New Artical

ဣစ္ဆာသယစိတ်

 


စူးစိုက်သောစိတ်သည် လွန်စွာခက်ခဲ၏။

အထူးသဖြင့် ညဥ့်အခါအိပ်ရာဝင်၍ အိပ်ပျော်သည့်တိုင်အောင် တစ်စုံတစ်ရာကို စူးစိုက်ဖို့အရေးသည် လွယ်သောအလုပ်မဟုတ်ပေ။

ထိုကဲ့သို့ မလွယ်ကူခြင်းကို ထောက်သော် ညဥ့်အိပ်ရာဝင်၌ စူးစိုက်စွာနှင့် အလိုရှိသော အရာတစ်ခုခုကို လိုလိုချင်ချင် တောင့်တခြင်းသည် လူတို့၌ ဣစ္ဆာသယစိတ်ပင် ဖြစ်ကြောင်းကို သိနိုင်လေသည်။

အလွန်တရာ တန်ခိုးကြီးသော အွင်းစိတ်မိုက်ကြီးသည် အိပ်မက်ရာ၌ နှိုး၍နေ၏။  ထိုအိမ်မက်ကို သတိရသော စိတ်သည် အသိဥာဏ်ရှိ၍ တန်ခိုးမကြီးသော အပြင်စိတ်ပင်ဖြစ်လေသည်။

အိပ်မက်ကို မှတ်မိခြင်းသည် အပြင်စိတ် လုံးလုံးကြီး မမေ့မလျော့ မအိပ်စက်ခြင်း၏ အမှတ်ဖြစ်လေသည်။

သို့မအိပ်ခြင်းကြောင့် နှိုး၍နေသော အတွင်းစိတ်အားအလုပ်ကို ပေးနိုင်လေသည်။

ထိုအလုပ်သည်ကား အိပ်ရာဝင်စ၌ စူးစိုက်စွာတွေးကြံသောအကြံပင်ဖြစ်လေသည်။  ထိုအခါအတွင်းစိတ်သည် အကြံကိုခံယူကာ အိမ်မက်၌  ဖော်ပြလေသည်။

ထိုကဲ့သို့ အိပ်မက်၌ ဖော်ပြခြင်းသည် ထိုအကြံကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါမည်ဟု တန်ခိုးကြီးသော အတွင်းစိတ်က ဝန်ခံခြင်းပင်ဖြစ်လေသည်။

သို့ဖြစ်သောကြောင့် တစ်စုံတစ်ရာလိုလားတောင့်တလျက် စူးစိုက်စွာ စိတ်ကူး၍ တောင့်တသော အခြေအနေကို အိပ်မက် မက်၍ မှတ်မိသောအခါ တစ်နေ့သ၌ တောင့်တသော အကြံသည် အောင်မြင်မည်ဟု ဆိုလိုရင်းဖြစ်သည်။

ဤနည်းဖြင့် ပညာကိုလည်းကောင်း၊ ဥစ္စာကိုလည်းကောင်း ကျန်းမာခြင်းကိုလည်းကောင်း၊ အောင်မြင်ခြင်းကိုလည်းကောင်း အဘယ်ရာမဆို ဖြစ်မြောက်နိုင်လေသည်။

ဥပမာဆိုသော် ပရိတ်သတ်အလယ်၌ စကားကို ကေင်းစွာမပြောနိုင်သူများသည် ပြောလိုသော စကားများကို စာနှင့်ရေးပြီးလျှင် ညဥ့် အိပ်ရာဝင်ခါနီး၌ ထိုစာများကို မှတ်မိနိုင်သမျှ မှတ်မိအောင်အကြိမ်ကြိမ် ဖတ်ပြီးသည့်နောက် ထိုစာများကို အိပ်ရာဝင်သောအခါ တစ်ကိုယ်တည်းစိတ်မှာ ပြောလျက်အိပ်ပျော်ရမည်။

ပရိတ်သတ်ထဲ၌ ကြောက်စိတ်မေ့မေ့လျော့လျော့ ဖြစ်နိုင်သော်လည်း အိပ်ရာထဲ၌ တစ်ကိုယ်တည်းစိတ်ကူးသည့်အခါ ထိုကဲ့သို့ဖြစ်မည်မဟုတ်။

ထိုစိတ်နှင့် အိပ်ပျော်သွားသည့်အခါ ထိုအိပ်မက်ထဲ၌ ပြော၍နေသည်ဟုမက်လျှင် ပရိတ်သတ်အလယ်၌ ပြောဖို့ရန် လွယ်ကူသွားလိမ့်မည်။

သို့သော်လည်း အိပ်ရာဝင်၌ စူးစိုက်ရန်စိတ်သည် လွယ်ကူသော စိတ်မဟုတ်ပေ။  မလွယ်ကူသော်လည်းကြိုးစားက ဖြစ်နိုင်လေသည်။

တစ်ကြိမ်တည်း စူးစိုက်ရုံမျှနှင့်လည်း ကိစ္စမပြီးသေးပေ။  အကြိမ်ကြိမ် ကြိုးစားရလေသည်။

ပီမိုးနင်း

 

No comments