဝင်ငွေထွက်ငွေကို စီမံခန့်ခွဲရာမှာ လိုအပ်ချက်တွေရှိတဲ့အခါ စီးပွားရေးလုပ်ငန်းနှေးကွေးမှုနဲ့ ကျရှုံးမှုတွေ ကြုံရတတ်ပါတယ်။

၆၀ ရာနှုန်းသော စီးပွားရေးလုပ်ငန်းတွေဟာ တည်ထောင်ပြီး (၃)နှစ်အတွင်းမှာ ကျဆုံးသွားတတ်ပါတယ်။ ကျဆုံးရတဲ့ အဓိကအကြောင်းရင်းကတော့ လုပ်ငန်းဆက်လက်လည်ပတ်ဖို့ ငွေလုံးငွေရင်းမကျန်တော့လို့ပါ။ ဒါကြောင့် ဝင်ငွေထွက်ငွေကို ကောင်းကောင်းမွန်မွန်စီမံခန့်ခွဲတတ်ဖို့ အရေးကြီးတာဖြစ်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေရဲ့ ဝင်ငွေထွက်ငွေမှာ ဝင်ငွေကပိုသွားလိုက် ထွက်ငွေကပိုသွားလိုက်နဲ့ တစ်လှည့်စီရှိတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၅၀ ရာနှုန်းလောက်မှာ တစ်နှစ်ပတ်လုံး ထွက်ငွေက ပိုများနေလေ့ရှိပါတယ်။

ဝင်ငွေထွက်ငွေစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တွေ မှားတတ်တဲ့ အမှား(၅)ရပ်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါရစေ –

၁။ အနာဂတ်မှာ ရမယ့် ရောင်းရငွေကို ပိုပိုသာသာခန့်မှန်းခြင်း (Over-Estimating Future Sales Volume)

အနာဂတ်ဝင်ငွေကို ခန့်မှန်းတဲ့အလုပ်ဆိုတာ ဝင်ငွေထွက်ငွေစီမံခန့်ခွဲတဲ့ အလုပ်နဲ့ တွဲပြီး လုပ်ရတာ ဖြစ်ပါတယ်။ အနာဂတ်မှာ ဝင်ငွေတွေ များလာနိုင်တယ်ဆိုပြီး သင့်အနေနဲ့ အကောင်းမြင်စိတ်ရှိဖို့လိုပေမယ့် တစ်ခါတစ်ရံမှာ လက်တွေ့ကျကျ ခန့်မှန်းတတ်ဖို့လည်း လိုအပ်ပါတယ်။ ပိတ်ရက်ရှည်တွေနီး လာတိုင်း သင့်ကုန်ပစ္စည်းတွေ နှစ်ဆသုံးဆ ရောင်းကောင်းတော့မယ်လို့ မတွက်ပါနဲ့။ ဒါဟာ လက်တွေ့သိပ်မဆန်ပါဘူး။

ဝင်ငွေကောင်းမယ်လို့ ထင်ထားတဲ့အတွက် သင့်ရဲ့ခန့်မှန်းဘက်ဂျက်ကို ကြိုပြီးတွက်ချက်ထားဖို့ သင်ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဝင်ငွေထွက်ငွေစာရင်းမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ မလိုအပ်ဘဲ ကုန်ကြမ်းပစ္စည်းတွေ အများကြီးဝယ်ထားပြီး အကြီးအကျယ်ရောင်းချဖို့ ပြင်ဆင်တဲ့အခါ မှန်းသလောက် မရောင်းရရင် သင့်မှာ ဝန်ထုပ်ဝန်ပိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ အမှန်အကယ်ဝင်ထွက်ခဲ့တဲ့ ဝင်ငွေထွက်ငွေစာရင်းဇယားတွေကို ပြန်ကြည့်ပြီးမှ လက်တွေ့ကျတဲ့ ခန့်မှန်းဝင်ငွေမိုဒယ်တစ်ရပ် (forecasting model) ကို တည်ဆောက်သင့်ပါတယ်။ သင့်လုပ်ငန်းက အစဖြစ်တဲ့အတွက် ယခင်ဝင်ငွေစာရင်းဟောင်းတွေ မရှိရင်တော့ သင့်လုပ်ငန်းနဲ့ အလားတူလုပ်ငန်းတွေရဲ့ အခြေအနေကို အကဲခတ်ပြီး အနာဂတ်ဝင်ငွေကို ခန့်မှန်းတွက်ချက်သင့်ပါတယ်။

