New Artical

ဘဝမှာ ရည်မှန်းချက် နဲ့ အဓိပ္ပာယ်ကိုဘယ်လိုရှာဖွေမလဲ


ကျွန်တော်ဒီစာလေးကိုရေးဖို့ အကြောင်းဖြစ်လာတာကတော့ USမှာ ကျောင်းတက်တုန်းက သိခဲ့တဲ့ အမေရိကန်လူမျိုးသူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ရာက စတာပါ ။ သူက ဖလောရီဒါပြည်နယ်က ဆေးရုံတစ်ခုမှာ သူနာပြုလုပ်နေတာ ၂ နှစ်လောက်ရှိပါပြီ ။ တနေ့ညက သူ့အလုပ်မှာ သူမပျော်ကြောင်း ကျွန်တော့်ကို ဖုန်းဆက်ပြောပါတယ် ။ ကျွန်တော်က ဘာလို့လဲမေးတော့ သူလုပ်ချင်တာ ဒါမဟုတ်ဘူးလို့ ပြောပါတယ် ။ ကျွန်တော်က ဘာလုပ်ချင်တာလဲမေးတော့ သူမဖြေနိင်ပါဘူး ။ ကြိုးစားပြီးဖြေပါတယ် ။ သွားဆရာဝန်လုပ်ရင်တော့ လစာများများ ရနိင်တယ်တဲ့ ။ သူ့အသက် ၂၇ နှစ်ရှိပါပြီ ။ သူဘာလုပ်ချင်လဲ အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ သူချမပြနိင်ပါဘူး။

တရာဖိုး သုံးပုဒ်မဟုတ်ပါဘူး ။ ကိုယ်ပိုင်အတွေ့အကြုံတွေပါ ။ နည်းနည်းရှည်တယ်။ အဆုံးအထိဖတ်ကြည့်ပါ ။.ဘဝမှာ နောက်ဆုံး ဘာဖြစ်ချင်တာလဲ ။ ရည်မှန်းချက်ရှိဖို့ ဘာလို့ အရေးကြီးလဲ? ?.ထားပါတော့ ကိုယ့်မိတ်ဆွေတစ်ယောက်ကို လမ်းပေါ်မှာတွေ့လို့ ဘယ်သွားမလို့လဲမေးရင် မသိဘူးလို့ဖြေရင် ဘယ်လိုထင်မလဲ? တနေရာရာ သွားနေရမယ်လို့ ပြောတာ မဟုတ်ပါဘူး ။ ဒါပေမယ့် အပျင်းပြေထွက်တယ် ဆိုလဲ အပျင်းပြေပေါ့ ။ Supermarket သွားမလို့ ဆိုလဲ supermarket ပေါ့ ။ ဘယ်သွားမှာလဲ ဆိုတဲ့ destinationကို သိမှ ကားပဲမောင်းသွားရမှာလား ။ လမ်းလျှောက်သွားရုံနဲ့ ရောက်မလား ။ နယ်ဝေးသွားရမို့လို့ ကားလက်မှတ်ပဲ သွားဖြတ်ရမလား ။ ဘယ်ကိုသွားမှာလဲမသိရင် ဘယ်လိုသွားရမလဲ လုံးဝမသိနိင်ပါဘူး ။

