New Artical

''သို့ .......ဖေဖေ'' (အညို)


 ''သို့ .......ဖေဖေ'' (အညို)


ဘယ်နှစ်ကြိမ်မြောက် မှန်းမသိ သက်ပြင်းချအပြီးမှာ ကိုစိုးမောင် အိပ်နေရာမှဖြေးညင်းစွာထလိုက်ပြီး အပြင်ထွက်ရန် ခြင်ထောင်ကိုမလိုက်သည်။

''ကိုစိုး...ဘယ်လည်း''

''အိပ်မပျော်လို့ဟာ''

မိန်းမဖြစ်သူ ရဲ့အမေးကို ခပ်တိုးတိုးဖြေရင်း အပြင်သို့ထွက်လိုက်သည်။ ခြင်မဝင်စေရန် ခြင်ထောင်ကိုဖျာအောက်သို့ ပြန်ဖိပေးရင်း အလယ်မှာ အိပ်ပျော်နေသော သားဖြစ်သူကိုပြန်ကြည့်မိစဉ်မှာ သူ့ရင်ထဲထိရှသွားသလိုခံစားလိုက်ရသည်။သားနှင့်ပတ်သတ်ပြီးသူ့ရင်ထဲမကောင်း။ သားပြောသောစကားတစ်ခုကို သူ့ရင်ထဲ နင့်နင့်နဲနဲခံစားပြီး သူအိပ်မပျော်တော့။
ဧည့်ခန်းရှိကုလားထိုင်မှာထိုင်ရင်း သူဆေးပေါ့လိပ်အတိုတစ်ခုကို မီးညှိဖွာရှိုက်လိုက်မိသည်။
သူအခုချိန်မှာ အဖေ့ကိုသတိရသည်။သတိရတာမှပြင်းပြင်းပျပျသတိရခြင်းပင်။
အဖေ......
သူတိုးညင်းစွာခေါ်မိသည်။ သူတောင် သားရဲ့စကားတစ်ခွန်းကို ဒီလောက်ခံစားရရင်....
အဖေကရော.......ဘယ်လိုနှလုံးသားနဲ့ခံစားခဲ့ပါလိမ့် ။
သူ့ နှုတ်ခမ်းကမှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့တွေကိုအဓိပ္ပာယ်မဲ့ငေးရင်းသူ့မျက်ဝန်းတစ်ဝိုက်ငွေ့ရည်တို့သီဝေ့လာသည်။
သူ့စိတ်အစဉ်သည်...............ဟိုး ငယ်ဘဝဆီသို့................

**************

''ကျူရှင်လခက ဒီနေ့ နောက်ဆုံးလို့ပြောလိုက်တာတောင် နင်ဘာလို့ပါမလာတာလည်း ''

''.......''

အတန်းပိုင်ဆရာမရဲ့အမေးကြောင့် သူရှက်ရွံ့စွာ ခေါင်းငုံ့မိသည်။ အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေသည်မှာ ကြောက်စရာပင်ကောင်းတော့သည်။

''ကဲ....ဆရာမမေးနေတယ်....မင်းမှာဖြေစရာပါးစပ်ပေါက်မပါဘူးလား....ဘာကြောင့်ဘဲဖြစ်ဖြစ်မင်းနောက်ဆုံးဘဲ...ငါ့မှာ မင်းကိုစောင့်ရလို့ အမြဲနောက်ကျမှအပ်ရတယ် ....ဟိုတလောက ဆရာကန်တော့ပွဲဖိုးလည်း ငါစိုက်ရတယ်..စာမေးပွဲကြေးငါစိုက်ရတယ်...ငါစိုက်ချည့်ဘဲ....မင်းမနက်ဖြန် မင်းမိဘကိုခေါ်လာ....ကျောင်းကလည်း ပျက်သလားမမေးနဲ့...
မင်းမိဘန့ငါတွေ့ရမှဖြစ်မယ်....မတတ်နိုင်ရင်လည်းကျောင်းမထားနဲ့တော့ပေါ့ဟယ်...ကြားလားစိုးမောင်...နက်ဖြန် နင့်အဖေခေါ်ခဲ့....''

သူဆတ်ကနဲ့မော့ကြည့်ရင်း တိုးညင်းစွာပြောလိုက်သည်။

''အဖေက....အဖေက.....မအားဘူးးတီချယ်''

''နင့်အဖေဘာလုပ်လည်း''

သူမဖြေ။ ပိုက်ထားသော လက်သည် ချွေးစေးများကြောင့်စိုစွတ်ကာချောလာသည်။
သူ့ခေါင်းကို ဒီ့ထက်မက သူငုံ့ထားမိသည်။ဆရာမ အသံက ဟိန်းကနဲထပ်ထွက်လာသည်။

''ဟဲ့...မေးနေတာ ဖြေလေ...ငါစိတ်တိုလာပြီနော်...နင့်အဖေ ဘာလုပ်လည်းဆို''

''အဖေက........ဆိုက္ကားနင်းတယ်''

