New Artical

စွန့်ဦးတီထွင် ရှုံးဖို့အရင်ပြင်


ငယ်ငယ်က ကျွန်တော့်ဇာတိမြို့မှာ စာအုပ်နဲ့ ကတ်ဆက်ခွေတွေ ငှားတဲ့ တရုတ်ကြီးတစ်ယောက်ရှိတယ်။ သူ့စာအုပ်ဆိုင်နာမည်က “အကိုင်း”တဲ့။ သူ့ဆိုင်မှာ ခေတ်ဟောင်းကတ်ဆက်ခွေတွေဆိုရင် ငှားခ ဈေးအလွန်သက်သာတဲ့အတွက် ကျွန်တော်က လွှမ်းမိုးတို့၊ ခင်မောင်တိုးတို့၊ စောဘွဲ့မှူးအမှတ်တရ တို့၊ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က အဆိုတော်တွေ စုပြီးဆိုလေ့ကြတဲ့ အယ်လ်ဘမ်တို့ – စတဲ့အခွေတွေကို ထပ်ခါထပ်ခါငှားပြီး နားထောင်ပါတယ်။ အဲဒီမှာ အခွေငှားရင် သတိထားမိတာ တခုက သူ့မှာရှိတဲ့ အခွေအများစုက လာငှားမယ့်သူ မရှိတာပါပဲ။ မငှားရဘဲ စင်ပေါ်မှာ ဖုန်တက်နေတဲ့ အခွေတွေက တောင်ပုံရာပုံပါ။ အဲဒီလို ရာနဲ့ ထောင်နဲ့ ချီတဲ့ ကတ်ဆက်ခွေတွေကို လက်ညှိုးထိုးပြီး သူပြောတတ်တဲ့ စကားကို အခုထိ မှတ်မိပါသေးတယ်။

“အဆိုတော်ဖြစ်ချင်ပါတယ်ဆိုတဲ့ကောင်တွေ ငါ့ဆီသာ လွှတ်လိုက်။ ပြလိုက်ချင်တယ်။ တခွေလောက် ထုတ်ပြီး ဘာမှလည်း ဆက်မဖြစ်၊ လူမသိသူမသိ ဖြစ်သွားတဲ့ အခွေတွေကို။ ဟောဒီမှာ တွေ့လား။”

သူဟာ အမှန်တကယ်လည်း ဂီတဝါသနာအိုးလူငယ်တွေကို အလျဉ်းသင့်တိုင်း ‘ပလုံ’ သွားတဲ့ စီးရီးခွေတွေကို ထုတ်ပြလေ့ရှိပါတယ်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ လိုရင်းက စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ပါ။ ဒီခေတ်မှာ ဟိုလူကလည်း စွန့်ဦးတီထွင်၊ ဒီလူကလည်း စွန့်ဦးတီထွင်နဲ့ တက်ကြွတဲ့ ကြက်ဖဖြစ်နေကြတဲ့ လူငယ်ခြေတက်တွေအားလုံးကို တရုတ်ကြီး အကိုင်း လုပ်သလို ‘ပလုံ’သွားတဲ့ တေးစီးရီးတွေကို ထုတ်ပြဖို့ လိုအပ်တယ်လို့ ခံစားရပါတယ်။ အိုင်ဒီယာကောင်းကောင်း၊ ဝီရိယကောင်းကောင်းနဲ့ အလုပ်လုပ်ပေမယ့် ဘယ်တော့မှ တိုးတက်မလာဘဲ စုံးစုံးမြုပ်သွားခဲ့ရရှာတဲ့ စီးပွားရေးလုပ်ငန်းပေါင်း သောင်းခြောက်ထောင်ရဲ့ ဖြစ်ကြောင်းကုန်စင်တွေကို တထောင့်တည ပုံပြင်သဖွယ် ပြန်ပြောပြမယ့် ပုဂ္ဂိုလ်တယောက်ယောက် အမှန်တကယ် လိုကို လိုအပ်တယ်လို့ ထင်ပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းတစ်ခု တည်ထောင်ရတယ်ဆိုတာ ဆုံးရှုံးနိုင်ခြေ အလွန်မြင့်မားပါတယ်။ ဒါက လူတိုင်းသိတဲ့ အချက်ပါ။ ထီထိုးရတာထက် ပိုဆိုးပါတယ်။ ထီ ဆိုတာက ထိုးပြီးရင် ဒူးလေးနံ့ပြီး ထီထွက်မယ့်ရက်ကို ထိုင်စောင့်လို့ရပေမဲ့ စီးပွားရေးလုပ်ငန်းဆိုတာကတော့ တည်မိပြီဆိုရင် ငွေစွမ်း၊ ဉာဏ်စွမ်း၊ ဝီရိယစွမ်း ရှိသမျှပုံအောပြီး ကြိုးစားတာတောင် အောင်မြင်နိုင်ခြေက အလွန်နည်းပါးပါတယ်။ အစပျိုးလုပ်ငန်း တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ သေချာပေါက် ကျရှုံးမယ့် လုပ်ငန်းတွေပါ။

ဒါကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီ ဆိုတာနဲ့ စွန့်ဦးတီထွင်သမား ပီသတဲ့ ခံယူချက်ကို လုံးဝမွေးမြူထားဖို့ လိုပါတယ်။ အဲဒါမှ သင့်အနေနဲ့ ရှေ့မှာ ကြုံရတော့မယ့် ရှုံးပွဲအလီလီကို စိတ်ဓာတ်မကျဘဲ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီး ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်လို စိတ်ထားမျိုးနဲ့ ခံယူချက်မျိုးကို မွေးမြူသင့်ပါသလဲ။ အခြေခံအားဖြင့် မွေးမြူရမယ့် စိတ်ထား(၃)ရပ် ရှိပါတယ်။

“လူတိုင်းရှုံးနိမ့်ကြတာပဲ။ ငါလည်း ရှုံးနိမ့်မယ့် အလားအလာတွေ အများကြီး။”

လူဆိုတာ ကိုယ့်ကိုကိုယ် သူများထက်ပိုတော်တယ်၊ ပိုတတ်တယ် လို့ထင်တတ်တဲ့ စိတ်ထားမျိုး အနည်းနဲ့ အများ ရှိတတ်ပါတယ်။ လုပ်ငန်းချင်းယှဉ်ရင်လည်း ကိုယ့်လုပ်ငန်းက သူများလုပ်ငန်းထက် အိုင်ဒီယာ ပိုကောင်းတယ်၊ ဝန်ဆောင်မှုပိုကောင်းတယ်၊ ကိုယ့်ထုတ်ကုန်က သူများထက် ပိုထူးခြားကောင်းမွန်တယ်ဆိုပြီး အထင်ရောက်လေ့ရှိပါတယ်။ အင်္ဂလိပ်လိုတော့ Lake Wobegon Effect လို့ ခေါ်ပါတယ်။

သင်က စနစ်တကျ သုတေသနလုပ်၊ တွက်ချက်ပြီး သင့်ကုန်ပစ္စည်း၊ သို့မဟုတ် ဝန်ဆောင်မှုကို သူများထက် ပိုထူးခြားကောင်းမွန်အောင် လုပ်ထားနိုင်တယ်ဆိုရင်တောင် သင့်လုပ်ငန်းဟာ ဆုံးရှုံးနိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ ဆုံးရှုံးနိုင်ခြေကို ထည့်တွက်ပြီး ကြိုတင်လက်ခံမထားမိရင် တကယ်တမ်းဆုံးရှုံးမှုနဲ့ သင်ကြုံတွေ့ရတဲ့အခါ လက်သင့်ခံနိုင်ဖို့နဲ့ ပြန်ပြီး ရုန်းထနိုင်ဖို့ ခက်ခဲသွားတတ်ပါတယ်။

“အရှုံးကနေ ရမယ့်သင်ခန်းစာတွေကို သင်ယူဖို့ ပြင်ထားရမယ်။”

ရှုံးနိမ့်မှုဆိုတာ အကောင်းဆုံးဆရာသမားပါပဲ။ ရှုံးနိမ့်မှု ကြုံတွေ့ရတဲ့အခါ လက်လျှော့ပြီး နောက်တွန့် သွားမှာလား။ ဒါမှမဟုတ် ငါဘယ်နေရာတွေ မှားသွားခဲ့သလဲဆိုတာ အချိန်ယူပြီး လေးလေးနက်နက် နဲ့ ကျကျနန ပြန်လည်သုံးသပ်ပြီး သင်ခန်းစာတွေ ထုတ်ယူမှာလားဆိုတာကတော့ သင့်ရွေးချယ်မှုပါပဲ။

“စိန်ခေါ်မှုတွေ တခုပြီးတခု ကျော်ဖြတ်ရတာ စိတ်ခွန်အားတွေ ရတယ်။”