၂။ ရစရာရှိတဲ့ငွေတွေကို ကြပ်ကြပ်မတ်မတ် ပြန်မတောင်းခြင်း (Not Being Proactive About Overdue Receivables)

ရစရာရှိတဲ့ ကြွေးဟောင်းတွေဟာ ဝင်ငွေထွက်ငွေကို အဓိကထိခိုက်စေတဲ့ အရာတွေ ဖြစ်ပါတယ်။ အကြွေးတောင်းဖို့အရေးကို ခပ်ပေါ့ပေါ့ သဘောမထားပါနဲ့။ သင့်ဝင်ငွေထွက်ငွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ မလွယ်ကူသလောက် ဖြစ်လာတတ်ပါတယ်။ သင်ရစရာရှိတာတွေကို တောင်းခံခြင်းနဲ့ပတ်သက်ပြီး ဘယ်နှရက်နေရင် ဘယ်လိုနည်းလမ်းတွေနဲ့ အသိပေးပြီး ကောက်ခံမယ်၊ နောက်ကျကြေးအနေနဲ့ ဘယ်လောက်ပေးရမယ်၊ အစရှိတဲ့ တိကျပြတ်သားတဲ့ ကောက်ခံရေးမူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ထားသင့်သလို သင့်ဖောက်သည်တွေကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးထားသင့်ပါတယ်။ တစ်ဖက်မှာလည်း အကြွေးတောင်းကြမ်းလွန်းလို့ သင့်ဖောက်သည်တွေ အခြားကို ရောက်မသွားအောင်လည်း သတိထားရမှာ ဖြစ်ပါတယ်။

အချို့စီးပွားရေးလုပ်ငန်းတွေကတော့ စောစောစီးစီးအကြွေးပြန်ဆပ်သူတွေကို ဒစ်စကောင့်တွေ၊ ခံစားခွင့်တွေ ပေးတတ်ပါတယ်။ အကြွေးတောင်းခံတာနဲ့ပတ်သက်ပြီး ရုံးတွင်းလုပ်ငန်းစဉ်တွေကိုလည်း သတ်သတ်မှတ်မှတ် ချမှတ်ထားဖို့ လိုပါတယ်။ ဥပမာ – ဘယ်အချိန်မှာ အရောင်းကုန်ပို့လွှာ(invoice)စပို့မယ်၊ ဘယ်အချိန်မှာ သတိပေးစာထပ်ပို့မယ်၊ ဘယ်အချိန်မှာ ဖုန်းဆက်ပြီး မေးမယ် စသည်ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရေးဆွဲထားပြီး ဖြစ်ဖို့လိုပါတယ်။

၃။ သေချာ မတွက်ချက်၊ မသုံးသပ်ဘဲ ဝယ်ယူမှုတွေ ပြုလုပ်ခြင်း (Impulse Purchases)

