New Artical

" အသံတွေမှာ ပုံသဏ္ဌန်တွေရှိတယ် ''


" ဆဲမယ်ဆိုရင် သတိထားပါ.''

ဆရာကြီးဂိုအင်ကာ တရားစခန်းမှာ  တရားထိုင်ဖူးတယ်။ မနက်စောစောနာရတဲ့ တရားတပုဒ်မှာ ခုထိမှတ်မိနေတာလေး ရှိတယ်။  အသံနဲ့ ပက်သက်ပြီး ဆရာကြီးကပြောတယ်။ ဥုံဆိုတဲ့ဂါထာ  စကားလုံးလေး တလုံးကိုဘဲအကြိမ်ရေ တထောင်  အသံထွက်ပြီး  နေ့စဉ် ရွတ်နေရင် အဲဒီအသံတွေဟာ ရွတ်နေသူ အတွက် အကာအကွယ်ဖြစ်နေစေပြီး အတိုက်အခိုက် ဘေးပယောဂ ဝင်လို့မရဘူးလို ့အကြမ်းဖျင်းမှတ်မိတယ်။ နောက်ပြီး အစွမ်းထက်တဲ့ စကားတွေမှာ အစွမ်းထက်တဲ့  စွမ်းအင်တွေရှိတယ် ။ အဲဒါကို ပရိတ် ပဌာန်းနဲ့ ဂါထာတွေလို့ ယုံကြည်တယ်။ အဲဒါနဲ့ ပက်သတ်ပြီး အသံကို မြင်ရသလားဆိုတာနဲ့ပက်သက်ပြီး အသံ ကုထုံး နဲ့ ပတ်သတ်တဲ့ စာတွေ ဖတ်ခဲ့ဖူးတာ သတိရမိတယ်။ အသံကို မြင်ရတယ်တဲ့။ 

အသံတွေမှာ ပုံသဏ္ဌန်တွေရှိတယ်။ အသံရဲ့ စွမ်းအင်တွေနဲ့ ပက်သက်ပြီး ဥပဒေပညာရှင် ရူပဗေဒပညာရှင် Emst Chladin  က စပြီးတွေ့ခဲ့တယ်။  သူက ဂီတပညာရှင် Mozart နဲ့ တနှစ်ထဲမွေးပြီး ဘီသိုဗင် ဆုံးတဲ့နှစ်မှာ သူလဲ ကွယ်လွန်သွားတယ်။ ပထမဆုံး ပါးလွှာတဲ့ အချပ်လေးပေါ်မှာ သဲမှုန်တွေ တင်ထားပြီး တယောထိုးတဲ့ ဘ်ိုးတံနဲ့ ဆွဲပြီး တုန်ခါစေလိုက်ရင် သဲမှုန်တွေဟာ မတူညီတဲ့  တုန်ခါမှု့တွေ ကြားမှာ ဂျီသြမေတြီဆိုင်ရာ ပုံသဏ္ဌန်တွေ ဖြစ်လာတာ တွေ့ခဲ့တယ်။