သူ့အသံကတိုးတိုးလေးမှတစ်ကယ့်တိုးတိုးလေး။

''အမလေးဟဲ့.....ဆိုက္ကားနင်းတာများမအားဘူးတဲ့.....တော်တော် မှကြားကောင်းတယ်
နင့်အဖေကကုပ္မဏီပိုင်ရှင်မဟုတ်ဘူးးး နက်ဖြန်ခေါ်ခဲ့...ကြားလားး''

''ဟုတ်ကဲ့''

ဆရာမရဲ့ အော်ဟစ်ပြောဆိုမှုကြောင့်သူ့ခေါင်းသည် မြေကြီးထဲတိုးဝင်မိမတတ် အောက်သို့စိုက်ကျသွားတော့သည်။ အဖေ့အလုပ်ကိုပြောရတိုင်း သူရှက်သည်။ ဆယ်တန်းကျောင်းသားမို့ အရွယ်တူကျောင်းသားကျောင်းသူများကြားမှာ သူမျက်နှာငယ်တတ်လာသည်။ဒီကိစ္စလည်းအဖေ့ကိုပြောဖို့မလွယ်မှန်း သူသိပြီးသားပင်။

ကျောင်းအပြန်လမ်းတစ်လျောက် သူ ပေထိုင်းထိုင်းလျောက်လာသည်။ အိမ်သို့မပြန်ချင်။ဒီလိုညနေမျိုးဆို အဖေဆိုက္ကားမနင်းတော့။ အရက်ဆိုင်ရောက်နေပြီ။

''ဟူး''

သူသက်ပြင်းမောကိုချလိုက်ပြီးအိမ်ဘက်သို့ ဦးတည်လိုက်သည်။ အိမ်ရောက်တော့အဖေမရောက်သေး ။သူ့မှာပါလာသောသော့ဖြင့်ဖွင့်ပြီး အိမ်ထဲဝင်အဝတ်အစားလဲနေတုန်း အဖေ...ပြန်ရောက်လာသည်။

''သားကြီး ''

''.......''

''သားကြီး.....မင်းဖအေကိုမြင်တာ လာမတွဲဘူး ဟုတ်လားးးးး''

သူခေါင်းတစ်ချက်ကုတ်ရင်း အဖေ့ကိုသွားတွဲလိုက်သည်။ ချဉ်စူးစူးအနံ့ကြောင့်သူ့မျက်နှာ ရှုံ့မဲ့သွားသည်။

''ငါ့သားကြီး....ဟားဟားးး တော်တယ် လိမ်မာတယ်....ရော့သား
သားထမင်းနဲ့စားဖို့ အဖေ ဝက်ခေါင်းသုတ်ဝယ်လာတယ်.....စားတော့သားကြီး...မင်းစာကြိုးစားနော်....စာကိုသေချာဖတ်....ဒါမှ အဖေ့ဘဝလိုမဖြစ်မှာ''

သူအဖေကမ်းပေးသော ဝက်ခေါင်းသုတ်ထုတ်ကိုယူပြီး နောက်ဖေးသို့ဝင်ရန်ပြင်လိုက်သည်။
အဖေက ပက်လက်လှန်နေရာမှအတင်းကုန်းထကာ ခုံပေါ်ရှိ ၁၄လက်မတီဗီကိုဖွင့်ရန်ပြင်သည်။

''အဖေ....ဘထရီအိုးမယူရသေးဘူးလေ...''

''ဟာကွာ....ငါ့သားရာ ...မင်းကျောင်းပြန်တခါတည်းယူခဲ့တာမဟုတ်ဘူးကွာ''

''ပိုက်ဆံမှမပါတာ အဖေရာ ...ရစ်ပြန်ပြီ''

''ဟေ့ကောင့်မင်းပိုက်ဆံမပါလည်းယူလာခဲ့ပေါ့ကွ..ပိုက်ဆံ၁၀၀များအဖေပေးလိုက်မှာပေါ့''

''ပြီးရင်ယူပေးမယ်ဗျာ...သားထမင်းစားဦးမယ်..''

''အေးးအေးးစားလိုက်ဦး အဖေကရပါတယ် ...အဖေမအိပ်သေးဘူးး တီဗီလေးကြည့်ပြီးမှအိပ်မယ်...''

