New Artical

ဘယ်ပြန်...ပြီးတော့ညာပြန်


ဘယ်ပြန်...ပြီးတော့ညာပြန်

 ဇာတ်လမ်းကို ကိုယ်ကပဲစမိသလို ဖြစ်သွား တာပဲလေဟု ကိုယ့် ကိုယ်ကိုယ်သတိပေးရင်း မသင်း ကြည်နူး တော်တော်လေးသည်းခံ နေခဲ့သေးသည်။ သို့သော်လည်း တစ်ဖက်က သည်းခံခြင်းတံတိုင်း ကို ခဏခဏလာတိုက်နေလေ သောအခါ ပြန်လည်တုံ့ပြန်ခြင်း ဖြင့်စကားများစရာ ဖြစ်လာရ သည်။ မရူပါအိအိမွန်း၏ အစ်မ ဖြစ်သူ မရူပါအိအိထွန်းသည် သူ တို့အိမ်ဘက်ကနေ မသင်းကြည် နူးကြားရရုံကလေး လှမ်း၍လှမ်း၍ တို့နေခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ်မကတော့ပေ။ သည် လောက်ဆိုလျှင်တော့ သင်းကြည် နူး၏စိတ်ကိုမလှုပ်အောင် ထိန်း ထား၍မရတော့ဘဲ သူ့ပင်ကိုဗီဇ စိတ်က လူးလွန့်ကြွလာရတော့ပြီ ဖြစ်သည်။

‘‘ကမြင်းတဲ့သူတွေက က မြင်းနေကြတော့ ညီအစ်မလို ကိုယ်ချင်းစာလိုက်မိတာဟေ့။ လင်ကောင်မပေါ်ဘဲ ဗိုက်ထွက် လာရင် အရှက်တကွဲအကျိုးနည်း တွေဖြစ်ပြီး လူမြင်သူမြင်မခံဝံ့မှာ စိုးလို့ပြောလိုက်ရတာပဲ။ ကမြင်း တဲ့လူကလည်း ကုတ်ကမြင်းဖြစ် နေတာကိုး။ သူတို့ကပဲနာရတယ် ရှိသေးတယ်။ ကိုယ့်အထုပ်ကိုယ် ဘာလဲဆိုတာ ကိုယ့်ဟာကိုယ် ဖြေကြည့်လိုက်ဦး’’

သင်းကြည်နူးဘက်က နှစ် ပတ်လောက် ငြိမ်နေရာကနေ ထူး ထူးခြားခြား တုံ့ပြန်လိုက်သံကို ကြားလိုက်ရလို့လားမသိ၊ တစ် ဖက်က အသံပျောက်သွားသည်။ အတော်ကလေး ကြာသည်အထိ ငြိမ်နေသည်မှာ သင်းကြည်နူး၏ အသံက သူ့အသံထက်ပိုမိုကျယ် သွားတာကြောင့်လည်း ပါပေ မည်။ ရူပါအိအိထွန်း၏ အသံက တစ်အိမ်ကြား ဖြစ်သော်လည်း သင်းကြည်နူး၏အသံက သုံး၊ လေးအိမ် ကြားလောက်သည့်အ သံဖြစ်သည်။

သင်းကြည်နူးတို့ သည်ရပ် ကွက်ကလေးသို့ ပြောင်းလာသည် မှာ နှစ်ဝက်ပင်ကောင်းကောင်းမ ပြည့်တတ်သေးပေ။ ရပ်ကွက် လေးက နည်းနည်းဆူသော်လည်း ပြောစရာရှိတာပြောပြီး ပူညံပူညံ ရန်ဖြစ်သံတို့ မကြာမကြာကြား ရတတ်သည်ကလွဲ၍ လူတွေက ပွင့်ပွင့်လင်းလင်း ရှိကြသည်ဟု သူတွေးမိသည်။ ပွင့်လင်းလွန်း ကြသဖြင့် ဘာကိစ္စရှိရှိပွင့်ထွက် သွားကြကာ စကားများကြရ၊ ရန် စောင်မိကြပေတာပဲဟုလည်း သူ မြင်သည်။

