New Artical

ယောကျ်ားအချင်းချင်းပွင့်ပွင့်လင်းလင်း (ဟိုဟာအားနည်းလို့)

ဒေါက်တာဇီဝတင်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ၁၈၀၀၀ သော အထွေထွေရောဂါကုဆရာဝန်တွေထဲက တစ်ယောက်ပါခင်ဗျ။ အမ်ဘီဘီအက်စ်ဘွဲ့ကလွဲလို့ အပိုအမြီးတပ်စရာ ဘာဘွဲ့ဒီပလိုမာမှ မရှိပါဘူး။ အခုနောက်ပိုင်း သုံးနှုန်းလာကြတဲ့ အခေါ်အဝေါ်အရဆိုရင် မိသားစု ဆရာဝန်ပေါ့ဗျာ။

ပွင့်ပွင့်လင်းလင်းပြောရရင် ၀ါသနာပါလို့ ဆရာဝန်ဖြစ်ခဲ့တာ မဟုတ်ပေမဲ့ ဘွဲ့ရပြီး ဆရာဝန်ဖြစ်လာတော့ တခြားဘာအလုပ်မှလည်း မလုပ်တတ်၊ အစိုးရဝန်ထမ်းလုပ်ဖို့ရာကျတော့လည်း ဇီဝတင်တို့ ဆရာဝန်ဖြစ်ခါစ ကာလတုန်းက ဖြေဆိုခဲ့တဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးစာမေးပွဲ ၃ ခါစလုံး မအောင်ခဲ့လို့ ကိုယ်ပိုင်ဆေးတိုက် ကလေးဖွင့်ပြီး ဆေးကုစားနေရတဲ့ သာမန်ဆရာဝန်တစ်ယောက်ပေါ့ဗျာ။ အထွေထွေရောဂါကုဆရာဝန်ဆိုတာ ရဝ ရာခိုင်နှုန်းလောက်က သူ့ဘာသာသူပျောက်မယ့်ရောဂါဖြစ်တဲ့ လူနာတွေကို အရေးကြီးသယောင်ယောင် ဟန်ကလေးနဲ့ ဖိန့်လုပ်ပြောဆိုပြီး ဆေးဖိုးဝါးခယူရတဲ့အလုပ်ကိုးဗျ။ ဟုတ်တယ်လေ။ အမှန်ကတော့ သဘာဝတရားသူကြီးက တော်ရုံတန်ရုံရောဂါဆို ဘာဆေးမှမပေးလည်း ပျောက်အောင်လုပ်ပေးနေတာပါ။ ဒါပေမဲ့ လူနာတွေကလည်း မကျန်းမမာဖြစ်ပြီဆိုရင် ထစ်ခနဲရှိ ဆရာဝန်ထံ အမြန်ရောက်ကြတာ များတယ်ဗျ။ သူဖြစ်ချင်တာတွေကို ဖွင့်အန်ပြောပြရမှ၊ ဆေးကလေးတစ်ပြားတလေ ညွှန်းပေးလိုက်မှ ကျေနပ်ကြသဗျ။

အဲဒီတော့မှ လူနာကလည်း ကျေနပ်၊ ဆရာဝန်ဇီဝတင်အဖို့လည်း ဆေးဖိုးဝါးခလေးရနဲ့ နှစ်ဦးနှစ်ဖက်ဟန်ကျလို့။ ဒီလိုနဲ့ပဲ စခန်းသွားလာတာ နှစ်ပေါင်းမနည်းတော့ဘူးပေါ့။ လူနာတိုင်းကတော့ အဲဒီလိုချည်းတော့ မဟုတ်ပါဘူး။ ခေါင်းစားရတဲ့ ပြဿနာလေးတွေတော့ ရှိတတ်တာပေါ့။ အမျိုးသားဆရာဝန်ဆိုတော့ အမျိုသားတွေ ဖြစ်တတ်တဲ့ ရောဂါတွေကုရတာ ပိုများတာပေါ့လေ။