နောက်တော့ Swiss လူမျိုး Hans Jenny ကဆိုင်မက်တစ်  ဆိုတဲ့ စာအုပ်မှာ လှိုင်းတွေ တုန်ခါမှု့ကြောင့် ဖြစ်ပေါ်လာတဲ့ သဏ္ဌန်များဆိုပြီး ရေးသားခဲ့တယ်။ တုန်ခါနိုင်တဲ့ အလွှာပါးပါးလေးပေါ်မှာ သဲတွေ ပန်းဝတ်မှုန်တွေ သံမှုန့်တွေ ရေတွေ စီးကပ်နိုင်တဲ့ အရာတွေတင်ပြီး တုန်ခါစေတဲ့အခါ အသံအမျိုးမျိုးရဲ့ တုန်နှုန်း အနိမ့်အမြင့်ကို လိုက်ပြီး ပုံသဏ္ဌန် အတိအကျထွက်တာ တွေ့ရတယ်။ အဲဒီမှာ ဂျင်နီဟာ Tonoscope ကိုတီထွင်နိုင်ခဲ့တယ်။ အဲဒီကိရိယာမှာ ခရစ်စတယ်အော်လီဆေတာကို သုံးပြီး  အသံတုန်နှုန်း ..Amplitude နဲ့ အသံကျယ်နှုန်းကိုတိကျစွာ ထုတ်လွှင့်နိုင်တယ်။ အသံတွေဟာ တိကျတဲ့ ပုံတခု အမြဲဖန်တီးနေတာ ကို  ဘာနဲ့ သက်သေပြခဲ့လဲဆိုတော့ တုန်ခါနှုန်း ၁၀၀ ..100 vibration ရှိတဲ့ တုန်နှုန်းကို သဲမှုန်တွေ ဒါမှမဟုတ် သံမှုန်တွေ တင်ထားတဲ့ အလွှာပါးလေးတခုပေါ် ကျရောက်စေမယ်ဆိုရင် ပုံသဏ္ဌန်တခုဖြစ်ပေါ်လာတယ်။ 

အဲဒီပုံသဏ္ဌန်ဟာ အဲဒီတုန်နှုန်း ကျရောက်တဲ့အခါတိုင်း ပုံပေါ်နေမှာဖြစ်ပြီး ပြောင်းလဲမှု့ မရှိတာဘဲဖြစ်ပါတယ်။ သဘောက တုန်ခါမှု့ကြောင့် ပေါ်ချင်ရာပုံပေါ်နေတာ မဟုတ်ဘဲ တိကျတဲ့ တုန်ခါနှုန်းမှာ တိကျတဲ့ပုံ အမြဲထွက်နေတာပါ အံ့သြစရာကောင်းပြီး ထူးခြားတဲ့ အချက်ရှိကဘာလဲ ဆိုတော့ အလွန်ရှေးကျတဲ့ ဘာသာစကား ဟီဘရူးနဲ့ သက္ကရိုက် ဘာသာ စကားတွေအကြောင်းပါ  အဲဒီဘာသာစကားတွေရဲ့ အသံထွက်ကို တိုနိုစကုပ်ထဲ ထည့်တဲ့အခါ ပေါ်လာတဲ့ ပုံသဏ္ဌန်တွေက အဲဒီစကားလုံးတွေရဲ့  အရေးအသားတွေအတိုင်း ပုံပေါ်လာတာဖြစ်ပါတယ်။ မူလစာလုံးတွေအတိုင်း ပေါ်လာတာဖြစ်ပြီး ရှေးကျတဲ့  ဟီဘရူးနဲ့ သက္ကရိုက် ဘာသာစကားကို အသုံးပြုခဲ့တဲ့ အိန္ဒိယ  လူမျိုးကြီးတွေဟာ အသံတွေကို မြင်ခဲ့သလားဆိုတာ တွေးစရာကောင်းတဲ့ အချက်ပါ ... နောက်တခါ ဥုံ ဆိုတဲ့စကားကို တိုနိုစကုပ်ထဲ ထည့်တဲ့အခါ  ဟိန္ဒူဘာသာ ရှရီယန္တရ တခုနဲ့တူနေခဲ့ပါတယ်။