ယခုဇာတ်လမ်းတွင်လည်း သူက မနေနိုင်မထိုင်နိုင်ဝင်ပါမိ ရာကနေ စောင်းမြောင်းတာကို ခံ နေရခြင်းဖြစ်သည်။ သူတို့အိမ်နှင့် ကပ်လျက်တိုက်သည် သူတို့အိမ် လိုပင် နှစ်ထပ်ဖြစ်သော်လည်း သူ တို့အိမ်ထက်ပိုမြင့်သည်။ သူတို့ အိမ်၏ရှေ့မျက်နှာစာကို အဖီပုံစံ ချကာ ရေချိုးခန်းပြုလုပ်ထားသ လို တစ်ဖက်တိုက်ကလည်း သူတို့ လိုပင်နံဘေးကိုအဖီချထားပြီး ရေ ချိုးခန်းလုပ်ထားသည်။ ရေချိုးခန်း နှစ်ခန်းကြားတွင် အုတ်နံရံကာ ထားသဖြင့် သီးခြားစီတော့ဖြစ်နေ သည်။ သို့သော် သူတို့ရေချိုးခန်း အဖီပေါ်တွင် လူတစ်ယောက်စာ အိမ်ပူစာလေးတစ်လုံးဆောက် ထားပြီး ထိုအိမ်ပူစာလေးထဲတွင် ရူပါအိအိမွန်းနေခြင်းက ဇာတ် လမ်းဖြစ်လာရခြင်းဖြစ်သည်။

ထိုအိမ်ပူစာလေးထဲတွင် ရူ ပါအိအိမွန်းနေကြောင်းကို သင်း ကြည်နူးသိသည်ကပင် သိပ်မ ကြာလှသေးပေ။ ထိုအိမ်ပူစာ လေး၏ ပြတင်းပေါက်တစ်ပေါက် ကိုလည်း သူတို့အိမ်ဘက်အခြမ်း တွင် ဖောက်ထားခြင်းကလည်း ဇာတ်လမ်းဖြစ်ပေါ်လာဖို့ ပြင်ဆင် ပေးထားသလိုရှိလေသည်။ များ သောအားဖြင့်ကတော့ ထိုပြတင်း ပေါက်ကလေးမှာ ပိတ်ထားတာ ကိုပဲတွေ့ရလေ့ရှိသည်။ ညနေ ပိုင်း (သို့မဟုတ်) ညပိုင်းလောက် မှာသာ တစ်ခါတစ်ရံဖွင့်ထားတတ် သည်။

သင်းကြည်နူး၏အိမ်မျက်နှာ စာမှာ ရေချိုးခန်းအဖီကလေးဖြစ် နေပြီး ထိုအဖီကလေး၏နံဘေး ကွက်လပ်တွင် ဝါးပက်လက်ကု လားထိုင်ကလေးချပြီး နားနားနေ နေ နေစရာလေးရနေသည်။ အ ဝတ်ကိုလည်း ထိုကွက်လပ်မှာပဲ အဝတ်တန်းကြိုးဆွဲထားပြီး လှန်း ရသည်။ ထိုကွက်လပ်ကလေးက အိမ်ပူစာလေး၏ ပြတင်းပေါက် နှင့် မျက်နှာချင်းဆိုင်နေသည်။

သည်ရပ်ကွက်ထဲတွင် သင်း ကြည်နူးနှင့် ရင်းနှီးကျွမ်းဝင်သူဟူ ၍လည်း သိပ်မရှိသေးပေ။ ဈေး သွား၊ အဝတ်လျှော်၊ ကျောင်းပို့၊ ကျောင်းကြို၊ မီးပူတိုက်၊ကျူရှင်ပို့၊ ချက်ပြုတ်နှင့် တစ်နေကုန်တစ် ယောက်တည်း လုပ်နေရတော့ လမ်းပေါ်တွင် ကွပ်ပျစ်ခင်းထိုင်ပြီး စကားကောင်းနေတတ်ကြသည့် ရပ်ကွက်အလေ့နှင့်လည်း သူက ဝင်ဆံ့နိုင်ခြင်းမရှိဘဲ ဖြစ်နေလေ သည်။

