New Artical

ကောင်းမွန်သောစာများ ဖတ်ရှု့ခြင်း

 

ကောင်းမွန်သောစာများ ဖတ်ရှု့ခြင်း 

လူအများ ပြောဆိုလေ့ ရှိသည့် ''အလိမ္မာ စာမှာရှိ'' ဟူသော စကားနှင့် စပ်လျဉ်း၍ ကျွန်တော့် အယူအဆကို တင်ပြ လိုသည်။ လိမ္မာလိုလျှင် စာဖတ်ရမည် ဟူသော ညွှန်းဆို ချက်သည် ယေဘုယျ အားဖြင့် မှန်ကန်သည်ဟု ဆိုနိုင် သော်လည်း ပြည့်စုံသော အဓိပ္ပာယ်ကို မဖော်နိုင်ဟု

ကျွန်တော်သဘောရသည်။
ကျွန်တော်၏ အယူအဆမှာ ''စာ'' တိုင်း အလိမ္မာကို မပေးနိုင်ဟု ထင်သည်။ လိမ္မာနိုင်သော စာများကို ရွေးချယ် စိစစ် ဖတ်ရှုနိုင်မှ သာလျှင် အကျိုး ရှိမည် ဖြစ်သည်။ ထို့ကြောင့် ပညာရှင် တစ်ဦးက '' မိတ်ဆွေ ကိုလည်း ရွေးရာ၏၊ စာအုပ် ကိုလည်း ရွေးရာ၏'' ဟု ဆိုဖူးသည်။

ထိုစကားကို ကျွန်တော် လက်ခံသည်။ စိတ်ကူးယဉ် စာပေများ၊ သဘာဝ ယုတ္တိ မရှိသော စာပေ များနှင့် အချိန်ဖြုန်း နေပါက လိမ္မာနိုင်သော အရည်အသွေး များတိုးတက် လာနိုင်မည် မထင်ပါ။ သံပရာသီးနှင့် ရှောက်သီး တို့တွင် ချဉ်သော ဓာတ်သဘာဝ ရှိ၍ မချိုနိုင် သကဲ့သို့ စိတ်ကူးယဉ် စာပေ၊ သဘာဝ ယုတ္တိ မရှိသော စာပေတို့သည် အသိ အလိမ္မာကို ပေးစွမ်းနိုင် လိမ့်မည် မဟုတ်ပေ။

စာရေး ဆရာကြီး ''လီယိုတော့ စတွိုင်း'' က ''စာပေ တွေက လူ့ဘဝကို အရမ်း လွှမ်းမိုးတယ်။ ဒါကြောင့် စာကောင်း ဖတ်ရရင် စိတ်ကောင်း ရှိမယ်၊ စိတ်ကောင်းရှိရင် လူကောင်း ဖြစ်မယ်၊ လူကောင်းဖြစ်မှ သမိုင်း လှမယ်၊ ကိုယ့်ကိုကိုယ် သမိုင်း လှချင်ရင် စာကောင်း ပေမွန်တွေ ဖတ်ကြပါ'' ဟု ဆိုသည်။

စာကို ရွေးချယ် စိစစ်ရာတွင် မိမိ အသိဉာဏ်ကို ဖွံ့ဖြိုးစေသော၊ အရည်အချင်းကို တောက်ပြောင် စေသော၊ ရှောင်ရန်နှင့် ဆောင်ရန် တို့ကို တိတိပပ ညွှန်ပြသော၊ အသိအတတ် ပညာကို ပေးသော၊ အတွေးအခေါ် အယူအဆ ရင့်ကျက် မှန်ကန်စေသော စာပေများကို ရွေးချယ် သင့်ပါ၏။

တစ်ခါတစ်ရံ အပျင်း ပြေလို၍ ဖတ်သော စာပေများ ပင်လျှင် ဘဝအသိကို ပေးသော စာမျိုး ဖြစ်သင့်၏။ မိမိ ရွေးချယ် ဖတ်ရှုသော စာအုပ် စာစောင်၊ မဂ္ဂဇင်းများ ထဲမှ မှတ်သား သင့်သည့် အကြောင်းအရာ များကို ဘာသာရပ် အလိုက် အုပ်စုခွဲ၍ မှတ်စု ထုတ်ထား သင့်၏။ လိုအပ်လျှင် နှုတ်တိုက်ရအောင် ကျက်ထား သင့်သည်။

စာရေး ဆရာကြီးများ စာပေ ဟောပြော ရာတွင် ဖတ်ဖွယ်၊ မှတ်ဖွယ် စာပေများကို ရွတ်ဆို၍ ဟောပြော ကြသည်ကို တွေ့ဖူး၏။ ယင်းတို့သည်လည်း ကောင်းနိုးရာရာ စာပေများကို လေ့လာ ကျက်မှတ်ရသည် ချည်းဖြစ်ပါ၏။

