New Artical

အဖိုးမကြွယ်ပေမယ့် မညှိုးငယ်စတမ်း


အဖိုးမကြွယ်ပေမယ့် မညှိုးငယ်စတမ်း

မောင်သာချို

(တစ်)
ကိုရီးယားလူမျိုး မိတ်ဆွေတချို့ ရှိပါသည်။ တချို့မှာ ရန်ကုန်တက္ကသိုလ်သို့ မြန်မာစာ ဘွဲ့လွန်အတွက် ရောက်လာသူ တပည့်များဖြစ်ပါသည်။ တချို့ကမူ ရန်ကုန်တက္ကသိုလ်၌ အခြေခံ ကိုရီးယားဘာသာ သင်ကြားပေးသူ ဆရာများ ဖြစ်ပါသည်။

သူတို့ ရောက်လာကြ ပြန်သွားကြတိုင်း သူတို့စီးသည့်ကားကို အမြဲ သတိထားကြည့်မိပါသည်။ ကိုရီးယားကားတွေချည်းသာ ဖြစ်ပါသည်။ ဘာ့ကြောင့်များ ဂျပန်ကား မစီးကြတာပါလိမ့်။ ဂျပန်ကားဟူသည် ကမ်ဘာသုံးဟု ဆိုရလောက်သည်သာမက လက်ရှိ အခြေအနေ၌ ကိုရီးယားကားထက်တော့ အရည်အသွေးမြင့်သည်ဟု ယေဘုယျ လက်ခံထားကြသည် မဟုတ်လား။ မနေနိုင်လွန်းသဖြင့် ဘာ့ကြောင့် ဂျပန်ကား မစီးသလဲဟု မေးကြည့်မိခဲ့ဖူးပါသည်။ စကားဖြင့် အဖြေမပေးကြပါ။ အဓိပ္ပာယ်အဆုံးအစမရှိ ကောက်ယူ၍ ရနိုင်သော အပြုံးတစ်မျိုးဖြင့်သာ တုံ့ပြန်အဖြေပေးမြဲဖြစ်ပါသည်။ ကိုယ့်မျက်လုံးထဲသို့ သူ့မျက်လုံးကို စိုက်ကြည့်ကာ ရယ်၍သာ နေကြပါသည်။ ဘာမှန်း မသိသည့် စွမ်းအားထက်မြက်သော ခံစားမှုအကြောင်းတရားတို့ နောက်ကွယ်၌ နက်ရှိုင်းစွာ ရှိနေသည့်သဘောဟု ခံစားရပါသည်။ X-Factor ဟု ခေါ်ရလေမလား မသိ။

(နှစ်)
ကိုရီးယားရုပ်ရှင်များကို ကြည့်သည့်အခါ ရုပ်ရှင်၏ သဘာဝ စားခန်း၊ သောက်ခန်း ဆိုသည်များကဖြင့် ပါတတ်စမြဲပဲ ဖြစ်ပါသည်။

ထိုအခါ မလွဲမသွေ တွေ့ကြရမည်မှာ ကင်ချီ (Kimchi) စားသည့် အခန်းများပဲ ဖြစ်ပါသည်။ အချဉ်ထည့်ထားသည့် အသီးအရွက်များကို အားရပါးရ စားပြနေသည်ကို တွေ့ရပါလိမ့်မည်။ ယင်းသည် သာမန်စားစရာတစ်ခု ဆိုသည်ထက် National Food ဟု အမည်တပ်သော အမျိုးသား လက္ခဏာဆောင်သည့် အစားအစာဟု ဆိုပါသည်။ အမြတ်တနိုး တန်ဖိုးထားမှုနှင့်အတူ သုံးဆောင်ကြခြင်းဖြစ်ပါသည်။