လမ်းပေါ်တွင် ကွပ်ပျစ်တွေ၊ ခုံတန်းလျားတွေ၊ ဝါးကုလား ထိုင်တွေအလွန်ပေါသော ထိုရပ် ကွက်ကလေးတွင် မိန်းမအများစု မှာ ယင်းနေရာများတွင် စုဝေးကာ စကားဖလှယ်ကြခြင်းဖြင့် အချိန် ကုန်နေသလားထင်ရသည်။ က လေးတွေကျောင်းသွားခြင်း၊ မ သွားခြင်း၊ ကျူရှင်ရောက်ခြင်း၊ မ ရောက်ခြင်းကိစ္စတွေကို သူတို့ သိပ်ပြီး စိတ်ဝင်စားခြင်းမရှိတာကို လည်းသတိထားမိသည်။ ကျောင်း သွားပြီ၊ ကျူရှင်သွားပြီဟု ထွက် သွားကြလျှင် သူတို့တာဝန်ကျေ ပြီဟု သတ်မှတ်ထားကြပုံရသည်။ သူတို့သည် ဂဏန်းသင်္ချာနှင့်ပတ် သက်သောကိစ္စများကိုသာ အာရုံ ဝင်စားလျက်ရှိနေကြလေသည်။

သည်ရပ်ကွက်ကလေးထဲ သင်းကြည်နူး ရောက်လာတုန်းက တော့ လာရောက်မိတ်ဆက်သူ တွေတော်တော်များလေရာ ရပ် ကွက်သူတွေက တော်တော်ခင် တတ်ကြတာပဲဟု သူတွေးပြီးကျေ နပ်မိသည်။ သူအဝတ်လျှော်နေ ရာ၊ မီးပူတိုက်နေရာ၊ ချက်ပြုတ် ရာနေရာအထိ လာရောက်စကား ပြောသူ နှစ်ယောက်၊သုံးယောက် လောက်ပင်ရှိခဲ့သည်။ သူတို့က ဂဏန်းသင်္ချာအကြောင်း ပြော တော့ သူစိတ်မဝင်စားသဖြင့် စကားစပ်၍မရတော့ဘဲ နောက် ဆုတ်သွားကြလေသည်။ နောက် ပိုင်းတွင် သူ့ဆီစကားလာပြောကြ သူတွေလည်း တစ်ယောက်မျှမရှိ တော့ပေ။

သူတို့ကလည်းသူတို့ကိစ္စနှင့် သူတို့ စကားကောင်းနေကြသလို သူကလည်း သူ့အလုပ်နှင့်သူအ လုပ်နှင့်လက်မပြတ်ဘဲ ဇယ်စက် နေသည်။ မီးလာသည့်ရက်များဆို လျှင် ဇာတ်လမ်းတွဲကြည့်ရင်း မီး ပူတိုက်ရသည်။ တစ်ခါတလေ သူ့ အလုပ်တွေက ည ၁၂နာရီ လောက်အထိ ရောက်သွားတတ် သည်။ မနက်ကျတော့လည်းစော စောထရသည်။ မနက် ၄ နာရီခွဲ လောက်ထပြီး ဆွမ်းချက်ရသည်။ ဆွမ်းတော်ကပ်ပြီး အိမ်ထိုင်ကိုယ် တော်တွေ၊ အိမ်ရပ်ကိုယ်တော် တွေကိုဆွမ်းလောင်းသည်။ သူ့ အိမ်က စောစောနိုးတတ်သော် လည်း ပတ်ဝန်းကျင်အိမ်တွေက တော့ မနက် ၆နာရီလောက်မှတံ ခါးတွေဖွင့်တတ်သည်။ သံဃာ တော်တချို့ပင် ဆွမ်းခံကြွရာက ပြန်လာကြပြီဖြစ်သည်။

