New Artical

မြန်မာ့ခေတ်စမ်း စာပေကိုဦးဆောင်ခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့်ကဗျာဆရာကြီး ဆရာဇော်ဂျီ


 

ယနေ့မှာတော့ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခတစ်ဦးဖြစ်သည့် အပြင် မြန်မာ့ခေတ်စမ်း စာပေကိုဦးဆောင်ခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့်ကဗျာဆရာကြီး ဆရာဇော်ဂျီ အကြောင်းပဲဖြစ်ပါတယ်🇲🇲🇲🇲🇲🇲🇲🇲
ဆရာကြီးသည် ဧရာဝတီတိုင်း ဖျာပုံမြို့ဇာတိဖြစ်ပြီး အဖဥိီးယော အမိဒေါ်စိန်ညွန့်တို့မှ၁၉ဝရခုဧပြီလ၁၂ရက်သောကြာနေ့တွင်မွေးဖွားသည်။အမည်ရင်းမှာဦးသိန်းဟန်ဖြစ်ပြီးမွေးချင်း၉ယောက်အနက် အကြီးဆုံးဖြစ်သည်။
ငယ်စဉ်ကဖျာပုံမြို့ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။အိမ်တွင်လူကြီးများစုဝေးကာစာအကြောင်းပေအကြောင်းပြောကြသောကြောင့်ငယ်စဉ်ကလေးဘဝကပင် မြန်မာမှု မြန်မာစာပေတို့နှင့်အကျွမ်းတဝင်ရင်းနှီးခဲ့သည်။
ထို့နောက်ဖျာပုံမြို့ရှိ အင်္ဂလိပ်မြန်မာအစိုးရအထက်တန်းကျောင်းတွင် သတ္တမတန်းအထိပညာသင်ကြားခဲ့သည်။သတ္တမတန်းအရောက်တွင် ၁၉၂ဝပြည့်နှစ်ကျောင်းသားသပိတ်တွင်ပါဝင်ခဲ့သည်။အမျိုးသားကျောင်းများမြန်မာပြည်အနှံ့ပေါ်ပေါက်လာသောအခါ ဖျာပုံမြို့အမျိုးသားကျောင်းသို့ပြောင်းရွှေ့ပညာဆည်းပူးခဲ့သည်။ထိုမှတစ်ဖန်ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်းသို့ပြောင်း၍ ၁၁ဆင့်အောင်သည်အထိပညာဆည်းပူးခဲ့သည်။
၁၉၂၄တွင် ရန်ကုန်မြို့မအမျိုးသားအထက်တန်းကျောင်းတွင်ပညာသင်ကြားခဲ့သည်။မြို့မကျောင်းသားဘဝတွင် ကဗျာများစတင်ရေးသားခဲ့သည်။၁၉၂၄တွင် ဆာဂျေအေမောင်ကြီး၏သစ္စာဝါဒီသတင်းစာကကြီးမှူးပြီး ကဗျာဘာသာပြန်ပြိုင်ပွဲကျင်းပခဲ့သည်။မြန်မာဘာသာသို့ပြန်ဆိုရမည့်ကဗျာမှာအင်္ဂလိပ်ကဗျာဆရာHenry Wotten၏The Character of a Happy Lifeအမည်ရှိကဗျာဖြစ်သည်။ဆရာဇော်ဂျီဝင်ရောက်ယှဉ်ပြိုင်ရာ ပထမဆုရသဖြင့် ရွှေဒင်္ဂါး၅ပြားဆုချခဲ့သည်။၁၉၂၅တွင်ရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါရှေးဟောင်းမြန်မာ့စာပေကိုစနစ်တကျလေ့လာခွင့်ရသကဲ့သို့တစ်ဖက်တွင်လည်း ကမ္ဘာ့စာပေများကိုကျယ်ကျယ်ပြန့်ပြန့်လိုက်စားနိုင်ခဲ့သည်။အင်္ဂလိပ်ကဗျာများကိုဖတ်ပြီး ကဗျာသစ်ကိုစမ်းသပ်ရေးဖွဲ့ချင်စိတ်ပေါက်လာသည်။၁၉၂၈တွင် သူ၏နာမည်ကျော်ပိတောက်ပန်းကဗျာကိုရေးဖွဲ့ခဲ့သည်။
