New Artical

❛ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်❜

 


❛ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်❜ ဘဒ္ဒန္တ တိလောကာဘိဝံသ ❪အင်းစိန်❫

လူသားများသည် လိုလျှင် လိုသလို မလိုလျှင် မလိုသလို ပြောတတ်ကြသည်။ 'လူ့အကြိုက် နတ်မလိုက်နိုင်' ဆိုသည့် အတိုင်း  လူ့အကြိုက် လိုက်နိုင်ဖို့ မလွယ်ကူ။
 
ရှေးတုန်းက ကျောင်းထိုင်ဘုန်းကြီး ၂-ပါး တောလမ်းခရီးဖြတ်ပြီး ကျောင်းသားများနှင့်အတူ အလှူတစ်ခု သွားကြသည်။ နောက်ကကျောင်းသားများက တို့ဘုန်းကြီးက မြန်သည်။ တို့ဘုန်းကြီးက မြန်သည်ဟု ကျောင်းသား ၂-ယောက် ဘုန်းကြီးချင်း ပြိုင်ကြသဖြင့် နောက်ဆုံးဘုန်းကြီးများက ကျောင်းသားအား တက်အောင် မြန်မြန်သွားရုံမက ဖိနပ်ချွတ်ခါးတောင်းကျိုက်ပြီး ပြိုင်ပြေးရသည့်အဆင့်ရောက်သွားကြသည်။
 
ယခုအခါမှာလည်း မြန်မာပြည်၌ လူတော်တော်များများသည် ဘုန်းကြီးများကို မြှောက်လိုက်၊ ခြောက်လိုက် လုပ်နေကြသည်။ လိုလျှင် "တို့ဘုန်းကြီး"၊ မလိုလျှင် "ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်"ဟု သွားပုပ်လေလွင့် ပြောနေကြသည်။ "မလို တမာ, လို သကာ"ဆိုသလို သူတို့မလိုသော ဘုန်းကြီးများကို ဆွမ်းမလောင်းဘူးဟုပင် ပြောနေကြသည်။ သူ၏ အကြိုက်၊ ဆယ်ခါလိုက်လည်း၊ မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏ ဆိုသည့်အတိုင်း ကြောက်စရာကောင်းလှပေစွ။
 
ဘုန်းကြီးအလုပ်ဟူသည် ရဟန်းကိစ္စ၊ နှစ်ဓုရ၌၊ လုံ့လအားသည်း ဆိုသည့်အတိုင်း
 
၁။ ။ ဂန္ထဓုရ  
ပရိယတ္တိစာပေကျမ်းဂန်လာ ဗုဒ္ဓဓမ္မများကို ကိုယ့်အတွက် သင်ယူခြင်း၊ ရဟန်းရှင်လူ မည်သူမဆို လိုအပ်သူများ အတွက် သင်ပေးခြင်းတာဝန်၊
 
၂။ ။ ဝိပဿနာဓုရ 
သမထ, ဝိပဿနာ ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်း တာဝန်ဟူသော လုပ်ငန်း တာဝန်များကို လုပ်ဆောင်ခြင်း သည်သာ ဘုန်းကြီးအလုပ်ဖြစ်သည်။
 
ထို ၂-မျိုးတွင် ဂန္ထဓုရ-ဟူသည် ပရိယတ္တိသာသနာပြုလုပ်ငန်းပင် ဖြစ်သည်။ ရဟန်းသာမဏေကိုဖြစ်စေ၊ ကျောင်းသားကပ္ပိယကိုဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမကိုဖြစ်စေ၊ ဘာသာခြား လူမျိုးခြားကိုဖြစ်စေ မည်သူ့ကိုမဆို လိုအပ်သူများအတွက် နှုတ်ဖြင့်သင်ပေးခြင်း၊ ဟောပြောပေးခြင်း၊ စာဖြင့်ရေးသားဖြန့်ဝေခြင်း၊ ယောဂီများအား တရားပြပေးခြင်း၊ ယဉ်ကျေးမှု သင်တန်းသင်ပေးခြင်း စသည်အားလုံးပါဝင်သည်။
 
ဒါတင်မက
 
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ 
အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ 
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ 
ရဟန်းမှု၊ ခြောက်ခုလွန်သေချာ
 
ဟူသော သိင်္ဂါလသုတ်လာ ရဟန်းဝတ္တရားများသည်လည်း ဘုန်းကြီးအလုပ်ပင် ဖြစ်သည်။ မကောင်းမြစ်တာ-ဟူသည် မကောင်းမှု ဒုစရိုက်များ မလုပ်ရန်၊ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး၊ စီးပွားရေး၊ ပညာရေး စသည် တိုင်းရေးပြည်ရေးပါမကျန် မကောင်းသည့် အရာမှန်သမျှကို တားမြစ်ရမည်၊ ဟန့်တားရမည်။
 