''သူ့တီဗီကဖြင့်တစ်လမ်းလုံးဘယ်သူမှမသုံးတော့ဘူးးဟွန်း''

သူခပ်တိုးတိုးပြောရင်း ထမင်းဝင်စားလိုက်သည်။ ထမင်းစားပြီးပြန်ထွက်လာတော့ အဖေကဟောက်သံပေးကာ အိပ်ပျော်နေလေတေ့ာသည်။သူစိတ်ပျက်စွာခေါင်းယမ်းရင်း သက်ပြင်းတစ်ခုကို ဆောင့်ကနဲ့ချမိတော့လေသည်။ ဆက်ရန်ရှိပါသေးသည်။
အဖေ့ကိုအိပ်ယာထဲသွင်းပြီး ကိုစိုး အဖေ့ဆိုက္ကားကိုယူကာလမ်းထိပ်ကိုနင်းလာခဲ့လိုက်သည်။အဖေ့သူငယ်ချင်းဦးမောင်ကြီးက သူကိုမြင်တော့ဆီးပြီးဆူသည်။

''မင်းအဖေကို ဂရုစိုက်ဦးကွာ ...သူ့မှာ မိန်းမကသေတာမကြာသေးတော့စိတ်လေနေတာကွ''

''အပိုတွေပါ..ဦးမောင်ရာ....အဖေက အရမ်းတစ်ကိုယ်ကောင်းဆန်တာဗျ....သူ့ဘာသာသောက်စားမူးရူးနေတာ...ကျနော့အတွက်ကျနည်းနည်းလေးတောင်စဉ်းစားတာမဟုတ်ဘူး
ကျနော့မှာကျောင်းတောင်ဆက်မတက်ချင်တော့ဘုး...စိတ်ညစ်တယ်ဗျာ''

''မင်းအဖေက မင်းကိုအရမ်းချစ်တာပါကွာ...အဲ့လိုမတွေးပါနဲ့..မင်းအခုဘာလိုအပ်လို့လည်း
ဦးလေးကိုပြော....ငါနိုင်သလောက်ကူညီမယ်''

''ကျနော် မနက်ဖြန်ကျောင်းကိုအဖေခေါ်လာရမယ်...ကျောင်းပျက်ရက်များလို့တဲ့''

''မင်းကကျောင်းပြေးတာလား ဆယ်တန်းကအရေးကြီးတယ်နော် မောင်စိုး''

''မပြေးပါဘူးဗျာ...ကျနော်လည်းတစ်ချို့ရက်အလုပ်ထွက်လုပ်ရသေးတယ်ဗျ ...ကျောင်းကစာအုပ်ဖိုး ဘာဖိုးညာဖိုးတွေကုန်တယ်...ဒါတောင်ကျူရှင်မယူနိုင်လို့..ဆရာမဆီ အချိန်ပိုတက်တာ...အချိန်ပိုကြေးမပေးနိုင်သေးလို့ မနေ့ကလူကြားထဲအပြောခံရတယ်...စိတ်ညစ်တယ်ဗျာ...ကျနော်ထွက်သွားချင်ပြီ....အော် ...ဦးလေး...အဖေ့ယောင်ဆောင်ပေးပါလား''

''ဟာ....ဟေ့ကောင် မင်းအဖေ သိရင်ဘယ်စိတ်ကောင်းမလည်းကွ''

''ကျွတ်စ် ...အရမ်းစိတ်ညစ်တယ်ဗျာ....အဖေ့ပုံကိုလည်းကြည့်ဦး ...ညှင်းသိုးသိုးနဲ့
တစ်ကိုယ်လုံးလည်းအရက်နံ့ကထောင်းလမောင်းထနေတာ....ဆရာမကအဖေ့ပုမြင်ပြီးရင်ကျနော့ကိုပိုနှိမ်တော့မှာ...ဦးလေးလိုက်ခဲ့ပေးပါဗျာ....နော် ....ဦးလေး''

''/ဆိုက္ကား အားလား''

''အားတယ် အကို''

ခရီးသည်သွားမည့်နေရာကိုစျေးပြော ပြီး ဆိုက္ကားပေါ်တင်ကာနင်းထွက်သွားသော စိုးမောင်ကိုကြည့်ပြီး ဦးမောင်ကြီးခေါင်း ညိတ်မိသည်။ ဦးလေးရေ ကျနော အလှည့်ကျော်ပါရစေတစ်ခွန်းခွင့်မတောင်းဘဲ ခေါက်ကျော်ထွက်သွားသည်။ ဂိတ်မှာကကိုယ့်လူတွေဘဲမို့တော်သေးသည်။ အဖေရော သားပါ ရိုက်ပေါက်လုပ်နေတာများးး။ ရင်လေးပါတယ် ဒီသားအဖ ။

***********

''သားကြီ:......''

''................''

''မင်း စာမလိုက်နိုင်ဘူးဆို... ကျူရှင် ယူမလားသား
အနီးကပ်သင်တန်းဆိုလား အဖေတွေ့ခဲ့တယ်.....''

သူနှုတ်ခမ်းကိုမဲ့လိုက်ပြီး
O
''ဘယ်ကပိုက်ဆံနဲ့တက်ရမှာလည်း အဲ့ကျူရှင်ဆရာက်ို ကျနော့သားလေးကိုထားပါရစေဆိုပီးသွားပြောဦးမယ်မို့လားးး မတက်ဘူးး မအောင်လည်းနေပါစေ....''