ရှုံးနိမ့်မှုတွေကို ကြုံရတဲ့အခါ ငါညံ့လို့ လို့မတွေးဘဲ ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတွေလို့ တွေးကြည့်ပါ။ တဖြည်းဖြည်းနဲ့ စိန်ခေါ်မှုတွေကို တခုပြီး တခု ဖြတ်ကျော်ဖြေရှင်းလာနိုင်တဲ့အခါ ပျော်စရာကောင်းလာသလို စိတ်ခွန်အားတွေလည်း တက်ကြွပြီးရင်း တက်ကြွလာတာကို ခံစားရပါလိမ့်မယ်။

အဲဒီအခါရှုံးနိမ့်မှုတွေဟာ သင့်အတွက်တော့ ကြောက်စရာမကောင်းဘဲ စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ်။

အနှစ်ချုပ်ရမယ်ဆိုရင် စွန့်ဦးတီထွင်သမားတယောက်ဟာ အရှုံးကို လက်သင့်ခံနိုင်တဲ့ စိတ်ထားကို ကြိုပြီး မွေးမြူထားရမယ့်အပြင် ရှုံးနိမ့်မှုဟာ ကိုယ့်ကို ပိုပြီး သန်မာလာအောင်၊ အတွေ့အကြုံများလာအောင်၊ တိုးတက် အောင်မြင်လာအောင် လုပ်ပေးတဲ့အရာတခုအဖြစ်လည်း ရှုမြင်ဖို့လိုပါတယ်။

အခုပြောခဲ့တဲ့အချက်တွေကို တက်ကျမ်းတွေမှာ ဖန်တရာတေအောင် ရေးထားတာကို သင်အကြိမ်ကြိမ် ဖတ်ဖူးပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရှေ့မှာ အလွန်တရာမှ အရေအတွက်နည်းပါးလွန်းလှတဲ့ လက်တဆုပ်စာ စွန့်ဦးတီထွင်သမားတွေ အောင်မြင်ကြီးပွားသွားတာကို မြင်ပြီး စီးပွားရေးလုပ်ဖို့ ဟန်ရေးတပြင်ပြင် ဖြစ်နေကြသူတွေ၊ အစပျိုးစီးပွားရေးလုပ်ငန်းကို စလုပ်နေကြသူတွေဟာ အနာဂတ်မှာ ဆုံးရှုံးနိုင်ခြေ များပြား လွန်းတာကို လက်သင့်ခံနိုင်ဖို့၊ ကျော်ဖြတ်နိုင်ဖို့ အသင့်ပြင်ထားရမယ်ဆိုတာကို အမြဲတမ်း မေ့နေတတ်ကြပါတယ်။ တကယ်တော့ သကာလောင်းထားတဲ့ အောင်မြင်မှုတွေတင်မကဘဲ အရှိကို အရှိအတိုင်းမြင်ပြီး ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေ၊ အရှုံးတွေအတွက် အကောင်းဆုံးကြိုတင်တွက်ဆပြီး ပြင်ဆင်ထားဖို့ ကိုယ့်ကိုကိုယ်အမြဲသတိပေးနေဖို့လိုပါတယ်။

သေချာပေါက် အောင်မြင်တော့မယ်အထင်နဲ့ တေးစီးရီးထုတ်ခဲ့ကြတဲ့ ဂီတသမား ထောင်ပေါင်းများစွာကို သတိရပေးပါ။ ‘ပလုံ’သွားတဲ့ စီးပွားရေးလုပ်ငန်း သန်းပေါင်းများစွာကို သတိရပေးပါ။

ဂီတလုပ်ငန်းဟာ ပါရမီနဲ့ စန်းနဲ့လည်း အများကြီးဆိုင်တဲ့အတွက် သူတို့အောင်မြင်ဖို့ မလွယ်ကူတာ သဘာဝကျပါတယ်။ သင့်အနေနဲ့ကတော့ စီးပွားရေးလုပ်နေတာ ဖြစ်တဲ့အတွက် သင့်ရဲ့ ပြန်လည်ရုန်းထနိုင်စွမ်း၊ လုံ့လဝီရိယထုတ်နိုင်စွမ်း၊ တီထွင်ဆန်းသစ်တွေးခေါ်နိုင်စွမ်း၊ လေ့လာမှတ်သားနိုင်စွမ်း၊ သင်ခန်းစာယူနိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံနိုင်စွမ်း နဲ့ အချိန်ကိုက်ဆောင်ရွက်နိုင်စွမ်းတို့ဟာ ရှုံးပွဲတွေများလာတာနဲ့အမျှ တိုးတက်သန်မာလာတဲ့အခါ အောင်မြင်မှုဆိုတာ မြေကြီးလက်ခတ်မလွဲ ရောက်လာပါလိမ့်မယ်။

“It’s never a game over. It’s a try-again” ပါ။

No comments