ဘာသာသာသနာပျက်သုဉ်းမည့် အိမ်ထောင်ဖက်ရွေးချယ်မှုမပြုရန်၊ ဘာသာခြား၊ လူမျိုးခြားအတွက် လုပ်နေသော ပုဂ္ဂိုလ်များ၊ ပါတီများကို မဲ မပေးရန်၊ စျေးဝယ်ရာ၌ပင် အဆိပ်ပင်ရေလောင်း မဖြစ်စေရန်၊ ဘာသာဖျက်မည့်သူများအား စျေးရောင်းစျေးဝယ် အား မပေးရန်၊ တချို့အမျိုးသမီးများ၏ မိမိခန္ဓာကိုယ်ကို လူမျိုးခြား၊ ဘာသာခြား လက်သို့ ပေးအပ်ရုံမက မိမိနိုင်ငံကိုပါ လူမျိုးခြား၊ ဘာသာခြားလက်သို့ အပ်ရန် မိစ္ဆာစေတနာပိုနေမှု၊ တလွဲဆံပင်ကောင်းနေမှု ပြုလုပ်နေသည်များကို ဟန့်တားခြင်းစသည် ဟောပြောပေးခြင်း လမ်းညွှန်ပေးခြင်းများသည်လည်း မကောင်းမြစ်တာဟူသော ဘုန်းကြီးအလုပ်ပင် ဖြစ်သည်။
 
ကောင်းရာညွှန်လစ်-ဟူသည် အပြစ်ကင်းပ ကောင်းကျိုးရသည့် ပညာရေး၊ စီးပွားရေး၊ ကုသိုလ်ရေး၊ လူမှုရေး၊ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး၊ အမျိုး ဘာသာ သာသနာအတွက် အားကိုးရမည့်ပုဂ္ဂိုလ်များ ပါတီများကို မဲပေးရွေးချယ်ရန်၊ အားပေးရန်၊ မိမိလူမျိုးများအိမ်ထောင်ဘက်ရွေးရာ၌ နစ်နာဆုံးရှုံးမှု မဖြစ်စေရန် အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးလုပ်ဆောင်မှုစသော လုပ်သင့်လုပ်ထိုက်သည့် ကောင်းမွန်သောလုပ်ငန်းများ လုပ်နိုင်အောင်ညွှန်ပြပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ ဟောပြောပေးခြင်း စသည် ကောင်းရာညွှန်လစ်ဟူသော ဘုန်းကြီးအလုပ်ပင် ဖြစ်သည်။
 
ကုသိုလ်ကောင်းမှုကို အချို့က ဒါန၊ သီလ၊ ဘာဝနာလောက်သာ ထင်နေကြသည်။ အပြစ်ကင်းပ၊ ကောင်းကျိုးရ၊ ပုည ကုသိုလ် ကောင်းမှုဆို။ (ကုသလာ အနဝဇ္ဇသုခဝိပါကလက္ခဏာ) အမြင်ကျဉ်းသူ တချို့က ယဉ်ကျေးမှုသင် တန်းပြပေးသော ရှင်ရဟန်းများကို "ကိုယ့်အလုပ် ကိုယ်မလုပ်"ဟု ပြောတတ်ကြသည်။
 
ဒါတင်မက ဘာမှမလုပ်ဘဲ အိပ်ကာ၊ စားကာ အကြည်ညိုခံသက်သက် သာရေးနာရေးဖြင့် အချိန်ကုန်နေသူ ဘုန်းကြီးများကိုသာ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်သူ၊ ကြည်ညိုစရာကောင်းသူဟုပင် အလွဲအမှား ထင်မြင်ယူ ဆပြောဆိုနေကြသေးသည်။

ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ယတြာ အခါပေးဓာတ်လုံးထိုး၊ ဓာတ်လုံးစိမ်ရေ၊ ဓာတ်လုံးစိမ်ဆီတိုက် ဘိုးတော် ဘုန်းကြီးများကိုပင် ရဟန္တာသမျှ အထင်ကြီးနေကြသည်။ ဒါကိုပင် ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ် နေကြသည် ဟု ထင်နေကြသည်။ ထိုဓာတ်ရိုက် ဓာတ်ဆင်စသော အလုပ်များသည် ဘုရားစက် ဆုပ်လှသည့် အလုပ်များ ဖြစ်သည်။ ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အလုပ် မဟုတ်ပါ။ ပုဂံခေတ် အရည်းကြီးများ၏ လမ်းစဉ်ဖြစ်သည်။