လူနာတွေရဲ့ သဘောသဘာဝကလည်း တစ်မျိုး။ အမျိုးသားဆရာဝန်မို့ အမျိုးသားလူနာတွေပိုများမယ်၊ အမျိုးသမီးဆရာဝန်မို့ အမျိုးသမီးလူနာပိုများရမယ်လို့ တရားသေမှတ်ထားလို့မရဘူး။ တချို့က အမျိုးသား ဆရာဝန်ဖြစ်လျက်နဲ့ အပြောကလေးကလည်းကောင်း၊ အမျိုးသမီးတွေအကြိုက်လိုက်ပြီး အဆင်ပြေအောင်လို့ စမ်းသပ်ကုသပေးနိုင်လို့ အမျိုးသမီးလူနာတွေ တစ်ပုံကြီးနဲ့ တွေ့ရတတ်တဲ့ အမျိုးသားဆရာဝန်ထိုင် ဆေးခန်းတွေ တွေ့ရတတ်သလို တချို့အမျိုးသားတွေကျတော့လည်း ဆရာမနဲ့ဆေးလိုက်တယ်။ ဆရာမနဲ့မှ ကံစပ်တယ်ဆိုပြီး အမျိုးသမီးဆရာဝန်တွေဆီမှာ စုပြုံနေတဲ့ အမျိုးသားလူနာတွေလည်း အများကြီးပါပဲ။ ဆရာဇီဝတင်ကတော့ အမျိုးသားလူနာတွေပဲများတဲ့ ဆေးခန်းမျိုးပါ။ အမျိုးသမီးဆရာဝန်တွေနဲ့ ပြသတိုင်ပင်လို့မရတဲ့ ရောဂါတွေက အများစုပေါ့။

အဲဒီအထဲမှာ အသက် ၅၀ ဝန်းကျင်လောက် ယောကျ်ားလူနာတွေ လာကြလေ့ရှိတဲ့ ရောဂါအကြောင်းကို ပြောပြချင်ပါတယ်။ သူတို့က ပြဿနာကို ပြောပြတဲ့အပြင် အဲဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကိုပါ ပြောပြလေ့ရှိပါတယ်။

ဇီဝတင်ဆီ လာပြတဲ့ အမျိုးသားကြီးတစ်ယောက်ကတော့ အသက် ၅၀ အရွယ် အနည်းငယ်ထိပ်ပြောင်နေစ ပြုတဲ့ အရာကြီးတစ်ယောက်ခင်ဗျ။ တိုက်ပုံအကျင်္ီနဲ့ သားသားနားနားဝတ်စားလို့ ဝင်လာကတည်းက ပြုံးပြီး ရင်းရင်းနှီးနှီးရှိတဲပုံစံနဲ့ ဝင်လာပါတယ်။ လူပုံမြင်ရကတည်းက ကျန်းမာသန်စွမ်းပြီး ဘာရောဂါမှ မရှိနိုင်သေး လောက်ဘူးဆိုတာ သိသာပါတယ်။ (အလွန်ဆုံးရှိရင် သွေးလေးနည်းနည်းပါးပါးတိုးမှာပေါ့) ထင်တဲ့အတိုင်းပါပဲ။ “ဆရာ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောပါရစေ၊ ကျွန်တော် ဟိုဟာအားနည်းနေလို့ ကျွန်တော့်ကို ဟော်မုန်းဆေး ထိုးပေးပါ”ဆိုပြီး စတော့တာပါပဲ။ မေးကြည့်တော့ သူ့မှာ ကျန်းမာနေတဲ့ ဇနီးနဲ့ အကြီးဆုံးသားသမီးကလည်း တက္ကသိုလ်တောင် ရောက်ကုန်ကြပြီ။ ဇနီးနဲ့လည်း ပြဿနာမရှိ။ စီးပွားရေး လူမှုရေးအားလုံးအဆင်ပြေတယ်။ ဒါပေမဲ့ သူက အငယ်လေးနဲ့ကိုးဗျ။ ဒါ့ကြောင့် သူက ပိုမိုစွမ်းဆောင်နိုင်အောင်လို့ဆိုပြီး ဟော်မုန်းဆေး လာထိုးခိုင်းတာ။