သင်းကြည်နူးကတော့ တ ကူးတက အလှူကြီးအတန်းကြီး မပေးနိုင်ချိန်မှာ နိစ္စဓူဝဆွမ်းတော် တင်၊ ဆွမ်းလောင်းတာလေးတွေ ဖြင့် ကုသိုလ်ကိုစုဘူးလုပ်ရသည်။ ကိုယ့်အလုပ်နှင့်ကိုယ်၊ ကိုယ့်ကိစ္စ နှင့်ကိုယ် မအားလပ်ရသည့်ကြား ထဲ မျက်စိရှေ့ရောက်လာသည့် ကိစ္စကို သူမျက်ကွယ်မပြုနိုင်လေ တော့ ညီအစ်မချင်းကိုယ်ချင်းစာ သည့်အနေဖြင့်၊ မိန်းကလေးအ ချင်းချင်း ကိုယ်ချင်းစာသည့်အနေ ဖြင့် ဝင်ပါလိုက်မိခြင်းဖြစ်သည်။ သူဝင်ပါလိုက်သဖြင့် ကိစ္စတွေက လူမြင်ကောင်း သူကြားကောင်းပြီး သွားပြီဖြစ်ပါလျက် တစ်အိမ်ကြား ပွစိပွစိဖြင့် ကလိနေတာကတော့ နှစ်ပတ်ဆိုလွန်လာလေပြီ။

× × ×

မနက်စောစော နိုးလေ့ရှိ သည့်သင်းကြည်နူးသည် အိမ်ရှေ့ မျက်နှာဖြစ်နေသော အဖီတံခါးကို ဖွင့်လိုက်ချိန်တွင် ရိပ်ခနဲပြေးသွား သော လူရိပ်ကိုမြင်လိုက်ရသည်။ ပထမတော့သူခိုးဟု အော်မည်ကြံ သေးသည်။ လူရိပ်သာမြင်လိုက် ရပြီး အထုပ်အပိုးတွေပါသွားတာ မတွေ့ရသဖြင့် မအော်လိုက်မိဘဲ ဖြစ်သွားရသည်။ ထိုစဉ်ကတော့ ဘယ်သူဘယ်ဝါ မကွဲပြားလိုက် သော်လည်း နောက်ပိုင်းမှာတော့ သိလာရသည်။ ပိန်ပိန်ပါးပါး က လန်ကလားနှင့် သူ့ကိုသင်းကြည် နူး ကောင်းကောင်းမှတ်မိသွား သည်။ မျက်နှာချင်းဆိုင်တွေ့ပြီး သည့်နောက်မှာတော့ သူ့ကိုမြင် လျှင် မမြင်သလိုမျက်နှာလွှဲသွား တတ်သည်။

သင်းကြည်နူးမှာ သည်ကိစ္စ ကို ရူပါအိအိမွန်း၏မိဘများကိုအ သိပေးသင့်သည်ဟု တွက်သည်။ အိမ်ပူစာကလေးတွင် တစ် ယောက်တည်းနေ၊ တစ်ယောက် တည်းအိပ်နေသည့် ရူပါအိအိ ထွန်း၏ပြတင်းပေါက်ကနေ ထို ကလန်ကလားကောင်က အုတ်နံ ရံကိုကျော်တက်ပြီး ဝင်သွား သည်။ မနက်စောစောကျတော့မှ ပြန်ဆင်းသွားတာကိုတွေ့သည်။

သင်းကြည်နူးတွင် ရှစ်တန်း တက်နေသော သမီးတစ်ယောက် ရှိသည်။ ရူပါအိအိမွန်းက တက္က သိုလ်တက်နေသော ကျောင်းသူ ဖြစ်သည်။ ယခုဖြစ်ပျက်နေပုံက မိန်းကလေးဘက်က နစ်နာလွန်း နေသည်။ ပြီးတော့ ထိုကလန်က လားကောင်က ဆေးစွဲနေသည်ဟု ကြားရသည်။ မြင်ရကြားရတာနှင့် ပင် သမီးရှင်အတွက်ရင်ပူရသည်။ ကာယကံရှင် မိဘများဆိုလျှင် ဘယ်လောက် ရင်နာရလေမည် နည်း။ ရူပါအိအိမွန်းကို ခေါ်ယူဆုံး မရအောင်ကလည်း စကားပင် ပြောဖူးသည်မဟုတ်။