တက္ကသိုလ်ကျောင်းသားဘဝတွင်သူကဲ့သို့ဝါသနာတူသူငယ်ချင်းမင်းသုဝဏ်နှင့်တွဲမိသွားသည်။သူတို့နှစ်ဦးသည် ရှေးဟောင်းကဗျာများမှတွေးပုံတွေးနည်း ရေးပုံရေးနည်းများကိုလမ်းသစ်ခွဲထွက်ကြသည်။မိမိခံစားရသောအမြင်ကိုသာအလှပဆုံး အထိမိဆုံးရေးဖွဲ့ကြသည်။ထိုကဗျာများကို တက္ကသိုလ်မဂ္ဂဇင်း ဂန္တလောကမဂ္ဂဇင်း ကြီးပွါးရေးမဂ္ဂဇင်းများတွင်ရေးသားကြသည်။၁၉၃၄တွင်ဆရာကြီးဦးဖေမောင်တင်ကဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တက္ကသိုလ်ပုရဝုဏ်အတွင်းရေးသားကြသောကဗျာများကို စုစည်းထုတ်ဝေရာမှခေတ်စမ်းကဗျာဟု အမည်တွင်လာသည်။ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင်ဆရာကြီးဦးဖေမောင်တင်၊ဆရာပွါး၊ပါမောက္ခလုစ်၊ပါမောက္ခဂုဒ်တို့ထံမှအင်္ဂလိပ်စာပေမြန်မာစာပေတို့ကိုလေ့လာဆည်းပူးခွင့်ရခဲ့သည်။၎င်းအပြင်ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချိုတို့ထံမှပြင်စာပေများကိုကြားနာခွင့်ရသည်။မိမိထက်အတန်းကြီးသောသိပ္ပံမောင်ဝထံမှ အက်ဆေးသဘောတရားများဗဟုသုတများရရှိခဲ့ပြီးမိမိထက်ငယ်သောဆရာမင်းသုဝဏ်နှင့်လည်းကဗျာရေးဖော်ရေးဖက်ဖြစ်လာသည်။
၁၉၂၉-၃ဝပဟာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဘွဲ့ရခဲ့သည်။ထို့နောက်မိမိပညာဆည်းပူးခဲ့ရာရန်ကုန်မြို့မြို့မအထက်တန်းကျောင်းတွင်အထက်တန်းပြဆရာအဖြစ်၁၉၃၁မှ၁၉၃၄အထိတာဝန်ထမ်းဆောင်ရင်းဖျာပုံမြို့၌၁၉၃၁ဇန်နဝါရီလမှစ၍ထုတ်ဝေခဲ့သောမြန်မာ့အာဇာနည်ဂျာနယ်တွင်အယ်ဒီတာအဖွဲ့ဝင်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။သို့သော်လည်းဂျာနယ်ထုတ်ဝေမှုရစောင်သာထုတ်ဝေနိုင်ခဲ့ပြီး ဖြန့်ချီမှုအခက်အခဲကြောင့်ရပ်ဆိုင်းခဲ့ရသည်။ဝိုင်အမ်ဘီအေအသင်းကြီးကကြီးမှူးကျင်းပသောဟောပြောပွဲတွင်လည်း အင်္ဂလိပ်ဘာသာဖြင့်စာပေဝေဖန်ရေးစာတမ်းတစ်စောင်ဖတ်ကြားတင်သွင်းခဲ့သည်။စာဆိုဝန်ကြီးပဒေသရါဇာနှင့်စိန္တကျော်သူဦးသြတို့အကြောင်းကိုEighteenth Century Poets in Burmaဟူသောအမည်ဖြင့်၁၉၃၂ခုသြဂုတ်လ၂၈ရက်တွင် တင်သွင်းခဲ့သည်။ထိုစာတမ်းကိုရန်ကုန်တိုင်မ်းအင်္ဂလိပ်ဘာသာသတင်းစာတွင်ဖော်ပြခဲ့သည်။ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာပါမောက္ခရုခ်ကသဘောကျသဖြင့်ဆရာဇော်ဂျီကိုခေါ်ယူကာမဟာဝိဇ္ဇာတန်းတက်ရန်တိုက်တွန်းသဖြင့်၁၉၃၄တွင်မြို့မမှကျောင်းမှထွက်၍မဟာဝိဇ္ဇာတန်းတွင်အင်္ဂလိပ်စာပေနှင့်မြန်မာစာပေ၂ဘာသာ(Double Literature)ယူကာ၁၉၃၆တွင်မဟာဝိဇ္ဇာဘွဲ့ရခဲ့သည်။