မိမိရွေးချယ် ဖတ်ရှုသော စာများထဲမှ မှတ်စု ထုတ်ထားသော စာစုများ အကြောင်းကို ဝါသနာ တူသူ စာပေ မိတ်ဆွေ ရောင်းရင်းများနှင့် အခါအခွင့် သင့်တိုင်း ဆွေးနွေး သင့်၏။ စာရေး ဆရာကြီး ''ဖရန်စစ်ဘေကွန်'' က '' စာဖတ်ခြင်းသည် ပြည့်ဝစေ၏။ ဆွေးနွေးခြင်းသည် အသင့် ဖြစ်စေ ၏။ ရေး သားခြင်းသည် တိကျစေ၏။'' ဟု ဆိုသည်။

''ဖတ်ပါ၊ မှတ်ပါ၊ ဆွေးနွေးပါ၊ ရေးပါ'' ဟူသော အလုပ် လမ်းညွှန် လေးချက်သည် စာမှာ ရှိသော အသိ အလိမ္မာကို ရယူရန် အကောင်းဆုံး နည်းလမ်း များ ဖြစ်သည်။ အရည်အချင်း နည်းပြီး အရေအတွက်သာ များသည့် စာပေများကို ဖတ်နေပါက စာဖတ်သူ အဖို့ အချိန် ကုန်သာ ရှိမည် အကျိုး ကျေးဇူး က ဖြစ်မလာပေ။

အရည်အချင်း ရှိသော စာများကို ဖတ်မှ သာလျှင် အရည်အသွေး ဖြစ်လာနိုင်မည်။ ဥပမာ ဘက်ထရီကို အားသွင်းမှသာ ကောင်းစွာ အသုံးပြုနိုင် သကဲ့သို့ စိတ်ကို အားသွင်းသော၊ စိတ်ကို တိုးတက် ဖွံ့ဖြိုးစေသော စာပေများကို ဖတ်နိုင် မှတ်နိုင်မှသာ အကျိုး ဖြစ်ပေလိမ့်မည်။

စာဖတ်တတ်၊ စာစုတတ်မှသာ လိမ္မာနိုင်သော အရည်အချင်းများ စုဆောင်း ရရှိနိုင်မည် ဖြစ်သည်။ ''ငါကတော့ ဖြစ်မှာ မဟုတ်ဘူး၊ တိုးတက်မှာ မဟုတ်ဘူး၊ ငါက သူများနဲ့ မတူဘူး၊ မှတ်ဉာဏ် မကောင်းဘူး၊ အခြေခံ ပညာလည်း နည်းတယ်'' စသည်ဖြင့် မဖြစ်နိုင်သည် ကိုသာ တွေးပြီး မလုပ်ဘဲ နေလျှင် ဘာမျှဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း မရှိတာထက် မသိတာကခက်သည်။ မသိတာထက် မလုပ်တာ ပို၍ ခက်သည်'' ဟု ဆိုထားခြင်း ဖြစ်၏။

သဘာဝ လောကကြီးသည် ပင်လျှင် သူ့သဘော သူဆောင်၍ တင့်တင့်တယ်တယ် ဖြစ်နိုင် သေးလျှင် အသိဉာဏ် ရှိသော လူသားများ အနေဖြင့် လုပ်ဆောင်မည် ဆိုလျှင် မဖြစ်နိုင်စရာ အကြောင်း မရှိပေ။ တကယ် လုပ်လျှင် အဟုတ်ဖြစ်နိုင် သည်ကို လောကနီတိ ပျို့တွင် နေမျိုးမင်း ထင်ကျော်ခေါင် က ''တောဝယ် တောင်ကြား၊ ဆူးအများကို၊ အသွားထက်စေ၊ ဘယ်မိတ်ဆွေတို့၊ ချွန်ပေ လက်သည်၊ ရွှေရည်အသွင်၊ သမင်မျက်စိ၊ လှဘိသည်မူ၊ ဘယ်သူ စောင့်ကြပ်၊ မျက်စဉ်းခတ်၍၊ လှလတ်သနည်း၊ နွ့ထဲရောက်တင်၊ ကြာပွင့်ကိုမူ၊ ဘယ်သူအနံ့၊ ထည့်အံ့သနည်း၊ ပြင်လည်းမရှား၊ မျိုးကောင်းသား ကို၊ တစ်ပါးသူငါ၊ ကောင်းစွာမပြု၊ လူမှုသိဆွေ၊ ကောင်းပါပေတည့်၊ မှတ်လေ လူဗိုလ်ခပင်းတည်း ”ဟူ၍ ညွှန်ပြ ထားပါ၏။