သူတို့အိမ်နှင့် သူ့အိမ်က လည်း ကျောချင်းကပ်ထားသလို မျိုးဖြစ်နေသည်။

သင်းကြည်နူးအိမ်က သူတို့ အိမ်နှင့်ဘေးချင်းကပ် ကျောခိုင်း ပုံစံဖြစ်နေသည့်အပြင် တောင် ဘက်ကို မျက်နှာလှည့်ထားသည်။ သင်းကြည်နူးတို့ အိမ်ကအရှေ့ ဘက်ကို မျက်နှာမူထားသော် လည်း ရှေ့တည့်တည့်တွင်တိုက် တစ်တိုက်ရှိနေသည်။ အရှေ့ကို ထွက်ပြီးမှ မြောက်ဘက်ကိုပြန် ထွက်ရသည်။ ရူပါအိအိထွန်းတို့ အိမ်ကိုသွားမည်ဆိုလျှင် ရှေ့က ပိတ်နေသောအိမ်ကို ကျော်ပြီးမှ တောင်ဘက်ကိုကွေ့ကာ သုံးအိမ် ကျော်သွားရမည်ဖြစ်သည်။ တ ကူးတက လှည့်ပတ်သွားရမည့် သဘောဖြစ်နေသည်။

သို့ဆိုလျှင် တကူးတကသွား ပြောရင်ကောင်းမလားဟု သူစဉ်း စားသည်။ တစ်ခါမျှမရောက်ဖူး သည့်အိမ်ကို သွားရမှာကျတော့ နည်းနည်းခက်နေသည်။ အိမ်နီး နားချင်းမို့ မိတ်ဆက်ဖို့သွားသည် ဆိုလျှင်လည်း အိမ်ချင်းကတောင် မြောက်တစ်ဖက်စီ လှည့်ထားသ ဖြင့် သီးခြားစီလိုဖြစ်နေသလို ရောက်လာတာကလည်း နှစ်ဝက် လောက်ကြာနေပြီဖြစ်သည်။သွား ပြောရမည့်ကိစ္စကလည်း မိတ်ဖြစ် ဆွေဖြစ်ကိစ္စမျိုးမဟုတ်။ တိုးတိုး တိတ်တိတ်ကိစ္စ၊ လူမသိ သူမသိ ဖြစ်လေ ကောင်းလေဆိုသည့် ကိစ္စ။ ကိုယ့်သားသမီး၏တိတ် တိတ်ပုန်းကိစ္စကို တစ်ပါးသူက သိပြီး လာပြောရသည်ဆိုတာက လည်း လက်ခံနားထောင်ရမည့်သူ အတွက် အခံရခက်ပေမည်။

သင်းကြည်နူးမှာ သည်ကိစ္စ ကို ဘယ်လိုဖြေရှင်းရင်ကောင်းမ လဲဟူသောအတွေးဖြင့် ဝေခွဲရ ခက်ကာ ရက်တွေကြာလာသည်။ မိဘတွေကို တိုက်ရိုက်မပြောဘဲ တစ်ယောက်ယောက်ကိုပြောခိုင်း လိုက်ရင်ကောင်းမလားဟု သူ တွေးသည်။ ပြောင်းလာတာမ ကြာသေးသည့်လူက သွားပြော တာထက် ရပ်ကွက်ထဲအနေကြာ သူကသွားပြောလျှင် ရင်းနှီးပြီး သားတွေမို့ ပိုအဆင်ပြေနိုင်သည်။ သူ့အပြင် နောက်တစ်ယောက် တော့ ပိုသိသွားရတာတော့ရှိပေ မည်။