ယင်းနှင့် ဆက်စပ်ကာ အရက်သောက်သည့် ဇာတ်ဝင်ခန်းများကိုလည်း တွေ့ရပါလိမ့်မည်။ ဆိုဂျု (Soju) ပဲ ဖြစ်ပါသည်။ အမျိုးသားလက္ခဏာဆောင်သည့် ရိုးရာ အရက်ပဲ ဖြစ်ပါ၏။ ကမ်ဘာကျော် ယမကာတံဆိပ်တပ် ပုလင်းတွေ ဘူးတွေကို တွေ့ရခဲလွန်းလှပါဘိ။ ယောကျ်ား၊ မိန်းမ ဆိုဂျုပဲ ဖြစ်ပါသည်။ Soju Etiquette ခေါ် ဆိုဂျုကျင့်ဝတ်ဆိုသည်ကပင် ရှိနေလိုက်သေး။ ငယ်သူက ကြီးသူကို ငှဲ့ပေးရသည်ဆိုသည်မျိုး။ လက်နှစ်ဖက်ဖြင့် ငှဲ့ပေးကာ လက်နှစ်ဖက်ဖြင့် ခံယူရသည်ဆိုသည်မျိုး။ ထား။ ပြောလိုသည်က သူတို့တွေ သူတို့ ဆိုဂျုကိုသာ ခုံခုံမင်မင် သောက်ကြစမြဲဆိုသည်ကို ပြောလိုရင်း ဖြစ်ပါသည်။

(သုံး)

ဂျပန်ဆိုလျှင်လည်း ထို့အတူပဲ ဖြစ်ပါသည်။ အရက်ကိုမှ သောက်တော့မည်ဟုဆိုလျှင် ဆာကေး (Sake) ပဲ ဖြစ်ပါသည်။

ဆာကေးကို မျိုးစုံသောက်ပါသည်။ ဆာကေး အပူ၊ ဆာကေး အအေး၊ စက္ကူဘူးမျိုးစုံ၊ ပုလင်း မျိုးစုံဖြင့် ထည့်သွင်းထားသည့် ဂျပန်ရိုးရာ အရက်များ။ အမြတ်တနိုးဈေးကြီးပေးကာ သောက်ကြရ၊ လက်ဆောင်ပေးကြရ၊ သယ်ကြယူကြ။ ကမ်ဘာကျော် အမှတ်တံဆိပ်ယမကာ ပုလင်းတွေ သူတို့ စားသောက်ဆိုင်တွေထဲမှာ တွေ့ဖို့ရာ ခက်ခဲလှပါဘိ။

(လေး)

တရုတ်ပြည်သို့ ရောက်စဉ်က တရုတ်စီးကရက်ဘူး မျိုးစုံကြားထဲမှာ ကမ်ဘာသိ စီးကရက်တံဆိပ်တပ်ဘူးကို လိုက်ရှာ၍မရသော စာရေးဆရာတို့ တရုတ်စီးကရက်ကို ခဲခဲ့ကြရဖူးပါပြီ။

ဧရာမ ဆိုင်ကြီးကနားကြီး ဈေးကြီးတွေထဲ၌ ထိပ်သီးဝီစကီ တံဆိပ်တပ်ပုလင်းကို မည်သို့မှ စုံစမ်းမေးမြန်း၍ မရနိုင်သဖြင့် တရုတ်အရက်ကို ဈေးကြီးပေးကာ စာရေးဆရာများ ခွက်လှည့်ခဲ့ကြရဖူးပြီ။

အရည်အသွေးကောင်းခြင်း၊ ညံ့ခြင်းကို ပထမအသာထားကာ ငါတို့ပစ္စည်းဟူသည့် အမျိုးသားမာန (National Pride) အမျိုးသားလိပ်ပြာ (National Spirit) ကို ရင်ထဲ၌ အမြစ်တွယ်အောင် ပြုစုပျိုးထောင်ပေးထားနိုင်သည့် စိတ်က ချီးကျူးချင်စရာ ဖြစ်ပါသည်။ ဒုတိယက ထို ငါတို့ဟာကို ပို၍ပို၍ ကောင်းအောင် ကြံဆောင်နေခဲ့ကြခြင်းပင် ဖြစ်ပါသည်။