​နောက်ပြီး အဲဒီဘာသာတွေ ရွတ်ဆိုမန်းမှုတ်နေတာမှာ ရုပ်ပ်ိုင်းဆိုင်ရာ ဖြစ်တည်မှု့တွေနဲ့ ဆက်စပ်ပြီး လူသားတွေအပေါ်  တစုံတခု အကျိုးသက်ရောက်မှု့ ဖြစ်နိုင်တဲ့ အချက်ပါ။ ပရိတ်ရွတ်တာ ဘုရားစာရွတ်တာ မန္တန်တွေရွတ်နေတာဟာ အကာအကွယ်တွေ ဖြစ်နေတယ်ဆိုရင် နေ့စဉ်ပရိတ်ရွတ်နေသူရဲ့အနားမှာ အဲဒီအသံ စွမ်းအင်တွေ ဝန်းရံနေမယ်လို့ယုံကြည်လို့ရပါတယ်။ အသံတွေမှာ ပုံသဏ္ဌန်ရှိရင် ကောင်းသောစကားမှာ ကောင်းသော ပုံသဏ္ဌန်တွေနဲ့ ဝန်းရံနေမှာပါ။ ဒါကိုဘဲ ကောင်းသော နမိတ်လို ့ခေါ်ရမယ်ထင်တယ်။  ပြီးတော့ အမြဲငြီးငြူနေသူတွေ စိတ်ပျက်စရာစကားတွေ ပြောနေသူတွေ အနားမှာ မကောင်းသောအသံ.. မကောင်းသော ပုံသဏ္ဌန်တွေ ရှိနေမှာပါ။ အကျိုးပေးတဲ့အခါ မကောင်းတဲ့ သဏ္ဌန်ဟာ မကောင်းကျိုးကိုဘဲ ပြပါတယ်။

ကောင်းတဲ့ နမိတ်တွေဆိုတာ ကိုယ်က ဖန်တီးလို့ရပါတယ်။ ဒါ့ကြောင့် မနက်စောစော ပရိတ်ရွတ်တာ ကောင်းသောစကားကိုပြောတာတွေကို ကျက်သရေ ဆိုတဲ့ စကားသုံးနှုန်းတာဖြစ်ပါလိမ့်မယ်။ ကျက်သရေဆိုတာ မင်္ဂလာတမျိုးပါ  ကောင်းခြင်းတွေကို ကြိုဆိုပါတယ် .. မကောင်းတဲ့ နမိတ်တွေကို တားဆီးပါတယ် .. ဒီတော့ တတ်နိုင်သမျှ ဆဲတာလဲ လျော့ဘို ့လိုမယ်ထင်မိတယ်။  ပါးစပ်က မဆဲဘဲ FB မှာ ဆဲရင်လဲ အတွေးဆိုတာ စိတ်ရဲ့ အသံဘဲလို ့သတိထားရမှာပါ။ FB မှာ အရမ်းဆဲနေတာတွေကြားရရင် နားထောင်ကြည့်ပါ ခဏလေး အတွင်းမှာ စိတ်ရဲ့ကြည်လင်မှု့တွေ အလျင်အမြန် ကျဆင်းသွားတာ သတိထားမိပါလိမ့်မယ်.. ဆဲဆိုနေတဲ့ အသံလှိုင်းက တဆင့် ဘာမှန်းမသိတဲ့ ဒေါသစိတ်တွေ ကူးစက်လာတာလဲ ခံစားရပါတယ်။  နှလုံးခုန် မြန်လာပါတယ်။  မကြားဝံ့မနာသာတွေကို ကြားရတဲ့အတွက်  စိတ်ဟာ အကုသိုလ် စိတ်ကိုသာ အာရုံယူလိုက်ပါတယ်။