လုပ်ငန်းစလုပ်ခါစမှာ အသုံးအဖြုန်းကြမ်းလို့ မရပါဘူး။ လုပ်ငန်းအတွက် ပစ္စည်းပစ္စယ၊ ပရိဘောဂ၊ ကိရိယာတန်ဆာပလာတွေ ဝယ်တဲ့အခါ တကယ်လိုအပ်ပြီး အသုံးဝင်တာကိုပဲ ဝယ်ဖြစ်အောင် လုပ်ပါ။ ကိုယ်ဝယ်ယူဖြည့်တင်းလိုက်တဲ့ ပစ္စည်းဟာ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုရင်းမြစ် (Asset) တစ်ခုဖြစ်လာပြီး အဲဒါက ကိုယ့်အတွက် ဘယ်လောက်ပြန်ရှာပေးနိုင်လဲဆိုတာ ရအောင် တွက်ကြည့်ပါ။ ပစ္စည်းတစ်ခုကို ဝယ်လိုက်ရတဲ့အတွက် လုပ်ငန်းအတွက် ဘယ်လောက်အမှန်တကယ် ကုန်ကျသွားသလဲ တွက်ပါ။ ရင်းနှီးမြှုပ်နှံမှုကနေ ပြန်လည်ရရှိနှုန်း (Return on Investment – ROI) ကို တွက်တဲ့ ဂဏန်းတွက်နည်းစနစ်တွေကို အသုံးပြုပြီး တွက်လို့ရပါတယ်။ ဒီလိုသေချာတွက်မကြည့်ဘဲ လုပ်ငန်းအတွက် လိုအပ်မယ်ထင်တာတွေကို နင်းကန်ဝယ်နေတဲ့အခါ အကြွေးတွေနဲ့ နစ်သွားပြီး ဒုက္ခရောက်တတ်ပါတယ်။

သင့်ရဲ့အနာဂတ်ဝင်ငွေနဲ့ ဘက်ဂျက်ကို ခန့်မှန်းသုံးသပ်ရာမှာလည်း အထက်ကပြောခဲ့တဲ့ ရင်းမြစ်တစ်ခုချင်းစီရဲ့ ပြန်လည်ရရှိနှုန်းကိုပါ ထည့်သွင်းတွက်ချက်ပြီးမှ ခန့်မှန်းရေးဆွဲသင့်ပါတယ်။ ဒါမှ သင်ဝယ်ထားတဲ့ ပစ္စည်းတစ်ခုဟာ ငွေရှာပေးတဲ့အတွက် ဘယ်အချိန်လောက်မှာ အရင်းကျေပြီး ဘယ်အချိန်မှာ အမြတ်စပေါ်မလဲဆိုတာကို သင်သိမြင်လာမှာ ဖြစ်ပါတယ်။

လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ပစ္စည်းကိရိယာတစ်ခုခုကို ဝယ်သုံးတာမျိုးမှာ ဒီလိုရင်းလိုက်လို့ ပြန်ရလာမယ့်ဝင်ငွေကို ဖော်မြူလာတွေသုံးပြီး တွက်လို့ရပေမဲ့ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ (မားကတ်တင်းကမ်ပိန်း စတဲ့) ဝယ်ယူမှုတွေ၊ သုံးစွဲမှုတွေကျတော့ ငွေဘယ်လောက်ပြန်ဝင်မယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ ဘယ်လိုနေရာမျိုးမှာ ငွေသုံးစွဲလိုက်တာပဲဖြစ်ဖြစ် အဲဒီပစ္စည်း(သို့)ဝန်ဆောင်မှုအပေါ် သင်ပေးချေရတဲ့ ကုန်ကျစရိတ်ကို သိရှိမှတ်သားထားဖို့ လိုအပ်သလို ဒီလိုဝယ်ယူသုံးစွဲလိုက်ရတဲ့အတွက် သင့်လုပ်ငန်းရဲ့ အသုံးဝင်အဖိုးတန်မှု(Value)ကို ဖန်တီးရာမှာ ဘယ်လောက်အထောက်အကူ ဖြစ်လာနိုင်သလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

၄။ ဝင်ငွေထွက်ငွေကို အတက်အကျကို ပြန်လည်မစစ်ဆေးခြင်း (Not Tracking Your Cash Flow)