သူတို့ မသိမ်ငယ်ကြ။ သူတို့ မညှိုးငယ်ကြ။ သူတို့ သူတို့ဖြစ်နေခြင်းအပေါ် စိတ်ပျက်လက်ပျက် မရှိကြ။ ထိုအခင်းအကျင်းမျိုး ဖြစ်လာအောင် သူတို့ အစိုးရများက သူတို့နိုင်ငံကို ခေတ်တွေ၊ စနစ်တွေ စီမံခန့်ခွဲမှုတွေနှင့် ခင်းကျင်း ပေးထားလိုက်သည်။ နိုင်ငံသားတွေ ကြွကြွကြွကြွနှင့်။

(ငါး)

နိုင်ငံတစ်နိုင်ငံအဖို့ ထိုနိုင်ငံရှိ နိုင်ငံသားတို့ ကိုယ့်ဖြစ်တည်နေခြင်းအပေါ် မာနမထားနိုင်တော့သောအခါ၊ လိပ်ပြာမနိုးနိုင်တော့သောအါ ထိုအရပ်၏ အနာဂတ်က ကြောက်မက်ဖွယ်ပင် ဖြစ်ပါသည်။

ကိုယ့်စကားကို ကိုယ်စိတ်ပျက်၊ ကိုယ့်အသားကို ကိုယ်စိတ်ပျက်၊ ကိုယ့်အစားကို ကိုယ်စိတ်ပျက်၊ ငါတို့က ငါတို့ဖြစ်နေရလေခြင်းဟူ၍ သိမ်ငယ်နေသော နိုင်ငံတို့ ရှိတတ်ပါသည်။ ယင်းသည် ပြင်ပကမ်ဘာက လာရောက်ဖန်တီး ပေးလိုက်သည်ထက် ထိုနိုင်ငံ၏ ခေတ်တွေ၊ စနစ်တွေက ထုတ်လုပ်ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ မိဆိုးဖဆိုးတို့၏ အိမ်က သားသမီးတို့ ညှိုးငယ်သလို အစိုးရဆိုးများ၏ တိုင်းသူပြည်သားတို့သည် ညှိုးငယ်ကြစမြဲပင် ဖြစ်ပါသည်။ မိမိမှန်လျှင် မည်သူ့ကိုမှ ကြောက်စရာမလိုဘူးဟူသည့် မိုးကောင်းကင်အောက်က နိုင်ငံသားနှင့် ဧည့်စာရင်းတိုင်လျှင်လည်း ကြောက်ရ၊ မီးရထားလက်မှတ်ဝယ်လျှင်လည်း ကြောက်ရ၊ ဘဏ်၌ ပင်စင်လစာ ထုတ်လျှင်လည်း ကြောက်ရသည့် စိုးတထိတ်ထိတ် မိုးကောင်းကင် အောက်က နိုင်ငံသားတို့ ကွာခြားနိုင်ပါသည်။

လူသည် ထိုနိုင်ငံသားဖြစ် နေရခြင်း၌ပင် မာနမထားနိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားချင်ဘဲ စိတ်ပျက်နေပြီဆိုလျှင် ကျန်မည်သည့်အရာဝတ္ထုတွေကများ သူ့အတွက် တန်ဖိုးထားဂုဏ်ယူချင်စရာ ဖြစ်နေတော့မှာပါလိမ့်။

သူတစ်ပါးတို့ သူတို့ခြံထွက်ကလေးတွေ သူတို့ တသသဖြစ်နေပုံများမှာ အားကျစရာ ကောင်းလွန်းလှပါဘိ။ ။

(စာရေးဆရာ မောင်သာချိုသည် ကဗျာ၊ ဝတၳုတို၊ ခရီးသွားစာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)
မောင်သာချို
Credit : 7Day

No comments