သဘာဝ အလျောက် ပေါက်သည့် သစ်ပင်များနှင့် လူထက် အသိဉာဏ် နည်းသော တိရစ္ဆာန် များပင် သူ့ဘဝသူ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်သေးလျှင် အသိဉာဏ် မြင့်မားသော လူသား အနေဖြင့် လိုအပ်သော အသိ အလိမ္မာများ ပြည့်စုံရန် ဖြည့်ဆည်းရာတွင် အခက်အခဲ မရှိနိုင်ဟု ထင်ပါသည်။

''အသိအလိမ္မာ၊ ဉာဏ်ပညာ'' ဟူသော စကားအတိုင်း အသိရှိမှ လိမ္မာ နိုင်သည်။ အသိရှိရန် ဉာဏ်ရှိဖို့ လိုသည်။ ဉာဏ်ရှိရန် ပညာ ဗဟုသုတ ရှိရမည်။ ပညာ ဗဟုသုတ ရှိရန် အရည် အသွေး ရှိသော စာကောင်း ပေမွန်များကို လေ့လာ ဆည်းပူးရန် လိုသည်။

''ဗဟု'' များစွာသော ''သုတ'' အကြားအမြင်ဟု အဓိပ္ပာယ် ရရှိသဖြင့် ''ဗဟုသုတ'' ဟူသည် များစွာသော အကြားအမြင် ရှိခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ဗဟုသုတ ရှိရန် စာပေ အတွေ့ အကြုံများ၊ လူ့ဘဝ အတွေ့အကြုံ များကို လက်တွေ့ လေ့လာ ဆည်းပူးနိုင်ရန် လိုပေ သည်။

ယင်းအတွေ့ အကြုံများကို ရလိုသော ဆန္ဒရှိရုံဖြင့် ပြည့်စုံလာမည် မဟုတ်ပေ။ အပေါ်ယံ စိတ်ဝင်စား ရုံနှင့်လည်း ဗဟုသုတ ကြွယ်ဝမ လာနိုင်ပေ။ ဗဟုသုတ ရှိရန် စာပေနှင့် ပတ်ဝန်း ကျင်မှ အတွေ့ အကြုံများကို အချိန်ယူ၍ ရှာဖွေတတ်ရ ပေမည်။ ထဲထဲဝင်ဝင် လေ့လာဖို့ လိုသည်။ စိတ်စေရာ ခဏတာ လုပ်၍ အလုပ်မဖြစ် တစိုက်မတ်မတ် ကြိုးစား လုပ်မှသာ လိုရာဆန္ဒ ပြည့်ဝ ပေလိမ့်မည်။ မည်သည့် အလုပ်ကို လုပ်လုပ် စနစ်တကျ လေ့လာ မှတ်သား ကြသူများ သာလျှင် ဗဟုသုတ အစစ်အမှန်ကို ရရှိကြပေမည်။ စာတတ်ရုံ မျှနှင့် ဗဟုသုတ မပြည့်စုံနိုင်။ အင်္ဂလိပ် စကားတစ်ခု ရှိသည်။ ''Knowledge in youth is wisdom in age'' ဟူ၍ ဖြစ်၏။ အဓိပ္ပါယ်မှာ ''ငယ်ရွယ်စဉ်က ဗဟုသုတသည် ကြီးသောအခါ ပညာ ဖြစ်၏''ဟု ဆိုသည်။ မှန်ကန် ပြည့်စုံသော ဗဟုသုတ ရှိမှသာ ပညာရှိ ဖြစ်နိုင်သည်။

အရေးကြီး သည်မှာ ပတ်ဝန်းကျင် လက်တွေ့ အခြေအနေနှင့် မိမိ တတ်ကျွမ်း နားလည် ထားသော စာပေ ဗဟုသုတကို ဆက်စပ် မပေးနိုင်လျှင် သို့မ ဟုတ် ဆက်စပ် အသုံးမချ တတ်လျှင် တတ်ထားသော ''စာ''သည် ဗဟုသုတများ မှောင်ကျနေခြင်း၊ တံခါးပိတ်ခံ နေရခြင်း နှင့်သာ တူပေမည်။

ထို့အပြင် ''A little knowledge is a dangerous thing ” တတ်ယောင်ကား ဗဟုသုတသည် အန္တရာယ်များ တတ်သည်ဟု ဆိုရိုး စကားရှိရာ ပြည့်စုံ မှန် ကန်သော ဗဟုသုတကို ရှာမှီး နိုင်မှသာ မိမိအတွက် အမှန် တကယ် အကျိုးဖြစ် ထွန်းနိုင်မည် ဖြစ်ပါ၏။ ။

တက္ကသိုလ် သင်္ခ

No comments