ကံကောင်းမှု ကံမကောင်းမှုသည် မိမိအလုပ်နှင့်သာ ဆိုင်သည်။ ကံဟူသည်ပါဠိဘာသာ ကမ္မဟူသော ဝေါဟာရမှ ဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်သည်။ ကမ္မသည် အလုပ်ဟု အဓိပ္ပါယ်ရသည်။ အလုပ်ကောင်း မှ ကံကောင်းမည်။ မလုပ် မကောင်းလျှင် ကံ မကောင်းနိုင်ပါ။ ကံကောင်းအောင် ဗေဒင်၊ ယတြာ၊ ဓာတ်၊ နတ်၊ ဘိုးတော်၊မယ်တော်စသည်တို့က ပြုလုပ်ပေးလို့ မရပါ။ ရလျှင် သူတို့အတွက် သူတို့လုပ်မှာပေါ့။ သူတို့သည်ပင်လျှင် သူများပေးစာကမ်းစာ စားနေရသူများဖြစ်သည်။ ကိုယ့်ကိုယ်ကိုတောင် ကံကောင်းအောင် မလုပ်နိုင်သူ ဘိုးတော်၊ မယ်တော်များက သူများကို ကံကောင်းအောင် လုပ်ပေးနိုင်သူများဟု ထင်နေလျှင် မှားလေစွ၊ ကံကောင်းလိုလျှင် ကောင်းသော အလုပ်များကိုသာ လုပ်ပါ။

မြတ်ဗုဒ္ဓလက်ထက် ရှင်ဥပါလိက ဝိပဿနာအလုပ်ဖြင့်သာတောထဲ၌ သွားနေလိုကြောင်း မြတ်ဗုဒ္ဓထံ ခွင့်ပန်ရာ မြတ်ဗုဒ္ဓက တောထဲသွားနေလျှင် ကိုယ်ကျိုးအတွက်သာ ဖြစ်မည်။ ပရဟိတလုပ်ငန်းများလုပ်နိုင်အောင် တောထဲသွားနေခွင့်မပြုဘဲ ပရဟိတလုပ်ငန်းများလုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်သည်။

ဒါကိုကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓသည် စွမ်းနိုင်သူများ ပရဟိတလုပ်ငန်းများများလုပ်ဖို့ လိုလားသည်။ ပရဟိတလုပ်ငန်း မစွမ်းဆောင်နိုင်သူသာ ဝိပဿနာဓုရ သက်သက်လုပ်ဖို့ လိုလားတော်မူသည်။ တတိယ သံဂါယနာတင်ပြီးချိန် ၉-တိုင်း၊ ၉-ဌာန သာသနာပြုအဖွဲ့ ဆရာတော်များသည်လည်း အနယ်နယ်အရပ်ရပ် လှည့်လည်ကာ မနေမနား သာသနာပြုသွားကြသည်။ သူတို့သွားသောနေရာများသည် လူမျိုးခြား၊ ဘာသာခြားသာဖြစ်သဖြင့် ခက်ခက်ခဲခဲ သာသနာပြုကြရသည်ကို သတိပြုရမည်။ ယခုခေတ်လို အကြည်ညိုခံသက်သက်ဖြင့် မလုံလောက်ပါ။

ဗုဒ္ဓသာသနာ မကြည်ညိုသူများကို ကြည်ညိုအောင်၊ ကြည်ညိုပြီးသားလူကိုလည်း ပိုမိုကြည်ညိုလာအောင် စည်းရုံးရမည်။ ဟောပြောရမည်။ လိုအပ်သလို ဆောင်ရွက်ရမည်။ ပုတီးထိုင်စိပ်နေရုံ၊ သင်္ကန်းခေါင်းမြီးခြုံ ခြေကန်အိပ်နေရုံဖြင့် ဘယ်သူမှ ကြည်ညိုလာမည်မဟုတ်။ ကြည်ညိုပြီးသားသူများလည်း တဖြေးဖြေး နောက်ဆုတ်သွားလိမ့်မည်။

ထိုသို့ ကြောင့်ကြမဲ့နေမှုများကြောင့် ယခင်က သာသနာထွန်းကားခဲ့သော အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် ဒေသများမှာ ဗုဒ္ဓသာသနာ ပျောက်ကွယ်သွားခဲ့ကြပေပြီ။ ကိုယ်ကျိုးတစ်ခုတည်းအတွက် ဘုန်းကြီးအောင် လာဘ် လာဘပေါအောင်၊ ကြည်ညိုသူ မများများအောင် ရည်ရွယ်ချက်ဖြင့် ပုတီးစိပ်၊ ဂုဏ်တော်ပွါး၊ ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ်၊ မေတ္တာပို့၊ သက်သတ်လွတ်စားစသည်တို့ကို သာသနာပြုဟု မခေါ်နိုင်ပါ။ ကိုယ့်နေရာကိုယ်ထိုင်ပြီး အကြည်ညိုခံ သက်သက်နေလျှင်လည်း သာသနာပြုဟု မဆိုနိုင်ပါ။