''မဟုတ်ပါဘူးကွာ ...အဖေ စီစဉ်ပါ့မယ်...သားသာဆယ်တန်းအောင် အောင်ကြိုးစား
ဘာဖြစ်ဖြစ် အဖေ့တာဝန်ထားးး''

''တော်ပါအဖေရာ...အဖေ မူးနေတာအရှိန်ပျက်နေပါ့မယ်...အိပ်ပါတော့...ကျောင်းမှာလည်း ဟိုကတစ်မျိုးဒီကတစ်မျိုးစိတ်ညစ်ရတယ်..ဆရာမအချိန်ပိုကြေးလေးသာ ရှာပေးရင်ကျေးဇူးတင်ပြီ...အိပ်တော့...အိပ်တော့ ကျနော်စာကျက်တော့မှာ''

အဖေ့မျက်နှာကစိတ်မကောင်းစွာ ပျက်ယွင်းသွားသည်။ ယိုင်တိုင်တိုင်ထထွက်သွားရင်း

''အဲ့ ကျူရှင်အဖေမဖြစ်ဖြစ်အောင်ထားပေးမယ် မင်းသာ ကြိုးစားငါ့သား''

*********************

ကျောင်းအုပ်ကြီးရုံးခန်းကထွက်လာတော့ သူ့စိတ်တွေပေါ့ပါးနေသည်။ပြသနာတစ်ခုတော့ရှင်းသွားပြီ။

''ဦးကျော်..ဆရာမကိုပေးခ့တဲအချိန်ပိုကြေးဘာကြေး ကျနော်ပြန်ရှာပေးမယ်နော်''

''မပေးနဲ့ အဲ့ဒါမင်းအဖေပိုက်ဆံ...''

''ဟာ!!အဖေ သိသွားပြီလားးဦးကျော်ကြီးကလည်းဗျာ''

''ဟာ...ဟေ့ကောင် မပြောလို့မရဘူးလေကွာ သူကမင်းအဖေကွ..''

''ကျွတ်စ် အိမ်ရောက်ရင်$ရမ်း နားငြီးပြီ ..စိတ်ကုန်တယ်ဗျာ ..အဲအိမ်မှာနေကိုမနေချင်တော့ဘူးး''

''မင်းကိုလည်းငါတစ်ခုလောက်ပြောချင်တယ် ..မင်းအဖေကို နည်းနည်းလောက်ဂရုစိုက်ကွာ ဒီလောက်သောက်နေရင် မကောင်းဘူးးမင်းအဖေကမင်းကိုတော့ချစ်တယ်...မင်းစကားလည်းနားထောင်တယ်ကွ''

''တော်ပါဗျာ....သူဖြစ်သူခံဘဲ...ကိုယ်တောင်ပိုလွပ်လပ်သေးတယ်..သွားပြီဗျာ
ဒီနေ့တော့ လူက ဘူနေပြီ....အာရုံဘဲ''

''ဟေ့ကောင် ငစိုး ဟေ့ကောင်... ကျွတ် ဒီကောင်လေးကွာ''

အဖေ့ကို လမ်းထိပ်မှာ ဖြတ်ကနဲ့ မြင်လိုက်တဲ့အတွက် ကိုစိုး မသိမသာ နောက်ဆုတ်လိုက်ပြီးကွမ်းယာဆိုင်ထဲဝင်ထိုင်နေလိုက်သည်။ အဖေကတော့ တခြားလူတစ်ယောက်နှင့်စကားအခြေအတင်ပြောနေသည်မို့ ဘေးဘီက်ုဂရုမစ်ိုက်အား။ အတန်ကြာပြောပြီးမှ ထိုသူကအဖေ့ကို ပိုက်ဆံတစ်ထပ်ရေတွက်ကာပေးလိုက်ပြီး သူတို့ရှေ့မှာရှိသောအရာကိုကောက်ယူကာထွက်သွားသည်။

''ဟင် ''

ထိုလူထမ်းသွားသောအရာကိုကြည့်ပြီး ကိုစိုးမျက်လုးအစုံပြူးထွက်မတတ်ဖြစ်သွားသလို ဒေါသကြောင့် အဖေ့နောက်ကိုပြေးလိုက်ရန်ကြံလိုက်စဉ် အဖေက အရက်ဆိုင်တစ်ခုထဲသို့ဝင်ချသွားတော့သည်။စိုးမောင်ဒေါသတကြီး အိမ်သို့ပြန်လာပြီး အိမ်တံခါးကိုခြေထောက်နှင့်ဆောင့်ကန်ပြီးဖွင့်လိုက်သည်။ ထရံဖြင့်ရက်ထားသော တံခါးက 'ဗြန်း'ကနဲ အရှိန်ဖြင့်ပွင့်သွားခိုက် သူ မျက်စိရှေ့မြင်သမျှကို အကုန်ပေါက်ခွဲလွှင့်ပစ်မိသည်။

''ခွမ်း'' ''ခလွမ်း''

ငစိုး ထမင်းစားပွဲကိုဒေါသတကြီးဆွဲလှန်ပစ်လိုက်သည်။ မှောက်သွားသော စားပွဲဝိုင်းနှင့်အတူ ထမင်းထုတ် နှစ်ထုတ်နင့် ဝက်ခေါင်းသုတ်ထုတ်လေးက လွင့်ထွက်သွားသည်။

