New Artical

❝ ဆုံးဖြတ်ချက်ချခြင်း အနုပညာ ❞

 


❝ ဆုံးဖြတ်ချက်ချခြင်း အနုပညာ ❞
တကယ်တော့ ကျွန်တော်တို့ရဲ့ဘ၀ကို ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားပါတယ်။မနက်မိုးလင်း နှိုးစက်မြည်လို့ နိုးသွားတယ်ဆိုရင် နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်မလား၊ အိပ်ရာထမလား ဆိုတာကနေ
စဆုံးဖြတ်ရတာ တစ်နေကုန်လုံးပါပဲ။
ဘာစားမလဲ၊ ဘယ်လမ်းကနေ သွားမလဲ၊
ဘာကားစီးမလဲ၊ စသည်ဖြင့် စသည်ဖြင့်ပေါ့။
အဲလို နိစ္စဓူ၀ လုပ်နေရတဲ့ ဆုံးဖြတ်ချက်တွေ ရှိသလို ဘ၀တစ်ခုလုံးနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေလည်း လုပ်နေကြရတာပဲ။တက္ကသိုလ်၊ အသက်မွေး၀မ်းကျောင်းအလုပ်၊ လုပ်မယ့် အဖွဲ့အစည်း၊ အိမ်ထောင်ဖက်
စသည်ဖြင့် ရွေးချယ်နေကြရတယ်။
ဆုံးဖြတ်ချက်တွေ ချနေကြရတယ်။
ဒီဆုံးဖြတ်ချက် အမှန်အမှားပေါ် မူတည်ပြီး ကျွန်တော်တို့ ဘဝတွေလည်း အောင်မြင်တယ် မအောင်မြင်ဘူး ဆိုပြီး ကွဲပြားလာကြတယ်။၁၀ တန်းအောင်တုန်းက
တူတူပဲ၊ ဒါပေမဲ့ ဘယ်တက္ကသိုလ် တက်လိုက်သလဲ
ဆိုတဲ့အပေါ် မူတည်ပြီး ကွာခြားကုန်ကြတယ်။
အဲ့လိုပဲ၊ တက္ကသိုလ် ပြီးသွားတာချင်း တူတူပဲ၊
ဘာဆက်လုပ်သလဲ၊ ဘယ်အလုပ်အကိုင်ကို ရွေးလိုက်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ဘဝတွေ မတူကြတော့ပြန်ဘူး။အိမ်ထောင်ဖက် အရွေးမှားလို့ အောင်မြင်သင့်သလောက် မအောင်မြင်သူတွေလည်း အများကြီးပဲ တွေ့ဖူးကြပါလိမ့်မယ်။
ဒီအတွက် ကျွန်တော်တို့တွေဟာ ဆုံးဖြတ်ချက်တွေ
မှန်မှန်ကန်ကန် ချတတ်ဖို့ လိုတယ်။ဒီအတွက်ထည့်စဉ်းစားစရာ အချက်တချို့ကို ပြောပြချင်ပါတယ်။
(၁) သတင်းအချက်အလက် (Information)
ဆုံးဖြတ်ချက်တွေ မှန်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဟာ ဘာလဲလို့မေးရင် Information ပဲ။ ဘယ်ဆုံးဖြတ်ချက်မဆို များများသိအောင် လုပ်ပြီးမှ ချတဲ့ ဆုံးဖြတ်ချက်ဟာ အမှန်နိုင်ဆုံးပါပဲ။ဥပမာ ဒီရုံးမှာ ကိုယ်တွေ့ချင်တဲ့လူ ရှိတယ် ဆိုတာ သိပြီးမှ ရုံးကို လာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရင် မှန်နိုင်တာပေါ့။ ရှိမှန်းမသိ မရှိမှန်းမသိဘဲ တခြားအရေးကြီးတာတစ်ခုကို ဖျက်ပြီးမှ လာခဲ့လိုက်ရင် မတော်တဆ အဲဒီလူက ရှိမနေဘူးဆို လာတာမှားသွားနိုင်တယ်။
တက္ကသိုလ် ရွေးချယ်မယ်။ဘ၀လမ်းကြောင်း ရွေးချယ်မယ် ဆိုလည်း အဲလိုများများသိအောင် လုပ်နိုင်ဖို့က သိပ်အရေးကြီးတယ်။အိမ်က တက်ခိုင်းလို့၊ သူငယ်ချင်းတွေလည်း အတူတက်ကြလို့ ဆိုပြီး
ဒီအတိုင်း ဆေးတက္ကသိုလ်ကို လာတက်မယ့်အစား
