New Artical

ကောလာဟလတွေမယုံဘဲ လူထုလှုပ်ရှားမှုအရှိန်မြှင့်ဖို့ ကိုမင်းကိုနိုင် ပြောကြား

 


 


ဒီနေ့လည် လှည်းတန်းဘက်မှာ ဆန္ဒပြမယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ ဒါပေမဲ့ လိုအပ်သလို ဒေသကာလ ရွေးချယ်ပြီး လှုပ်ရှားမယ့်အကြောင်း ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောလိုက်ပါတယ်။

၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်က သူတို့အဖွဲ့ တနင်္ဂနွေနေ့လည်မှာ ဆန္ဒပြမယ်ဆိုပြီး နေရာဒေသ၊ အချိန်အတိအကျနဲ့ ပြောဆို သတင်းဖြန့် နေကြတာတွေကို မဟုတ်မမှန်ကြောင်းပြောကြားရင်း တဆက်တည်းမှာပဲ အစိုးရယန္တရား ရပ်ဆိုင်းအောင် ဝန်ထမ်းတွေ သပိတ်မှောက်ကြဖို့လိုတယ်လို့ RFA ကို စနေနေ့ ညဉ့်နက်ပိုင်းမှာ ပြောပါတယ်။

“ကျနော်တို့ မနက်ဖြန် ၁၂ နာရီ လှည်းတန်းကိုထွက်မယ်ဆိုပြီး ဝါဒဖြန့်နေတယ် အဲဒါ တကယ်မဟုတ်ဘူး။ အဲဒီအစီအစဉ်မျိုးက တကယ်ကျနော်လုပ်မယ်ဆိုရင် ပုံစံတမျိုးနဲ့လုပ်မှာပေါ့။ ဒါက ကျနော်ထင်တာက တော့ ကျနော်တို့ကို လာစေချင်တာလား ဒါမှမဟုတ် ဘယ်သူတွေက ဘယ်လိုလွှင့်နေသလဲ မသိဘူး။ ကျနော်တို့ကတော့ အဲဒီနေ့ အဲဒီအချိန် အဲဒီနေရာမှာ အစီအစဉ်မရှိတာ အမှန်ဘဲ။ ကျနော်တို့ အခု အဓိက အားစိုက်နေတာက နိုင်ငံရေးအရ နိုင်ငံသားတွေ အံတုတဲ့နေရာမှာ ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ အံတုတဲ့နည်း၊ အစိုးရကို အသိအမှတ်မပြုတဲ့နည်းကို ပိုပြီးအားစိုက်နေရတယ် CDM ကို။ ဘာလို့လဲဆိုတော့ ဖဲကြိုးတပ်ပြီး ဓါတ်ပုံရိုက်တယ်ဆိုတာက ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ အဆင်ပြေတယ်။ ဒီမှာတော့ အဲဒီနည်းသက်သက်နဲ့တော့ ကျနော်တို့ လိုရင်းကို ရောက်ဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ ပြောပြီးပါပြီ ပစ်ပယ်ရမှာ မဟုတ်ပါဘူး။ အဓိကက ကျနော်တို့ အားစိုက်နေရတာက ဝန်ထမ်းတွေ အလုပ်မဆင်းတော့ဘူးဆိုရင် အစိုးရယန္တယား ရပ်သွားမှာပေါ့ ဒါကိုကျနော်တို့က အဓိကထား လုပ်နေတာ။ အဲဒီတော့ သူနဲ့အတူ ဖြစ်ပေါ်လာမဲ့အကျိုးဆက်ဖြစ်တဲ့ ဒီဝန်ထမ်းတွေကို စားဝတ်နေရေး ဘယ်သူတာဝန်ယူမလဲ ဘယ်လိုလုပ်ကြမလဲ ဘယ်လိုဝိုင်းပြီးကူညီကြမလဲဆိုတာလဲ ကြိုးပမ်းနေကြတယ်၊ အဖွဲ့အစည်းတွေ ဖွဲ့နေကြတယ်။ အဲလိုဘဲ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကလည်း လိုတာပါဘဲ။ လွှတ်တော်ကိုယ်စားလှယ်တွေဆီကတော့ Mandate ပေါ့ ပြီးတော့ Legitimacy ပေါ့ တရားဝင်ဖြစ်ဖို့လိုတယ် ကိုယ်စားလွှဲအပ်ထားတယ်ဆိုတဲ့ အားသာချက်တွေလိုတယ်။ နောက် ပြည်သူတွေဘက်ကလဲ သပိတ်မှောက်ရမှာတွေ ရှိတယ်။ စစ်အစိုးရခေါင်းဆောင်တွေရဲ့ စီးပွားရေးတွေ သက်ဆိုးမရှည်နိုင်အောင် ဝိုင်းပြီးတော့ သပိတ်မှောက်ရမဲ့ ကိစ္စတွေရှိတယ်။ သူတို့ထုတ်တဲ့ ကုန်ပစ္စည်းတွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ပိုင်နိုင်နိုင် သပိတ်မှောက်ရမှာတွေ၊ ပြီးတော့ နိုင်ငံတကာကလဲ သူတို့ရဲ့စီးပွားဘက်တွေကို အရေးယူရမှာတွေ၊ အကုန်လုံးကြိုးစားနေရမှာပါဘဲ။ အဲဒီလိုသပိတ်မှောက်တာ မျိုးတွေ ဆန္ဒပြတာတွေဖြစ်ဖြစ် တခြားနည်းလမ်းနဲ့ ကြိုးပမ်းကြတာတွေ အားလုံးဟာ တန်ဘိုးကိုယ်စီရှိကြတယ် ဒါကို ကျနော် အလေးအနက် တန်ဖိုးထားပါတယ်”