တောက် ။ တစ်ခါလာလည်း ဝက်ခေါင်းသုတ်၊သွားစမ်းကွာ ။
သူအားပါးရ ဆောင့်ကန်ပစ်လိုက်သည်။

''အဲ့ဒါ ဘာလုပ်တာလည်း ...မင်းမိုက်ရိုင်းလှချည်လား မင်းမိဘကစားဖို့ဝယ်လာပေးတာကို ...ဟမ်
မင်းရှာတာ ဘယ်နှပြား ရှိလို့လည်း ကွ ''

အနောက်ကအဖေ့အသံကဟိန်းကနဲထွက်လာသည်။ ငစိုးအဖေ့ကိုပေကပ်ကပ်ပြန်ကြည့်လိုက်ပြီး

''အဖေ ဘယ်လိုလုပ်တာလည်း ...တီဗီတစ်လုံးကိုတောင်အရက်နဲ့လဲသောက်ရတဲ့အထိ အဖေ့ဘဝကစုတ်ပြတ်သတ်နေပြီလား''

''ဟေ့ကောင်...မင်းမသိဘဲမပြောနဲ့ကွ ''

''ပြောရမယ်....ဒါလေးတစ်လုံးဘဲတစ်အိမ်လုံးမှာ အဖိုးတန်တာကို
အဖေ...အဖေ တော်တော်တစ်ကိုယ်ကောင်းဆန်တယ် ...
မိဘဖြစ်ပြီး သားသမီးကိုငဲ့ရကောင်းမှန်း မသိတဲ့လု ..ကျနော် အဖေ့ကိုအဲ့ဒါကြောင့်မချစ်တာ အဲ့ဒါကြောင့်အဖေနဲ့မနေချင်တာ ''

''ဟေ့ကောင်....မင်းတော်တော့..ငါထိုးလိုက်ရ
...သေတော့မယ် ''

ငစိုးအင်္ကျီရင်ဘတ်ကိုဆောင့်ဆွဲပြီးထိုးမည့်ဟန်ပြင်နေရာမှ ဦးအောင်မြင့် တစ်ချက်ဆောင့်တွန်းပြီး အရက်ဆိုင်ကိုပြန်ထွက်လာခဲ့သည်။ ငစိုးရဲ့တောက်ခေါက်သံက နောက်ပါးမှာကျန်ခဲ့သည်။ မြေမြိုမယ့်ကောင်။ဦးဘသာ စိတ်ညစ်ညစ်ဖြင့်အရက်ကိုတစ်ခွက်ပြီးတစ်ခွက်ဆင့်သောက်ပစ်လိုက်သည်။

...

ည ဆယ်နာရီ ၊၊
အဖေ့ သီချင်းသံခပ်သဲ့သဲ့ကြားရသည် ။ ကိုစ်ိုး အိပ်ယာထဲလှဲနေရာမှ မျက်လုံးကို မှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ အဖေ သူနာမည် အော်ခေါ်ပြီး တက်လာသည်။

''ဟာ ဒီကောင် ခြင်ထောင်မထောင်ဘဲအိပ်ပျော်နေတယ် ခြင်တွေကိုက်တော့မှာဘဲ ''

ဦးအောင်မြင့်ပြောပြောဆိုဆို ခြင်တောင်ကိုဆွဲချပြီး အထဲဝင်ကာ ဘေးပတ်လည်ကို ဖျာအောက်ထဲသွင်းသည်ကို ကိုစိုးအိပ်ချင်ယောင်ဆောင်ကာ အသာကြည့်နေလိုက်သည်။ အဖေကသူ့နဖူးပေါ်ကို လက်ဖြင့်သပ်ရင်း ခပ်ဖွဖွ စမ်းသည်။ထို့နောက်သက်ပြင်းကိုချကာ ခြင်ထောင်အပြင်ပြန်ထွက်သွားသည်။
အဖေ့ပုံစံကယောင်ချာချာ ဖြင့် အိမ်ရှေ့လာလိုက်နောက်ဖေးပြန်ဝင်လိုက် ။ အင်းပေါ့ ဒီအချိန်ဆိုအဖေ တီဗီကြည့်နေကျကိုး။
ခဏအကြာ အဖေ့အသံတိတ်သွားသည်။ သူအိပ်ယာထဲကနေ အသာထကာ အဖေ့နားကိုကပ်ပြီးသွားကြည့်သည်။ အဖေ့အသက်ရှုသံပြင်းပြင်းက အရမ်းမူးပြီး အဘယ်မျှ အိပ်မောကျနေသည်ကို သက်သေပြနေသည်။ ကိုစိုးအဖေ့အင်္ကျီအိတ်ထဲကိုအသာနှိုက်လိုက်သည် ။ အကြွေတစ်ချို့ကလွဲပြီးဘာမှမရှိ ။ သူအကြံအိုက်စွာ ကြမ်းပြင်မှာထိုင်ချလိုက်သည်။ နောက်မှသတိရကာ အဖေခ့ါးပတ်လည်ကို စမ်းကြည့်လိုက်သည်။ ပုဆိုးအနားကိုလိပ်ထားသော ခပ်ဖုဖု အရာတစ်ခု ၊ကိုစိုးဝမ်းသာစွာ အသာလေးဖြည်လိုက်သည်။ တစ်ထောင်တန်ဆယ်ရွက်ကို တခေါက်ခေါက်ထားသော အခေါက်ကလေး နှစ်ခုနှင့်အတူ ငါးထောင်တန်တစ်ရွက်ပါသော အလိပ်ကလေး တလိပ် သူ့လက်ထဲပါလာလေသည် ။ ကိုစိုး ကျေနပ်စွာ အိတ်ထဲထည့်ပြီး ခြင်ထောင်ဘေးမှောင်ရိပ်မှာ ချထားသော သူ့အဝတ်အစားတွေတည့်ထားသော ကျောပိုးအိတ်ကို လွယ်ကာ အိမ်ပေါ်မှ ဆင်းလိုက်သည်။ အိမ်အောက်ရောက်မှ အိမ်ပေါ်မှာ ခြင်ထောင်မပါဘဲ အိပ်နေသော အဖေ့ကို ပြန်လှည့် ကြည့်လိုက်မိသည်။