ဒါဟာ ကိုယ်တိုင် မဆဲရပါဘဲ သူတပါး အကုသိုလ်ကို မျှဝေယူလိုက်ရတဲ့ သဘောပါ ။  ဆဲဆိုဖို့ရန်အတွက် အဲဒီလူဟာ ကာယကံ ဝစီကံ မနောကံ သုံးပါးလုံးကို အားစိုက်ရပါတယ်။ ကံသုံးပါးလုံးကို လုံ့လစိုက်ပြီး ကျူးလွန်တဲ့ အကုသိုလ်ဟာ အင်အားဘယ်လောက်ပြင်းထန်ပြီး  အကျိုးပေး ဘယ်လောက်သန်မလဲ ဆိုတာ ခန့်မှန်းကြည့်ပါ။ ယုတ်ယုတ်မာမာတွေကို ဒေါသစိတ်နဲ့ သူတပါးကို နစ်နာအောင် ပြောသူရဲ့ စေတနာကံ အကျိုးတွေ ​ပေးတဲ့အခါ ဘာနဲ့ ဆပ်ရမယ် ထင်ပါသလဲ ... ခန္ဓာနဲ့ ပြန်ဆပ်ရပါတယ်။ မအေနဲ့ နှမနဲ့ ပေးစားပြီး ဆဲတာ ကိုယ်အင်္ဂါ ကြီးငယ်နဲ့ နှိုင်းပြီး ဆဲတာ.. ခံရသူဟာ ... ယောက်ကျားဖြစ်စေ မိန်းမဖြစ်စေ သီလရှိသူဖြစ်စေ သီလ မရှိသူဖြစ်စေ ..ယုတ်စွအဆုံး လမ်းဘေးက ခွေးတိရိစ္ဆာန်  ပင်ဖြစ်ပါစေ .. ဒီလိုလူမျိုး ဒီလိုအတန်းအစားမို ့သွားဆဲရင်  အကျိုးမပေးဘူး မထင်ပါနဲ့ .. ပဋာစာရီ သတို့သမီးဟာ ဘဝတခုမှာ သူ မိသားစုကို  သတ်တဲ့ဓါးမြတွေကို ကျိန်ဆဲခဲ့ပါတယ် .. ငါ့မိသားစုကို သတ်တဲ့ သူတွေအကုန်လုံး သေတာ ငါ့မျက်စိနဲ့ မြင်ရပါစေလို့ ကျိန်ဆိုခဲ့လို့ ...

ဒီဘဝမှာ ဓါးပြတွေဟာ သူ့မိဘ ခင်ပွန်း သားသမီးတွေ လာဖြစ်ပြီး တယောက်ပြီး တယောက်သေတာကို သူ့မှာကြုံတွေ့ခဲ့ရတယ်။  အမုန်းသံယောဇဉ်နဲ့ ချည်နှောင်လာတဲ့ အတိတ်ကံကို ခန္ဓာနဲ့  ပြန်ဆပ်ရပါတယ်။ မအေနဲ့ နှိုင်းပြီး ဆဲမိလို ့ သားကို လင်လုပ်  သမီးက မယားပြိုင် ဖြစ်ရတဲ့ ထေရီမကြီး အကြောင်း အထင်အရှားရှိပါတယ်။ ဒါတွေဟာ ယုတ်မာအောက်တန်းကျတဲ့ နှုတ်ထွက်ကြမ်းတဲ့ စကားတွေကို ခန္ဓာနဲ့ ဆင်းရဲစွာ ပြန်ဆပ်ရတဲ့ သာဓကတွေပါ .. ဆဲတတ်ဆိုတတ်တဲ့ အပေါင်​းအသင်း သူငယ်ချင်းတွေ ရှိရင် သတိထားနေပါ ။ 

မကောင်းတဲ့ အသံက ဝန်းရံထားတဲ့ မကောင်းတဲ့ သဏ္ဌန်တွေ သူ့အနား အမြဲရှိနေလို့ ကိုယ်ပါ စက်ကွင်း မိတတ်ပါတယ်။ နမိတ်ဆိုတာ အသံက ထွက်လာတဲ့ စွမ်းအင်ရှိတဲ့ ပုံရိပ်တွေ လွှမ်းမိုးနေတတ်တဲ့ အရာတမျိုးပါ။
ပြီးတော့ ဒီတိုင်းပြည်ဟာ နမိတ်ကြီးစိုးတဲ့ တိုင်းပြည်တခုလို့ ပြောပါရစေ။

ကိုဆွေပန်နိုရားမား
Wikipedia

No comments