နေ့တနေ့မှာ အိပ်ယာ နိုးလာတယ်ဆိုရင်လဲ ဒီနေ့တော့ ဘာကိုပြီး​​အောင်လုပ်မယ် ဘယ်သူနဲ့တော့ တွေ့ဖြစ်အောင် တွေ့ရမယ်ဆိုပြီး ရှိမှာပဲ ။ အဲ့လို ညမအိပ်ခင်ကတည်းက ကွဲကွဲပြားပြား ​ကြိုပြီး မစဥ်းစားထားမိလို့ တ​နေကုန် ရေရေရာရာမရှိ အချိန်တွေပဲကုန်သွားတဲ့နေ့တွေလဲ အားလုံးကြုံဖူးမှာပါ ။.ကျွန်တော်တို့ ဘဝတွေက ပင်လယ်ထဲက လှေတစ်စီးလိုပဲ အရှေ့အနောက်တောင်မြောက် ဘယ်ကိုသွားမလဲဆိုတာ direction သိဖို့တော့ လိုတယ်ဗျ ။ မသိဘူးဆိုရင် လှိုင်းပုတ်တဲ့ဘက် လိုက်မျောနေမှာပေါ့ ။ ရေစီးသန်တဲ့ဘက်ကို နောက်ပြန်ပါသွားမှာပေါ့ ။ ပြီးတော့ဘယ် direction ကို သွားမလဲသိမှ စက်လှေနဲ့သွားရမလား ၊ ရွက်လှေပဲစီးရမလား ၊ လက်နဲ့ပဲလှော်သွားရမလား သိမှာပေါ့ ။Career မှာဆိုလဲ နောက်ဆုံးကျရင် တကယ်ပဲ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာကနေစပြီး ကိုယ်ဘာတွေလုပ်ရမလဲ ဆိုတာကို နောက်ပြန် စဥ်းစားပြီး ဆုံးဖြတ်ရတာ မဟုတ်လား ။.ကိုယ့် ambition ကိုမှ ကိုယ်မသိရင် ဟိုဘက်က ဆွယ်လိုက် ဟိုဘက်ပါသွားလိုက် ၊ ဒီဘက်က ပိုလွယ်တယ်ဆိုလို့ ဒီဟာလုပ်လိုက်နဲ့ ဘယ်ဟာကိုမှ ထိထိရောက်ရောက် လုပ်နိင်မှာ မဟုတ်ပါဘူး ။

အဲ့တာကြောင့် ဘဝမှာ ရည်မှန်းချက်ရှိဖို့ အရေးကြီးတာပါ ။.ရည်မှန်းချက်ဆိုတာ ချပြီးတာနဲ့ တသက်လုံး ဘာပဲဖြစ်ဖြစ်မ​ပြောင်းရတော့ဘူးလို့ ပြောတာမဟုတ်ဘူးနော် ။ အသက်ကြီးလာလို့ အတွေးအမြင်တွေ ပြောင်းလဲလာတဲ့အခါ ရည်မှန်းချက်တွေလဲ ပြောင်းလဲလာမှာပဲ ။ ဒါပေမယ့် အပြင်ပယောဂမပါပဲ ကိုယ့်အတွေးအခေါ် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ပြောင်းဖို့က အရေးကြီးပါတယ် ။.တစ်ခုရှိတာက ကျွန်တော် ဒီဆောင်းပါးထဲမှာ ရေရှည်ဘဝရည်မှန်းချက် (life ambition)ကိုပဲ ဆွေးနွေးသွားမှာပါ ။ ရေတိုပန်းတိုင် (short term goal) တွေကို ထည့်ပြီးဆွေးနွေးမှာ မဟု တ်ပါဘူး ။.ကဲ intro ဝင်လို့ ပြီးသွားပါပြီ အဓိကအပိုင်းရောက်ပါပြီ ။.**ဘဝရည်မှန်းချက်မရှိသေးရင် ရည်မှန်းချက် ဘယ်လိုချမလဲ ??**.ရည်မှန်းချက် လို့ပြောလိုက်ရင် အများစုက အထူးကုဖြစ်ချင်တယ် ၊ စာရေးဆရာဖြစ်ချင်တယ် ၊ သရုပ်ဆောင်ဖြစ်ချင်တယ် အစရှိသဖြင့် ပြောကြတယ် ။.ကျွန်တော်ကတော့ ရည်မှန်းချက်ကို တစ်ခုတည်း မဟုတ်ပဲ သုံးခုချစေချင်တယ် ။ ဒီသုံးခုက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပါတယ်။