၁၉၃၈အထိမန္တလေးဥပစာကောလိပ်တွင် မြန်မာစာနည်းပြအဖြစ်ဆောင်ရွက်သည်။၁၉၃၆-၄ဝပြည့်နှစ်များတွင်အင်္ဂလန်နိုင်ငံ ဒဗ်ဗလင်တက္ကသိုလ်တွင်စာကြည့်တိုက်ပညာသင်ကြား၍ ဒိီပလိုမာဘွဲ့ရရှိခဲ့သည်။၁၉၄၁တွင်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူးတာဝန်ထမ်းဆောင်သည်။ရန်ကုန်မြို့မကျောင်းမှအထက်တန်းပြဆရာမဒေါ်စောရင် (ဘီအေ -ဘီအီးဒီ)ကြီးကြီးစော(စာရေးဆရာမ)နှင့်လက်ထက်ခဲ့သည်။
၁၉၄၂ဒုတိယကမ္ဘာစစ်အတွင်းမြန်မာအစိုးရ၏ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးဝန်(စာပေနှင့်စာကြည့်တိုက်ဌာန)တာဝန်ထမ်းဆောင်ပြီး၁၉၄၆တွင်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူးတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၇-၄၈ခုနှစ်များ၌တိုင်းပြုပြည်ပြုလွှတ်တော်ရုံးနှင့်ရွေးကောက်ပွဲကော်မရှင်ရုံး အထူးအရာရှိနှင့်အခြေခံဥပဒေ အချောကိုင်ကော်မတီအဖွဲ့ဝင် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၁၉၄၈တွင် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိခဲ့သည်။
၁၉၆၁တွင်ဂုဏ်ထူးဆောင်မြန်မာစာပါမောက္ခအဖြစ်နှင့်သီရိပျံချီဘွဲ့ရရှိခဲ့သည်။
၁၉၆၅-၇၅ခုနှစ်များတွင်ပညာရပ်ဝေါဟာရကော်မတီဥက္ကဋ္ဌနှင့်အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။၁၉၆ရတွင်တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးအဖြစ်မှအငြိမ်းစားယူပြီး ပညာရေးအထူးအရာရှိ(၁)၊မြန်မာနိုင်ငံသုတေသနအသင်းဥက္ကဌတာဝန်များကို
ထမ်းရွက်ခဲ့ပြီး၁၉၇၆တွင် နိုင်ငံသမိုင်းသုတေသနဦးစီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ်ပါ တာဝန်ယူခဲ့သည်။
ဆရာဇော်ဂျီသည်သခင်ကိုယ်တော်မှိုင်းဋီကာစာအုပ်ဖြင့်၁၉၅၅ခုနှစ်အတွက် စာပေဗိမာန်စာပဒေသာဆု၊နင်လားဟဲ့ချစ်ဒုက္ခနှင့်အခြားဝတ္ထုတိုများစာအုပ်ဖြင့်၁၉၇၉ခုနှစ်အတွက်အမျိုးသားစာပေဆု(ဘာသာပြန်စာပေ)၊ရှေးခေတ်ပုဂံကဗျာများနှင့်အခြားကဗျာများစာအုပ်ဖြင့်၁၉၈ရခုနှစ်အတွက်အမျိုးသားစာပေဆု(ကဗျာဆု)တို့ကို ရရှိခဲ့သည်။