သို့သော် မတတ်နိုင်၊ သမီး မိန်းကလေးချင်းကိုယ်ချင်းစာကာ အရှက်တကွဲ အကျိုးနည်းရမည့် ကိစ္စကနေတော့ ရှောင်လွှဲနိုင် အောင်အသိပေးသင့်သည်ဟု သူ ဆုံးဖြတ်လိုက်သည်။ ရပ်ကွက်အ ကြောင်းလည်း သိပ်မသိတော့ မလှဦးကိုခေါ်ကာ ပြောပြလိုက် သည်။

‘‘မိုက်လိုက်တဲ့ ကလေးမ နှယ်။ အဲဒီကောင်က ကလေကဝ ကောင်ရယ်။ ဆေးစွဲနေတဲ့ဆေး သမား။ စာရိတ္တကလည်းကောင်း တာမဟုတ်ဘူး။ ကောင်မလေးက တက္ကသိုလ်တက်နေတာ။ ချမ်း သာတာ၊ ဆင်းရဲတာနဲ့ မဆိုင်ဘူး နော် အင်း’’

မလှဦးက ကောင်လေးအ ကြောင်း၊ ကောင်လေး၏မိဘများ အကြောင်း၊ ကောင်မလေးအ ကြောင်း၊ ကောင်မလေးမိဘတွေ အကြောင်းကို သမိုင်းနှင့်ကြောင်း ရှည်နေလေသည်။

‘‘သေချာအောင် ဒီညနဲ့ မနက်ဖြန်မနက် ကျွန်မကိုယ်တိုင် ချောင်းလိုက်ဦးမယ်။ ညီမ မသိလို့ သူတို့ကအာကျယ်တွေရယ်။ မ ဟုတ်လို့ကတော့ ရပ်ကွက်ကွဲ အောင် အော်ပါလိမ့်မယ်။ တရား စွဲတာတွေ ဘာတွေတောင်လုပ် ဦးမှာ လွယ်တာမဟုတ်ဘူး’’

‘‘ကျွန်မကတော့ သားသမီး ချင်း၊ မိဘချင်း ကိုယ်ချင်းစာလို့ ပြောရတာ။ အစ်မပဲကြည့်ပြော လိုက်တော့နော်။ မိန်းကလေး ဘက်က သိပ်ကိုနစ်နာနေတာ မဟုတ်လား။ သူသူကိုယ်ကိုယ် ဒါမျိုးဆိုတာ အသိပေးသင့်တာပဲ လေ’’

‘‘ကျွန်မကတော့ ဒီလိုအိမ်က လေးတစ်လုံးလုပ်ထားပြီး သမီးအ ပျိုလေးကို တစ်ယောက်တည်းနေ ခိုင်းတာ ဘယ်လိုမှနားမလည်ဘူး။ မိဘတွေကိုက ဦးနှောက်မရှိတာ။ သမီးမိန်းကလေး ဂရုစိုက်ရမှာ ပေါ့။ ကောင်လေးက ဆေးသမား ဆိုပေမယ့်ရုပ်ကလေးရှိတာကိုး။ ဆေးသမားဆိုတော့ ဖီးလ်လေး တွေပြောလို့ပါတာ နေမှာပေါ့။ အညုအတာအချွဲတွေနဲ့ ပြီးတော့ ဒီကောင်လေးက ခပ်ရှုပ်ရှုပ်ရယ်’’

သင်းကြည်နူးမှာ မလှဦးကို ခေါ်လိုက်မိတာ မှားပြီထင်တယ် ဟုတွေးမိလာသည်။ မလှဦးက ရပ်ကွက်တစ်ခုလုံးကို မဲ့ကာရွဲ့ ကာ မိတ်ဆက်ပေးနေတော့သည်။ ရူပါအိအိမွန်းတို့ အကြောင်းကို လည်း အိပ်ရာခန်းအထိ တစ်တစ် ခွခွပြောနေလေသည်။ ကျောင်း ကြိုသွားရတော့မည်ဟုပြောကာ စကားကို အတင်းဖြတ်ရသည်။