'' ခွင့်လွှတ်ပါအဖေ ...အဖေ့အရက်ဖိုးဖြစ်မယ့်တူတူ အဲ့ပိုက်ဆံတွေနဲ့ ကျွန်တော့်ဘဝကို ကျွန်တော်စီမံပါရစေတော့ ''

သူ ကျောပိုးအိတ်ကြိုးကိုခပ်တင်းတင်းရှေ့သုိ့ဆွဲယူရင်း အမှောင်ထဲသို့ တိုးဝင်လိုက်သည်။ မကြာခင် အလင်းရောင်ဆိုတာ ပေါ်လာမှာဘဲ ၊ သူ့ အနာဂတ်သည်လည်း .....

......

ရွက်ဟောင်းတွေကြွေရင်း ရွက်သစ်တွေအလီလီ ဝေခဲ့ပြီ ။ သူသည်လည်း လောကဓံ လှိုင်းကြမ်းထဲကူးကာ လူးကာ ဖြတ်သန်းရင်း ဒီမြိုလေးမှာ အိမ်ထောင်ကျကာ ကလေးပင်တစ်ယောက်ရ ပြီဖြစ်သည်။အဆင်ပြေလိုက်မပြေလိုက်ဖြစ်နေသောအိမ်အခြေအနေကို မိန်းမက အိမ်ဆိုင်ဖွင့်ရင်း တဖက်တလမ်းက ထိန်းရှာသည်။သူကတော့ အပြင်အလုပ်လည်းမလုပ်တတ်သူပီပီ အဝေးပြေးကား မောင်းသူအဖြစ် မိန်းမနှင့်ကလေးကို ရှာဖွေကျွေးရင်း ပင်ပန်းတာကိုအကြောင်းပြပြီး အရက်သောက်တတ်လာသည်။ သူအရက်သောက်ပြီးပြန်လာတိုင်းသူသိပ်ချစ်ရသည့်သားကအနားမကပ် ။နှာခေါင်းကို လက်ကလေးဖြင့်ဖိညှစ်ကာ နံသည့်ပုံလုပ်ပြတိုင်း သူ သားကိုအတင်းပွေ့ဖက်နမ်းရှုံ့မိသည်။ ချစ်စရာကောင်းသည့်အရွယ်ကိုး ။ငယ်ရွယ်သေးသောအရွယ်ဆိုတာ ဘယ်လိုနေနေဖြူစင်ပြီးချစ်စရာကောင်းသည်ကိုး။ သားကိုသူသိပ်ချစ်သည်။ သားလေးသာသူ့ဘဝကိုး ။ အချိန်လှိုင်းတို့သည် အရွယ်ဆိုသောကမ်းပါးကို တဖြည်းဖြည်း တိုက်စားလာလေသည်။