ဆရာတက်တိုးကဆရာဇော်ဂျီကို ဒဿနစါဆို(Philosopher poet)ဟူ၍လည်းကောင်း၊ဆရာမင်းသုဝဏ်ကိုသုတေသီစာဆို(Scholar poet)ဟူ၍လည်းကောင်း ဆိုမိန့်ဖူးသည်။
ဇော်ဂျီဟူသောကလောင်အမည်ကို၁၉၂၈ခုနှစ်ပိတောက်ပန်းကဗျာရေးသားစဉ်ကစတင်အသုံးပြုခဲ့ပြီး ထိုကလောင်အမည်ယူရခြင်းမှာ အခြားထူးခြားသောအကြောင်းတရားမရှိဘဲဇော်ဂျီရုပ်ကလေးများအားသဘောကျသဖြင့်'ဇော်ဂျီ'ဟုသုံးစွဲခဲ့သည်။
ဆရာကြီးသည်စာပေအယူအဆနှင့်ပက်သက်၍
"ဆရာကတော့ ကျောင်းဆရာဘဝကိုနှစ်သက်တယ်။စာရေးနေပေမယ့် စာရေးဆရာကြီးလို့ခေါ်လိုက်ရင် ကျောစိမ့်စိမ့်သွားတယ်။စာရေးဆရာ မဖြစ်သေးပါဘူး။ ကိုယ်ရေးတာတွေပဲ အကုန်လုံးနှစ်သက်တာပေါ့။သဘောကျတာပေါ့။ကိုယ့်စာကိုယ်သဘောမကျဘယ်ရှိမလဲ။အနှစ်သက်ဆုံးအကျေနပ်ဆုံးကတော့'ဗေဒါလမ်းကဗျာစု'ပဲပေါ့။အသက်ကြီးမှရေးတော့ကိုယ့်အမြင်လို့သတ်သတ်မှတ်မှတ်ရှိလာပြီ။ဒီအပြင်ကရေးတဲ့ကဗျာတွေမှာလည်း အမြင်ရှိပေမယ့်ဝိုးတဝါးပဲ။'ပဲ့နင်း'လို ဟိုလိုလို ဒီလိုလိုဖြစ်နေသေးတာပေါ့လေ။ကြိီးမှရေးတာက နှလုံးကျနေပြီ။တည်ငြိမ်မှုရှိလာပြီပေါ့။'ကာရန်မဲ့ကဗျာ'နဲ့ပက်သက်လို့တော့ ရေးတတ်ရင်ကောင်းပါတယ် ကြိုက်ပါတယ်။မရေးတတ်ဘဲရေးနေတော့ ကာရန်မဲ့ကဗျာမဖြစ်တော့ဘူးပေါ့။ဆရာကတော့ကာရန်မဲ့ကဗျာဆိုတဲ့အခေါ်ကိုမကြိုက်ဘူး။ကာရန်မဲ့တဲ့နောက် ကဗျာဘယ်ဖြစ်တော့မ လဲ။'နောင်ကြိုးမဲ့ကဗျာ' ဆိုရင် ပိုပြီးထိမိမယ်။ကာရန်မဲ့ကဗျာကိုရေးတဲ့အခါ နိမိတ်ပုံလေးတစ်ခုကိုအထူးပြုပြီး တိုတိုလေးရေး၊တိုတိုလေးနဲ့ထိမိအောင်ရေး ရေးတတ်ရင်လက်ခံမယ်။ကဗျာတစ်ပုဒ်ကောင်းရင် ချက်ချင်းအလွတ်ရတယ်။ဒီတေါ့ ထိမိအောင်ရေးပါ
လက်ခံပါတယ်။
ဆရာ့စာပေအယူအဆ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ဖော်ထုတ်ချင်တယ်။ဆင်းရဲသားတွေဘက်ကရပ်တည်ချင်တယ်။ဘဝဆန်သူကိုချီးကျူးချင်တယ်။ဘယ်သူကမှစံမတင်တာကိုစံတင်ချင်တယ်။ဒါ့ကြောင့်လည်း ဗေဒါလမ်းကဗျာတွေကို တအုံတမကြီးရေးဖြစ်တာပေါ့။အသက်ကြီးလာတော့ဘာသာရေးဆန်လာတယ်။တည်ငြိမ်မှုရှိလာတာပေါ့။"
ဟူ၍ပြောကြားခဲ့သည်။
ဆရာဇော်ဂျီသည်အသက်၈၃နှစ်အရွယ်၁၉၉ဝပြည့်နှစ် စက်တင်ဘာလ၂၆ရက်နေ့တွင် ဆရာနေထိုင်ရာရန်ကုန်မြို့ ဗဟန်းမြို့နယ်ကမ္ဘောဇလမ်း အမှတ်(၁၀-က)နေအိမ်တွင်ကွယ်လွန်ခဲ့သည်။

Ref:Wikipedia

No comments