ဒီတက္ကသိုလ်ရဲ့ အကြောင်း၊ ဆရာ၀န်ဘ၀ရဲ့အကြောင်းတွေ များများသိအောင် ကြိုးစားသင့်တယ်။ဒါဆို တက်သင့် မတက်သင့် ဆုံးဖြတ်တဲ့နေရာမှာ ပိုမှန်နိုင်တာပေါ့။
ဒီတော့ များများသိအောင် ဘယ်လိုလုပ်မလဲ❓
အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့
စာဖတ်ပါ ဆိုတာပဲ။ဟုတ်တယ်၊ စာမဖတ်ရင် အသိ
မကြွယ်ဘူး၊ အသိမကြွယ်ရင် လူတွေအကြောင်း မသိ၊ ဘဝတွေအကြောင်း မသိ၊ ဒီအခါ ဆုံးဖြတ်သမျှ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ရော။လှည့်ခံ ပတ်ခံ လိမ်ခံ ညာခံရရော။ခေတ်နဲ့ မျက်ခြည်ပြတ်ကုန်ရော။
ဒီနေ့ခေတ်မှာ စာအုပ်ဖတ်တာ တစ်ခုတည်းကပဲ အသိပညာ ရှာဖွေတာမျိုးလည်း မဟုတ်တော့ဘူး။ အင်တာနက် သုံးမယ်။You tube ကြည့်မယ်။ သတင်း၀က်ဘ်ဆိုက်တွေ ၀င်ဖတ်မယ်။
ရုပ်သံတွေကြည့်မယ်။
ဒါတွေဟာလည်း အသိပညာ ရှာဖွေနေတာပဲ။
နောက်တစ်ချက်၊ ကိုယ်ကိုယ်တိုင် လေ့လာရမှာတွေ
ရှိသလို တစ်ဖက်ကလည်းကိုယ့်ထက်ဝါကြီး ပညာကြီးတဲ့သူတွေဆီကနေလည်း ဆည်းပူးရလိမ့်မယ်။
ဥပမာ ကိုယ်က ဆေးကျောင်းတက်တော့မယ်ဆို ဆရာ၀န်တစ်ယောက်ကို မေးကြည့်တာမျိုးပေါ့။
သူတို့တွေနဲ့ စကားပြောကြည့်။ဖြစ်နိုင် မဖြစ်နိုင်
မေးကြည့်၊ အကြံဉာဏ်တောင်းကြည့်။
ဒါဆို ကိုယ့်အနေနဲ့ သေချာဆုံးဖြတ်နိုင်တာပေါ့။
ဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချဖို့ ရှုထောင့်စုံစုံ
သိရအောင် လူများများကို မေး။လူများများကို ချဉ်းကပ်။မိတ်ကောင်းဆွေကောင်းတွေ ရှိအောင်လုပ်။ ဆရာကောင်းသမားကောင်းတွေ ရှိအောင်လုပ်။သူတို့တွေဟာ ကိုယ့်ဆုံးဖြတ်ချက်တွေ မှန်အောင် အကောင်းဆုံး ကူညီပေးလိမ့်မယ်။
(၂) ကြောင်းကျိုးဆက်စပ် စဉ်းစားနိုင်စွမ်း (Logical thinking)
အသိပညာ ပြီးသွားရင် နောက်ထပ်တစ်ချက်က ကြောင်းကျိုးဆက်စပ် စဉ်းစားနိုင်စွမ်း ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ကိုယ်ရသမျှ ကိုယ့်ကို လာပေးသမျှ သတင်းအချက်အလက်တိုင်းဟာ မမှန်နိုင်ပါဘူး။ တချို့က ရည်ရွယ်ချက်နဲ့ လိမ်မယ်။တချို့က သူတို့အတွေ့အကြုံသက်သက်ကိုပဲ အခြေခံပြီး လာပြောမယ်။ဒါတွေကို တစ်ထစ်ချ ယုံလိုက်လို့မရဘဲ
ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်ရမယ်။
ဥပမာ - မာ့ခ်ဇူကာဘတ်တို့ တက္ကသိုလ် တစ်၀က်တစ်ပျက်နဲ့ အောင်မြင်တိုင်း ကိုယ်က ကျောင်းလိုက်ထွက်လို့ မရဘူး။ဘာလို့ဆိုတော့ သူတို့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ၊