ကားမောင်းနေရင်း ကားအုံနာက သူ့ကားကိုရောင်းပစ်လိုက်သည့့်အတွက်စိုးမောင် အလုပ်လက်မဲ့ဖြစ်သွားသည်။နောက်ကားမရခင်စပ်ကြား သူငယ်ချင်းကားသမားများ ဆီသွားရင်း သူ့အိမ်ပြန်ချိန်ကပိုညည့်နက်လာလေသည်။ အခုနောက်ပိုင်းသူပြန်လာတိုင်းသားကသူ့နားမကပ်တော့ ။လေးတန်းအရွယ်သားက ကိုစိုးမောင်ကိုမြင်တိုင်း စ်ိတ်ပျက်သည့်အမူအယာ ဖြစ်ဖြစ်သွားသည်ကို တွေ့တော့ သူ အနည်းငယ် ထိတ်လန့်လာမိသည်။ ဝဠ်လည်မှာကိုသူတအား ကြောက်လန့့်လာမိသည်။
သားသည်အဖေဖြစ်ကတည်းက သူမကြာခဏ သတိရမိသည်က အဖေ။ ကလေးတစ်ယောက်ရဲ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်လိုက်တိုင်း သူအရင်ဆုံးပြေးမြင်မိသည်က အဖေ့မျက်နှာ ။ သားလေးကို သူသိပ်ချစ်သလို အဖေလည်းသူ့ကို သိပ်ချစ်ခဲ့သည် မဟုတ်လားး သားလိုချင်သမျှ မဖြည့်ဆည်းပေးနိုင်တိုင်း ကိုးနှစ်အရွယ် သားအပေါ် မျက်နှာပူအားနာမိတိုင်း အဖေကရော သူပျက်ကွက်မိသည့် သူအပေါ် ဘယ်လောက် သိမ်ငယ်ခဲ့ရသလည်း သူကိုယ်ချင်းစာမိလာသည်။သူ့နှလုံးသား ရဲ့တစ်ထောင့်တစ်နေရာက အဖေ့ကို ပြင်းပြင်းပျပျ သတိရလာမိသည်။ အဖေဘယ်လိုများ နေရှာပါလိမ့် ။

ညနေကတော့ သူအိမ်ကိုစောစောပြန်လာခဲ့သည်။ မိုးရေထဲ ဘောလုံးကန်နေသည့်သားကို တွေ့တော့ နာဖျားမှာစိုးသည့်စိတ်ဖြင့် ဆူရင်း တစ်ချက် ခပ်ဆတ်ဆတ်လေးရိုက်လိုက်မိသည်။ သားက သူ့မျက်နှာကိုကြည့်ရင်း

'' မူးပြီးနှိပ်စက်နေတယ် အဲ့ဒါကြောင့် အဖေ့ကိုလုံးဝမချစ်တာ''တဲ့။သူရင်အစုံသည် ဖားဖိုကဲ့သို့နိမ့်ခြည်မြင့်ခြည် ဖြစ်လောက်အောင်ပင် ဝမ်းနည်းသွားရသည်။သားရဲ့စကားသံကိုကြားပြီးညအထိသူနေလို့မကောင်း။ကလေးရဲ့နုနယ်တဲ့စိတ်ထဲ သူ့အပေါ်ဘယ်လောက် အထင်သေးစိတ်စွဲကပ်နေလည်း ဆိုတာတွေးရင်း သူကြောက်လန့်လာမိသည်။
သူအိပ်နေရင်းအိပ်မပျော်တော့ ။

ဘယ်နှစ်ကြိမ်မြောက် မှန်းမသိ သက်ပြင်းချအပြီးမှာ ကိုစိုးမောင် အိပ်နေရာမှဖြေးညင်းစွာထလိုက်ပြီး အပြင်ထွက်ရန် ခြင်ထောင်ကိုမလိုက်သည်။

''ကိုစိုး...ဘယ်လည်း''

''အိပ်မပျော်လို့ဟာ''

မိန်းမဖြစ်သူ ရဲ့အမေးကို ခပ်တိုးတိုးဖြေရင်း အပြင်သို့ထွက်လိုက်သည်။ ခြင်မဝင်စေရန် ခြင်ထောင်ကိုဖျာအောက်သို့ ပြန်ဖိပေးရင်း အလယ်မှာ အိပ်ပျော်နေသော သားဖြစ်သူကိုပြန်ကြည့်မိစဉ်မှာ သူ့ရင်ထဲထိရှသွားသလိုခံစားလိုက်ရသည်။သားနှင့်ပတ်သတ်ပြီးသူ့ရင်ထဲမကောင်း။ သားပြောသောစကားတစ်ခုကို သူ့ရင်ထဲ နင့်နင့်နဲနဲခံစားပြီး သူအိပ်မပျော်တော့။
ဧည့်ခန်းရှိကုလားထိုင်မှာထိုင်ရင်း သူဆေးပေါ့လိပ်အတိုတစ်ခုကို မီးညှိဖွာရှိုက်လိုက်မိသည်။
သူအခုချိန်မှာ အဖေ့ကိုသတိရသည်။သတိရတာမှပြင်းပြင်းပျပျသတိရခြင်းပင်။
အဖေ......
သူတိုးညင်းစွာခေါ်မိသည်။ သူတောင် သားရဲ့စကားတစ်ခွန်းကို ဒီလောက်ခံစားရရင်....
အဖေကရော.......ဘယ်လိုနှလုံးသားနဲ့ခံစားခဲ့ပါလိမ့် ။
သူ့ နှုတ်ခမ်းကမှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့တွေကိုအဓိပ္ပာယ်မဲ့ငေးရင်းသူ့မျက်ဝန်းတစ်ဝိုက်ငွေ့ရည်တို့သီဝေ့လာသည်။
သူ့စိတ်အစဉ်သည်...........