လက်ရှိမှာ ပြည်သူလူထုက အချင်းချင်း လက်သုံးချောင်းထောင် သင်္ကေတပြတာမျိုးလို အင်မတန်ထိရောက်တဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေကို ပိုမို အရှိန်မြှင့်လာတာဟာ အင်မတန် အားတက်ဖွယ် ကောင်းလှတယ်လို့လည်း ကိုမင်းကိုနိုင် က ပြောပါတယ်။

“ဒီကနေ့ ရန်ကုန်မှာ ဖြစ်သွားတဲ့ကိစ္စဆိုရင် အင်မတန်မှ အားရစရာကောင်းတယ်ဗျ။ နိုင်ငံရေးကို အင်မတန်မှ ပါးနပ်စွာနဲ့ လွယ်လွယ်ပြောရင် ဗမာစကားနဲ့ပြောရင် မတိကျမှာစိုးတယ် Strike တွေပြောမယ် boycott တွေပြောမယ် demonstration တွေပြောမယ် ပုံစံတွေက မတူဘူး။ ဘယ်ဟာနဲ့ပို နီးစပ်လဲဆိုတော့ Performance ဆန်တယ်ဗျ၊ လူတွေက ညင်ညင်သာသာနဲ့ လှုပ်ရှားတယ်၊ မိမိအလိုရှိတဲ့အရာကို သင်္ကေတတွေနဲ့ ပြကြတယ်။ တယောက်နဲ့တယောက် နှုတ်ဆက်ကြတဲ့နေရာမှာ လက်သုံးချောင်း ထောင်ပြီးတော့ ကားတွေပေါ်ကလူကလဲ လက်သုံးချောင်းထောင် အားပေးတယ်၊ လမ်းပေါ်ကလူတွေကလဲ လက်သုံးချောင်းထောင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ သူတို့ရဲ့သဘောထားတွေကို သိစေတယ်။ တော်တော်လဲ လူငယ်တွေ အားကောင်းတယ်၊ အမျိုးသမီးတွေ တော်တော်များတယ်။ ရမ်းကားတဲ့ ပုံစံမျိုး လူတွေကို အထိတ်တလန့် ဖြစ်လောက်အောင်မျိုး ဘယ်သူမှမလုပ်ဘူး တော်တော် ဆင်ခြင်ကြတယ်။ ဒါတွေက အင်မတန်ကောင်းမွန်တဲ့ လက္ခဏာပေါ့။ ဆက်ပြီးတော့လဲ အားကောင်းဦးမယ်လို့ ယုံကြည်တယ်။ တခုဘဲ ခက်နေတာက ဖုန်းမက်ဆေ့ချ်တွေက ဘယ်သူကပို့လို့ ပို့မှန်းမသိတဲ့အပေါ်မှာ မျက်စေ့မှိတ် မယုံဖို့ရယ် အတည်ပြုပြီးတော့မှ စဉ်းစားဆုံးဖြတ်ဖို့ရယ် ဒါတော်တော်အရေးကြီးပါတယ်”

သူတို့အဖွဲ့အနေနဲ့ ကာလဒေသ အခြေအနေကြည့်ပြီး လူထုနဲ့ ပူးပေါင်းလှုပ်ရှားဖို့ စီစဉ်နေတယ်လို့လည်း ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

No comments