သူတို့ပညာရေးစနစ်နဲ့ ကိုယ့်ပညာရေးစနစ် မတူဘူး။ သက်သောင့်သက်သာ ဖြစ်နေတဲ့ Comfort zone ထဲက ထွက်ပါဆိုလို့ အလုပ်ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်လိုက်တာ ဒုက္ခဖြစ်ကုန်သူတွေ မနည်းဘူး။ဒါကြောင့် သတင်းအချက်အလက်နဲ့တင် မရဘူး။စနစ်တကျ စဉ်းစားတွေးခေါ်တတ်ဖို့လည်း လိုသေးတယ်။
(၃) စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း (Emotional control)
တတိယမြောက်နဲ့ ဒီဆောင်းပါးမှာ အကြံပြုချင်တဲ့ နောက်ဆုံးတစ်ချက်တော့ စိတ်ခံစားချက် (Emotion) ပါ။လူဟာ စိတ်ခံစားချက် လွန်ကဲနေချိန် ချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှားနိုင်ပါတယ်။စိတ်ဆိုးတုန်းခဏ ပြောလိုက်မိတဲ့ စကားကြောင့် တစ်သက်လုံး နောင်တရနေရတာမျိုးတွေဟာ အကောင်းဆုံး ဥပမာပဲပေါ့။စိတ်ဆိုးနေတာကို မထိန်းလိုက်နိုင်တဲ့အခါ မပြောသင့်တဲ့ စကားကို ပြောမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ချမိလိုက်တယ်။တချို့လူငယ်တွေဆိုလည်း မိဘကိုအရွဲ့တိုက်ချင်စိတ်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်လိုက်မိလို့ အဆင်မပြေဖြစ်နေရတယ် ဆိုတာတွေအများကြီးပဲ။
ဒါကြောင့် တခုခုကို ဆုံးဖြတ်တော့မယ် ဆိုတဲ့အခါတိုင်း စိတ်ခံစားချက်တွေကို ထိန်းနိုင်ရင် အကောင်းဆုံးပါပဲ။ဝိတ်ချနေတုန်း ကိုယ်သိပ်ကြိုက်တဲ့ အစားအစာကို တွေ့တဲ့အခါ မစားဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်အောင် စိတ်ဘယ်လိုထိန်းမလဲ ဆိုတဲ့ အသေးအဖွဲကနေ
ဘ၀လမ်းကြောင်း ရွေးချယ်တာ မိသားစုနဲ့ ပတ်သက်တာတွေလို အရေးကြီးကိစ္စတွေအားလုံးအတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဒီစိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ဟာ သိပ်အရေးကြီးပါတယ်။
ဒါကြောင့် ဆောင်းပါးတစ်ပုဒ်လုံးကို အနှစ်ပြန်ချုပ်
ရရင် ကျွန်တော်တို့ဘ၀မှာ အောင်မြင်ဖို့၊ ပျော်ရွင်ဖို့၊ အဓိပ္ပါယ်ရှိဖို့အတွက် ဆုံးဖြတ်ချက်တွေ မှန်ဖို့လိုပါတယ်။ကိုယ်ဆုံးဖြတ်လိုက်တဲ့ ကိစ္စတစ်ခုဟာ မှန်တယ် မှားတယ် ကြိုမသိနိုင်တဲ့ အခြေအနေမှာ တတ်နိုင်သလောက်တော့ အမှားနည်းအောင် လုပ်ကြရမှာပါပဲ။
ဒီအတွက် သတင်းအချက်အလက် များများစုဖို့ (Information)၊ ကြောင်းကျိုးဆက်စပ် စဉ်းစားတတ်ဖို့ (Logical thinking) နဲ့ စိတ်ခံစားချက်တွေကို ထိန်းနိုင်ဖို့ (Emotional control) ဆိုတဲ့ အချက် ၃ ချက်ကတော့ အရေးကြီးဆုံး ဖြစ်မယ်လို့ ယူဆလို့ ဒီဆောင်းပါးလေးကတစ်ဆင့် ဝေမျှလိုက်ရတာ ဖြစ်ပါတယ်။တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ဒေါက်တာဖြိုးသီဟ

No comments