စကားကိုအတင်းဖြတ်၍ ရ သော်လည်း ဇာတ်လမ်းကတော့ ရှည်သွားသည်။ မလှဦးက ရူပါအိ အိမွန်း၏ အမေနှင့်မခေါ်သဖြင့် ဝင်းသီတာကနေတစ်ဆင့် ပြော ခိုင်းလိုက်သည်။ ဝင်းသီတာက လည်း ငွေအချေးအငှားကိစ္စနှင့် ပတ်သက်ပြီး စကားများထားကြ သဖြင့် ထားထားရီကိုပြောခိုင်း လိုက်သည်။ ထားထားရီကအခုလို ကိစ္စမျိုးဆိုတာက လူကြီးတွေ ပြောတာ ပိုကောင်းတယ်ဟုဆို ကာ ဒေါ်သောင်းစိန်လက်ထဲ လွှဲ လိုက်သည်။ ဒေါ်သောင်းစိန်က လည်း ဒေါ်ချိုချိုအိနှင့်စကားမ ပြောချင်ဘူးဟုဆိုကာ ဝင်းပပ ထွန်းကတစ်ဆင့် သူ့အမေကြည် မေဦးကို ပြောခိုင်းလိုက်သည်။

သင်းကြည်နူး၏ သတင်း စကားက ဒေါ်ချိုချိုအိဆီကို တိုက် ရိုက်ရောက်မလာသေးဘဲ ရပ် ကွက်ထဲ ပျံ့နှံ့သွားတော့သည်။ ဖြစ်ချင်တော့ ထိုပြဿနာတက် သည့်နေ့တွင် ကိုယ်တော်ရော၊ သမီးတော်ရော နှစ်ယောက်စလုံး အိမ်ကလေးထဲတွင် အိပ်ပျော်နေ သဖြင့်ပက်ပင်းမိသွားသည်။ သ တင်းစကားက ဘယ်သူ့ဆီက ဘယ်လို ရောက်သွားသလဲတော့ မသိ။ ဇာတ်လမ်းကို ကြိုတင်သိရှိ ထားပြီးဖြစ်သော်လည်း နောက် ဆက်တွဲကို ကြားလိုမြင်လိုသူတို့ ဖြင့် ဒေါ်ချိုချိုအိ၏ပတ်ဝန်းကျင် တွင် လူတွေကုပ်ချောင်း စွေ စောင်းလုပ်နေကြသည်။ ကွပ်ပျစ် စကားဝိုင်းများကလည်း သည်အ ကြောင်းကိုပဲ ပြောစရာအသစ်ဖြစ် နေကြလေသည်။

ရူပါအိအိမွန်းတို့ မင်္ဂလာ ဆွမ်းကျွေးကို မြန်မြန်စီစဉ်ကာ နေရာချပေးလိုက်ခြင်းဖြင့် ဇာတ် လမ်းက ပြီးမြောက်သွားခဲ့ပြီဖြစ် သည်။ သို့ပါလျက်အစ်မလုပ်သူ ရူပါအိအိထွန်းက မပြီးနိုင်သေးဘဲ တစ်ဖက်အိမ်ကနေ သင်းကြည်နူး ကြားအောင် လှမ်းလှမ်းကလိနေ သည်။ ရူပါအိအိမွန်း၏ယောကျ်ား ဆေးသမားက အလုပ်လည်းမည် မည်ရရမလုပ်၊ မိန်းမနားကပ်ကာ တညုညုလုပ်နေလေရာ ရူပါအိ အိထွန်းကအမြင်ကတ်သည်။ သူ့ ယောကျ်ားကျတော့ မနက်မိုး လင်းသည်နှင့် အိမ်စီးပွားရေးကို ဝင်ရောက် လုပ်ကိုင်ပေးနေရ သည်မှာ မိုးချုပ်သည်အထိဖြစ် သည်။ ထိုအကြောင်းကိုပြောရင်း သင်းကြည်နူးကို လှမ်းလှမ်းကလိ နေခြင်းဖြစ်သည်။