အသေးစားလုပ်ငန်းရှင်ဖြစ်တဲ့ သင်ဟာ နေ့စဉ်နဲ့အမျှ ဝင်ငွေထွက်ငွေလည်ပတ်မှုကို ပြန်လည်ခြေရာခံ စစ်ဆေးနေဖို့လည်း လိုပါတယ်။ အဲဒီအခါမှာ သင့်ရဲ့ဝင်ငွေထွက်ငွေဟာ ကာလအလိုက် ဘယ်လိုပုံစံမျိုးတွေနဲ့ တက်လိုက်ကျလိုက်ဖြစ်နေတယ်ဆိုတာ ရုပ်လုံးပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလိုနောက်ကြောင်းပြန်ပြီး ကြည့်နိုင်တဲ့အတွက် သင့်ဝင်ငွေထွက်ငွေပြဇယားဟာ အနာဂတ်မှာလည်း ဘယ်လိုပုံစံတက်လိုက်ကျလိုက် ဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းကြည့်နိုင်မှာပါ။

ဝင်ငွေကျဆင်းချိန်တွေ၊ ကြပ်တည်းမယ့်အချိန်တွေကို ခုလို ကြိုပြီး ခန့်မှန်းထားနိုင်တဲ့အတွက် ဘာတွေကြိုပြင်ဆင်ထားရမယ်ဆိုတာကိုလည်း ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဝင်ငွေမြင့်တက်ချိန်တွေကို ခန့်မှန်းထားတဲ့အတွက် ဒီလိုမြင့်တက်လာတတ်တဲ့အချိန်တွေမှာ  အခွင့်ကောင်းယူတဲ့အနေနဲ့ ဘယ်လောက်ငွေလုံးငွေရင်းကိုသုံးပြီး အရောင်းကို ပိုမြှင့်နိုင်မလဲဆိုတာကိုပါ တွက်ချက်ထားနိုင်မှာဖြစ်ပါတယ်။

၅။ အရေးပေါ်သုံးလို့ရတဲ့ငွေ အရန်သင့် မရှိခြင်း (Not Having a ‘Cash Cushion’)

အသေးစားလုပ်ငန်းရှင်အနေနဲ့ သင်ဟာ ဘယ်လောက်ပဲ ဘက်ဂျက်ကို ကောင်းအောင်ရေးဆွဲရေးဆွဲ၊ သင့်ဆီမှ ဘယ်လောက်ပဲ စိတ်ချရတဲ့ လုပ်ငန်းရှိရှိ၊ မမျှော်လင့်တဲ့ ငွေပြတ်လပ်မှုတွေ၊ အကြပ်အတည်းတွေကို မလွဲမသွေကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ- လက်ကျန်ငွေလည်းမကျန်၊ အရောင်းကလည်း နှေးပြီး တော်တော်နဲ့ ငွေမပေါ်တော့တဲ့ အဖြစ်မျိုးဆိုပါတော့။ ဒီလိုအကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ငွေ သင့်ဆီမှာ အရန်သင့်ရှိနေဖို့ လိုပါတယ်။ အခက်အခဲကြုံတဲ့အခါ လိုအပ်ကတော့ လုပ်ငန်းထဲမှာ နှစ်လလောက်ကြာအောင် လည်ပတ်သုံးစွဲဖို့ သင့်မှာ ငွေလုံလုံလောက်လောက်စုထားပြီး ဖြစ်ရပါလိမ့်မယ်။ ဘယ်နှလစာ လိုအပ်သလဲဆိုတဲ့ ငွေကတော့ လုပ်ငန်းကိုလိုက်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကတော့ အရေးပေါ်သုံးစွဲဖို့ အရန်သင့်စုဆောင်းထားတဲ့ငွေ ရှိကိုရှိရပါလိမ့်မယ်။ ယာယီငွေကြေးကြပ်တည်းမှုအတွက် နောက်ဖြေရှင်းနည်းတစ်ရပ်ကတော့ တစ်နေရာရာကနေ ချေးငွေရယူတာပါပဲ။ 

BusyBook

No comments