ပြီးရင်လဲ အဲ့ရည်မှန်းချက် တစ်ခုချင်းစီအတွက်-‘ဘာလို့ဒီရည်မှန်းချက်ကို အကောင်အထည်ဖေါ်သင့်လဲ why?’ ဆိုတဲ့အကြောင်းအရင်းကို ထည့်စဥ်းစားပါ ။ Why ကိုသေချာမသိရင် motivation ပြင်းပြင်းထန်ထန် မရှိနိင်ပါဘူး ။.၁. ကိုယ့်အကျိုးအတွက်ကိုယ်သီးသန့် ရည်မှန်းချက်၂. ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အကျိုးပြုမယ့် ရည်မှန်းချက်၃. ကိုယ့်နိင်ငံကိုယ့်လူမှုအသိုင်းအဝိုင်း အကျိုးပြု ရည်မှန်းချက်. ကျွန်တော့်ကိုယ် ကျွန်တော် ဥပမာအနေနဲ့ ပေးရရင်

ရည်မှန်းချက် (၁) ကိုယ့်အတွက် *ကျွန်တော် ပရိဘောဂ ဒီဇိုင်နာတစ်ယောက် အနေနဲ့ အောင်မြင်ချင်တယ် ။* Why? ဘာလို့လဲ*ကျွန်တော်က ဒီဇိုင်းအပိုင်းမှာ ပါရမီပါတယ် ။ သင်လွယ်တတ်လွယ်တယ် ။ ဒီဇိုင်နာတွေက အောင်မြင်သွားရင် ဝင်ငွေအများကြီး ရှာနိင်တယ် ။ တချိန်ကျရင် အစအဆုံး ကိုယ့်စိတ်ကြိုက်ဆောက်ထားတဲ့ အိမ်တစ်လုံးကို ဝယ်ပြီးနေချင်တယ် ။ ပြိုင်ကား အကောင်းစားတွေ စီးချင်တယ် ။ (အဲ့တော့ ကျွန်တော် ဒီဇိုင်နာအနေနဲ့ အောင်မြင်ဖို့လိုတယ် ။).*

ရည်မှန်းချက် (၂) ကိုယ့်ပတ်ဝန်းကျင်အတွက် *ကျွန်တော် ဝင်ငွေကောင်းကောင်းရှာလာနိင်ရင် လက်ရှိမိသားစုရော နောက်ရှိလာမယ့် ကိုယ်ပိုင်မိသားစုကိုပါ ကောင်းကောင်းထားချင်တယ် ။*Why? ဘာလို့လဲ*မိဘတွေက ကျေးဇူးရှိတယ် ။ အသက်ကြီးလို့ ကျန်းမာရေးချို့တဲ့လာရင် ကုန်ကျစရိတ်တွေရှိမယ် ။ သူတို့ရှိနေချိန်မှာ သူတို့လုပ်ချင်တာတွေ လုပ်သွားစေချင်တယ် ။ ကိုယ့်သားသမီးရှိလာရင်လဲ ပညာရေးက အရေးကြီးတယ် ။ အဲ့အတွက် ဝင်ငွေတယ် ။ (အဲ့တော့ ကျွန်တော် ဒီဇိုင်နာအနေနဲ့ အောင်မြင်ဖို့လိုတယ် ။).*

ရည်မှန်းချက် (၃) ကိုယ့်နိင်ငံအတွက် *ကျွန်တော် မသေခင်မှာ ကမ္ဘာကသိတဲ့ မြန်မာတစ်ယောက် ဖြစ်ခဲ့ချင်တယ် ။*Why? ဘာလို့လဲ*မြန်မာနိင်ငံမှာ ကျွန်တော် ကြီးလာတဲ့ ၂၈ နှစ်သက်တမ်းမှာ မြန်မာ role model ဆိုတာ မရှိခဲ့ဘူး ။ ဦးသန့်ကို ကြည့်ပြီး ဂုဏ်ယူနေရအောင်ကလည်း သူက ဆုံးသွားတာအရမ်းကြာပြီ။ သဌေးတွေကြည့်ပြန်တော့လဲ ၁၀ယောက်မှာ၈ယောက်က ခရိုနီ ။ အထူးသဖြင့် နိင်ငံရေးကြောင့်မဟုတ်ပဲ အသိပညာအတတ်ပညာပိုင်းမှာ မြန်မာပြည်ကနေ ကမ္ဘာသိတဲ့လူမရှိဘူး ။ နိင်ငံတစ်နိင်ငံရဲ့ လူငယ်တွေအတွက် ဒါငါတို့နိင်ငံသားပါဆိုပြီး ကြည့်ပြီး ဂုဏ်ယူလို့ရမယ့် လူတွေလိုတယ် ။ အဲ့လိုမှမရှိရင် နိင်ငံခြားကိုပဲ အထင်ကြီးပြီး ကိုယ့်နိင်ငံသားတွေရဲ့ motivation တွေပျောက်ပြီး အားငယ်စိတ်တွေပဲရှိမယ် ။ ကျွန်တော် ပရိဘောဂဒီဇိုင်းကနေ တဆင့် ကမ္ဘာသိတဲ့ မြန်မာတစ်ယောက်ဖြစ်ချင်တယ် ။(အဲ့တော့ ကျွန်တော် ဒီဇိုင်နာအနေနဲ့ အောင်မြင်ဖို့လိုတယ် ။)