‘‘လက်ကြောမတင်းတဲ့က လေကချေ အိမ်ပေါ်ရောက်လာ တာ အိမ်ကျက်သရေတုံးတယ်။ ဘိန်းစား၊ ဆေးသမားအိမ်ပေါ် ရောက်လာတာ ကိုယ့်အလုပ်မ ဟုတ်ဘဲ ဝင်ရှုပ်တဲ့လူက ဝင်ရှုပ် နဲ့။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ဟာကိုယ် နေကြတာမဟုတ် ဘူး။ သူများကိစ္စဝင်ပါကြနဲ့။ ဘယ်လိုဝါသနာ ဘယ်လိုအကျင့် တွေလဲမသိဘူး’’

ရူပါအိအိမွန်း ကျောင်းသွား လျှင် သူ့ယောကျ်ားကဆိုင်ကယ် ဖြင့်လိုက်ပို့ပြီး ထိုဆိုင်ကယ်ဖြင့် သွားချင်ရာ သွားနေသည်ဟုဆို သည်။ လင်မယားနှစ်ယောက် စလုံးအိမ်မှာမရှိတော့မှ ရူပါအိအိ ထွန်းက သင်းကြည်နူးကြား အောင်ပြောနေခြင်းဖြစ်သည်။

ယနေ့မှာတော့ သင်းကြည် နူး သည်းခံမနေတော့ဘဲ တစ်အိမ် ကြားအသံကို သုံးအိမ်ကြားအသံ ဖြင့်တုံ့ပြန်လိုက်သည်။ ထိုကြား သောသုံးအိမ် ထူးထူးဆန်းဆန်း ထကြည့်ကြသည်။ စကားပင်မ ပြောအားသည့်မိန်းမက ရန်ထ တွေ့နေသည်ဆိုတော့ စိတ်ဝင် စားသွားကြသည်။

‘‘ကျုပ်တို့က သူများကိစ္စဝင် ပါရတာ ဝါသနာမပါဘူးဟေ့။ ယို သူမရှက် မြင်သူရှက်ဖြစ်နေတာ ကြည့်မကောင်းလို့ ပြောရတာ။ နင်တို့အမျိုးတွေက ဒီလိုပဲဆိုရင် တော့ ကျုပ်ဝင်ပါမိတာတောင်း ပန်ပါတယ်တော်။ နင်တို့အမျိုး တွေက ဒီလိုအစားတွေမှန်းမသိလို့ ပါတော့်’’

သုံးအိမ်ကြားကနေ ငါးအိမ် အထိကျယ်သွားတော့ လူတွေက လည်းများသည်။ ဒေါ်ချိုချိုအိ လည်း သိသွားပုံရသည်။ သင်း ကြည်နူးတို့အိမ်ဘက်ကို ဒေါ်ချိုချို အိတို့သားအမိ ကူးလာကြပြီဆို တော့ စိတ်ဝင်စားသူတွေ ပိုများ သွားသည်။ ဒေါ်ချိုချိုအိ၊ ရူပါအိ အိထွန်းကို လက်ဆွဲခေါ်လာပြီး သင်းကြည်နူးရှေ့တွင် ရပ်ခိုင်း လိုက်သည်။

‘‘ပါးကွဲအောင် ဆော်လိုက် စမ်းပါ’’

သင်းကြည်နူးမှာ ဒေါ်ချိုချို အိကိုကြည့်ကာ ဒေါသနည်းနည်း ပြေသွားသည်။ ဒေါ်ချိုချိုအိ ကျေ နပ်အောင် ရူပါအိအိထွန်းပါးကို အားပါးတရ ရိုက်ပစ်လိုက်သည်။ သူ့ကိုယ်သူ ကျေနပ်အောင်လည်း နောက်တစ်ချက် ပိုပြင်းပြင်းရိုက် ပစ်လိုက်သည်။ ဘယ်ပြန်ပြီးတော့ ညာပြန်။ ဇာတ်လမ်းလည်း တစ်စ ခန်းသိမ်းသွားတော့သည်။

By စိုးဘားဒိုင်


No comments