သူတို့ ပြဿနာက ကာမဆန္ဒ (Libido) အားနည်းလာတယ်။ပန်းသေ ပန်းညှိုး (impotence) ဖြစ်လာတယ်ဆိုပြီး ဟော်မုန်းအားဆေးထိုးခိုင်းခြင်းဖြစ်ပါတယ်။ ပန်းသေပန်းညှိုးတယ်ဆိုတာ ယောကျ်ားတစ်ယောက်ဟာ ကာမဆန္ဒရှိသော်လည်း လိင်အင်္ဂါမာတောင့်လာအောင် မစွမ်းဆောင်နိုင်တော့ခြင်း (Erectile dysfunction) ကိုခေါ်ပါတယ်။ တချို့ကျတော့လည်း ယောကျ်ားတစ်ယောက်ဟာ ကာမဆန္ဒအထွတ်အထိပ်ရောက်အောင် (၀ါ) သုက်ရည်ထွက်အောင် မပြုလုပ်နိုင်ခြင်း (Ejeculatory dysfunction) လည်း ဖြစ်တတ်ပါတယ်။

အဲဒီပန်းသေပန်းညှိုးခြင်း အမျိုးအစား ၂ ခုစလုံးဟာ ရုပ်ပိုင်းဆိုင်ရာ ရောဂါများကြောင့် ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဇီဝတင်တို့ မြန်မာစကားပုံမှာလည်း ရှိပါတယ်။ ယောကျ်ားတစ်ယောက်ဟာ အသက်အရွယ်ကြီးရင့် အိုမင်းသွားစေကာမူ ဖွဲတစ်ဆုပ် မနိုင်သည်အထိ ကျန်းမာနေသေးတယ်ဆိုရင် ဖိုမဆက်ဆံရေးကို ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခုနက ပြောခဲ့သလို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရှိနေရင်တော့ ပန်းသေပန်းညှိုးတဲ့ရောဂါ ပေါ်လာနိုင်ပါတယ်။

ဒီလိုပြဿနာမျိုးဟာ ယောကျ်ားတွေ အသက် ၄၀ နဲ့ ရဝ ကြားမှာ အဖြစ်အများဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ လူသန်း ၁၀၀ လောက် ဒီရောဂါဖြစ်ပွားနေကြပါတယ်။ ယောကျ်ားတစ်ယောက်ဟာ အလုပ်က ပင်ပန်းမယ်၊ စီးပွားရေးအတွက် စိုးရိမ်ပူပန်ရတာတွေ၊ စိတ်ဖိစီးတာတွေများမယ်၊ စိတ်ဓာတ်ကျနေမယ်ဆိုရင် ပန်းသေပန်းညှိုးတွေဖြစ်နိုင်ပါတယ်။ အဲဒီလိုလူတွေကိုတော့ လင်ရောမယားကိုပါခေါ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လိုက်ရင် ပြေလည်သွားနိုင်ပါတယ်။ ဘာဆေးမှ မပေးရဘဲနဲ့ ကောင်းသွားနိုင်ပါတယ်။ ဟိုးအရင်တုန်းကတော့ သစ်ရွက်၊ သစ်ဖု၊ သစ်ဥတွေနဲ့ ဖော်စပ်တဲ့ဆေးတွေကို လိမ်းကြ၊ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သောက်ကြ၊ လိမ်းကြနဲ့ အမျိုးမျိုးကုသခဲ့ကြပြီး ထိရောက်မှုတော့ မရှိခဲ့ကြပါဘူး။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမရှိဘူးဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာရောဂါများဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနှင့် သွေးတိုးရောဂါအတွက် သောက်ရသော ဆေးအချို့နဲ့ ဆီးကျိတ်ခွဲစိတ်ခံစားရခြင်းစသည်တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းတွေကို ဖယ်ရှားလိုက်ရင် ကောင်းသွားမှာပါ။