အခုလောက်ဆို အားလုံးကို ဘာလို့ ရည်မှန်းချက် ၃ခု ချခိုင်းလဲ ဆိုတာရှင်းသွားလောက်ပါပြီ ။ ကိုယ့်အတွက်ကိုယ် ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ရက်တွေမှာ ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ့်နိင်ငံအတွက်ဆိုတဲ့ စိတ်နဲ့ motivation ယူပါ ။ လုပ်စရာရှိတာ ဆက်လုပ်ပါ ။ ဘာလို့လုပ်နေတာလဲဆိုတဲ့ why ကို စိတ်ထဲမှာ ပြန်တွေးပါ ။ ဆက်လုပ်ပါ ။ အထူးသဖြင့်လူကြီးပိုင်းတွေမှာ ဘဝတစ်ခုလုံး ပိုက်ဆံတွေလဲရှာပြီးသွားပြီ အိမ်တွေကားတွေလဲပိုင်ပြီ သားသမီးတွေလဲ ကြီးကုန်ပြီဆို အဲ့တာကြောင့် ပရဟိတလုပ်ကြတာပါ ။ သူတို့အတွက် ကိုယ်ပိုင် ရည်မှန်းချက်တွေက ပြည့်ဝသွားပြီလေ ။ အဲ့တော့ သူတို့ဘဝတွေ meaning ရှိဖို့ အများအကျိုးအတွက် ဆက်လုပ်ကြတာပေါ့ ။.

အဲ့လိုတွေ ပြောပြတော့ ကျွန်တော် အပေါ်ဆုံးမှာ ​ပြောသွားတဲ့ အမေရိကန်သူငယ်ချင်းက ကပ်သီးကပ်သပ် ပြန်ပြောပါတယ် ။ အကယ်ရွေ့ ရည်မှန်းချက်တွေ ချထားပြီး ဖြစ်မလာရင် ဘယ်လိုလုပ်မလဲတဲ့ ။ ကျွန်တော်က ပြောလိုက်ပါတယ် ။ နောင်တဆိုတာ တစ်ခုခုကို လုပ်လိုက်လို့ ရတဲ့နောင်တရှိသလို မလုပ်လိုက်လို့ ရတဲ့နောင်တလဲရှိပါတယ်လို့ ။ ဘယ်နောင်တမျိုး လိုချင်လဲတော့ မင်းဖာသာ ဆုံးဖြတ်လို့။.သိဖို့က ရည်မှန်းချက်တွေ ထားတိုင်းလည်း တချိန်မှာ အကုန်ဖြစ်လာမှာ သေချာလို့ချတာ မဟုတ်ပါဘူး ။ ကွေးသောလက် မဆန့်မှီပဲလေ။ ဒါပေမယ့် နေ့တိုင်းကိုအဓိပ္ပါယ်ရှိရှိ အသက်ရှင်နေမယ့် လူတွေထဲက တစ်ယောက်ဆိုရင်တော့ ရည်မှန်းချက်ထားဖို့ လိုအပ်ပါလိမ့်မယ်။

အရှည်ကြီးဖတ်တာ ကျေးဇူးတင်ပါတယ်။.ဒီစာလေးက ကိုယ့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် တခြားလူတွေလဲ ဖတ်ရအောင် share ပေး ၊ mention ခေါ်ပေးစေချင်ပါတယ်...။

လင်းတင်ထွန်းနီ

No comments