အချို့သော ဘိုးတော်၊ မယ်တော်များ ဝိဇ္ဇာအမည်ခံများသည် ကိုယ်ကျိုးတစ်ခုတည်းအတွက်ကြည့်ပြီး မလိုအပ်ဘဲ ဘုရားအပြိုင်အဆိုင်တည်နေကြသည်။ လိုအပ်သည့်နေရာ၌ လိုအပ်သလောက် ဘုရားတည်မှုကား ကောင်းပါသည်။ မလိုအပ်ဘဲ ဘုရားတည်လျှင် လိုအပ်သည့် ပရိယတ္တိ၊ပဋိပတ္တိသာ သနာပြုလုပ်ငန်းများအတွက် နစ်နာဆုံးရှုံးရုံသာ ဖြစ်မည်။ အင်ဒိုနီးရှားရှိ ဗောရောဗုဓောဘုရားကြီးကဲ့သို့ ပြတိုက်အဖြစ်သာ ကျန်ရှိလိမ့်မည်။ မလိုအပ်ဘဲ ဘုရားတည်ခြင်းထက် လူများ၏ နှလုံးသားမှာဘုရားတည်ခြင်းက ပိုမိုမွန်မြတ် ထိရောက်ပါသည်။ ကျမ်းဂန်များ၌ သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ် - သဒ္ဓါတရားဖြင့် လှူသူတို့၏ ပစ္စည်းများကို အလဟဿ ဖြုန်းတီးပစ်သည့် မကောင်းသော လုပ်ရပ်ဟုပင် မိန့်ဆိုထားသည်။


ဗုဒ္ဓဘာသာများ သဒ္ဓါ ပညာ မျှတအောင် ကျင့်သုံးနိုင်ကြပါစေ။ သူများမြှောက်တိုင်း မမြောက်ကြလေနှင့်၊ သတိရှိနိုင်ကြပါစေ။ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျှင်ကား ပြုလုပ်သူအတွက် ကောင်းကျိုးရနိုင်ပါသည်။ သူတစ်ပါးကို သာသနာပြုသည်ဟု မဆိုနိုင်သေးပါ။ မကြည်ညိုသူများ ကြည်ညိုလာအောင်၊ ကြည်ညိုပြီးသူများ ပိုမိုသဒ္ဓါတရားပွါးများအောင် လိုအပ်သူများအတွက် လိုအပ်သော နေရာများသို့သွား၍ "မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်"စသော ရဟန်းဝတ္တရားများဖြင့် သိရှိနားလည်အောင်၊ လိုက်နာကျင့်သုံးနိုင်အောင် သင်ပြပေးခြင်း၊ ဟောပြောပေးခြင်း၊ ရေးသားဖြန့်ဝေပေးခြင်း၊ ညွှန်ပြပေးခြင်းစသည်တို့သည် ဘုန်းကြီးအလုပ်ဖြစ်သည်။

ထို့ကြောင့် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူများသည် ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်သူ၊ ဘုန်းကြီးအလုပ် ဘုန်းကြီး မလုပ်သူများကို ခွဲခြားသိမြင်နိုင်ရန် အသိပေးရင်း "ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်" ဟူသော ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။ 
 
ဓမ္မစကား နေ့တိုင်းကြား၍ စိတ်ထားဖွေးလတ် သိဉာဏ်ထက်ကာ ပညာ သုတ ပြည့်စုံကြလျက် လေးရွာပါယ်တွင်း ကျရောက်ခြင်းမှ ကင်းဝေးကြပါစေ။ဓမ္မအသိဖြင့် အကျိုးရှိအောင် နေထိုင် ကျင့်သုံးနိုင်၍ အေးငြိမ်းရာ နိဗ္ဗာန်သို့ လျင်မြန်စွာ ရောက်နိုင်ကြပါစေ။ သတ္တဝါမှန်သရွေ့၊ တရားတွေ့၊ ချမ်းမြေ့ကြပါစေ။ 

တက္ကသိုလ် လုလင်
၁၃၈၂-ခု၊ ပြာသိုလပြည့်ကျော် 【၁၃】ရက်၊ 
၂၀၂၁၊ ဖေဖော်ဝါရီလ၊ ၉ရက်၊ အင်္ဂါနေ့

No comments