အဝေးပြေး ကားက တောင်ပတ်လမ်းကိုကွေ့ဝိုက်ကာ တရွေ့ရွေ့ တက်ကာနေသည်။ ကားတစ်စီးလုံးအိပ်ပျော်နေပေမယ့် စိုးမောင် အိပ်လို့မပျော် ။သူ့စိတ်ထဲနောင်တတရားတို့နှင့်အတူ ငိုချင်စိတ်ကထိန်းမရ။သူ့အပြန်လမ်းသည် အလာတုန်းကလိုမျော်လင့်ချက်မရှိတော့ ။သူအသိတရားတွေရပြီးနားလည်ချိန်အထိအဖေကသူ့ကိုမစောင့်တော့ ။ သူခရီးဆောင်အိတ် သေးလေးကိုဖွင့်ပြီး လက်ကိုင်ပုဝါအခေါက်လေးကို ထုတ်လိုက်သည် ။ လက်ကိုင်ပုဝါရဲ့ ဘေးတစ်ဖက်စီကို ဖယ်လိုက်တော့ သူ့လက်ထဲပါလာသည်က
စတီးရောင် နာရီလေးတစ်လုံး ။

''လူမိုက် ...မင်းလောက်မိုက်တဲ့ကောင် လောကမှာနောက်တစ်ယောက်မရှိဘူး ''တဲ့ ၊ ဦးမောင်ကြီးကပြောတယ် ။ ဟုတ်တယ် အဖေ ၊သားကခွေးထက်မိုက်တဲ့လူပါ။ စိုးမောင်စ်ိတ်ထဲကပြောရင်းမျက်ရည် ကျပြန်သည်။အဖေ့အပေါ် ဘယ်တော့မှအကောင်းမမြင်တတ်သည့် သားမိုက်ပါ။ သားပတ်ချင်တဲ့တန်ဖိုးကြီး နာရီလေးအတွက် ဆိုက္ကားနင်းတဲ့ပိုက်ဆံလေးထဲက စုမဲစုပြီးဝယ်ပေးရှာတဲ့အဖေ ။
စိုးမောင် သူ့လက်ထဲက စက်ရပ်နေသည့် Seiko5နာရီလေးကိုကြည့်ရင်း ယောင်္ကျားတန်မဲ့ ရှိုက်ကြီးတငင်ငိုမိသည်။
မသေခင်အချိန်လေးထိ သားကိုမျော်နေရှာသည့်အဖေ ။သူ့ကိုစိတ်နာသွားပြီဆိုတဲ့စိတ်နဲ့ ရင်ကွဲမတတ် င်ိုရင်း သေရရှာသည့်အဖေ ။ငါ့သားလေးဒုက္ခတွေရောက်နေပြီထင်တယ် အဲ့ဒါငါ့ကြောင့်ပါလို့ အရူးတစ်ယောက်လိုတွတ်တွတ်ရွတ်နေရှာတဲ့ အဖေ ။
နောက်ဆုံးချိန်ထိ ဦးမောင်ကြီးလက်ကိုကိုင်ရင်း ငါ့သားလာရင်ဒီနာရီလေးပေးပြီး ငါ့ကိုခွင့်လွှတ်ဖို့ပြောပေးပါလို့ အဖေကမှာခဲ့ရှာသတဲ့ ။ အဖေ ရယ်.......
သားကအဖေ့ကိုတောင်းပန်ရမှာပါ ။သားမှားပါတယ် သားကိုခွင့်မလွှတ်ပါနဲ့ ....သား အဖေ့ကို အကြိမ်ကြိမ် အခါခါစော်ကားမိလို့ အပါယ်လားမဲ့အကောင်ပါအဖေ ။မကြာခင် သားလည်း
အဖေ့ဝဠ်တွေ လည်တော့မှာပါ
အဖေရယ် ။
အဖေ့ခါးပုံစထဲကပိုက်ဆံကလေ သားကျူရှင်တတ်ဖို့မှန်းသား တစ်ကယ်မသိခဲ့လို့ပါ ......သားအတွက် နဲ့အဖေ နေတိုင်းအသုတ်တပွဲနဲ့ ဖြစ်သလို တင်းတိမ်လိုက်ရတာတွေ ဟာ မိဘမေတ္တာလို့သားမမြင်ခဲ့ဘူး အဖေ .... သားက သားသိမ်ငယ်ရတာတွေ သားလူ့အောက်ကျရတာတွေဘဲမြင်မိခဲ့တယ် အတ္တကြီးမိခဲ့ပါတယ် ။ သားနောင်တရပါပြီ ။ အဖေ့ကို တောင်းပန်ပါတယ် ။ သားးးးးကို ခွင့်လွတ်ပါနော်

''အဖေ .....''လို့ သူရင်ကွဲမတတ်အော်ခေါ်မိပေမယ့် ...........
နောင်တဆိုတာ ....

ပြီးပါပြီ
အညို 👸

မွန်းလေးဖေဖေ မှ 

No comments