တကယ်လို့မှ အထက်ပါနည်းအတိုင်း ကုမရဘူးဆိုရင်တော့ နောက်ဆုံးပေါ် ကုသနည်းတွေရှိနေပါပြီ။ ယောကျ်ားလိင်အင်္ဂါထဲကို ဆေးထိုးပေးခြင်း၊ ဆီးပြွန်ထဲသို့ ဆေးညှစ်ထည့်ပေးခြင်း၊ လိင်အင်္ဂါထဲသို့ လိုအပ်သော ကိရိယာခွဲစိတ်ထည့်ပေးခြင်း၊ လိင်အင်္ဂါထဲမှာရှိတဲ့ သွေးလွှတ်ကြောများနဲ့ သွေးပြန်ကြောများကို ခွဲစိတ်ကုသခြင်း၊ နောက်ဆုံးပေါ်နေတဲ့ လိင်အင်္ဂါကိုသွားတဲ့ သွေးကြောတွေကို ကျယ်စေတဲ့ ဆေးပေး၍ ကုသခြင်းစသည်တို့ဖြစ်တယ်။ ဆေးနာမည်တွေသိချင်တယ် ဟုတ်လား? တိုးတိုးတိတ်တိတ် ကျိ်တ်မေးစရာမလိုပါဘူး ကိုယ့်လူရာ၊ ယောကျာ်းအချင်းချင်းပဲ ပွင့်ပွင့်လင်းလင်းပေါ့။ ဇီဝတင်ရှိသမျှ ဆေးနာမည်တွေ ရွတ်ပြရရင်တော့ Viagra တဲ့။ Edefra တဲ့၊ Penegra တဲ့။ သူရဲ့ ဓာတုဗေဒအမည်ကတော့ တစ်မျိုးတည်းပါပဲ။ Sildenafilcitrate ဖြစ်တယ်။ ဆေးအာနိသင်ကတော့ အမျိုးသားလိင်အင်္ဂါထဲကို သွေးအရောက်များစေအောင် သွေးကြောတွေ ကျယ်စေခြင်းအားဖြင့် လိင်အင်္ဂါအမြန်မာကျောစေခြင်းနဲ့ ကြာကြာမာကျောစေခြင်းတို့ဖြစ်တယ်။ များသောအားဖြင့် ဆေးသောက်ပြီး တစ်နာရီလောက်အတွင်းမှာ အာနိသင်ပြလာတယ်။ တချို့ကျတော့လည်း မိနစ် ၂၀ လောက်နဲ့ အာနိသင်ပြတယ်။ ဒီဆေးတွေက သုံးစွဲသူကို ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ အစာမကြေခြင်း၊ မျက်နှာနီရဲပြီး ပူလာခြင်း၊ မျက်စိမြင်ကွင်းအတွင်း အပြာစက်များပေါ်လာခြင်းတို့ ခံစားရတတ်တယ်ဗျ။ အရေးအကြီးဆုံးကတော့ သုံးစွဲမယ့် အမျိုးသားဟာ နှလုံးသွေးကြောကျဉ်းရောဂါရှိနေလို့၊ နှလုံးသွေးကြောကျယ်တဲ့ဆေးများ သုံးစွဲနေရသူဖြစ်ရင် ဒီဆေးတွေကို မသုံးသင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှပဲ ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှ သုံးစွဲရမှာဖြစ်ပါတယ်။

နာက်ပြီး သိစေချင်တာတစ်ခုက ဒီဆေးတွေဟာ ယောကျ်ားအားတိုးဆေးတော့ မဟုတ်ပါဘူး။ ကာမဂုဏ်ခံစားချင်စိတ်တက်ကြွလာအောင် လုပ်ပေးတာမဟုတ်ပါဘူး။ ပန်းသေပန်းညှိုးကို ကုသဖို့သာဖြစ်ပါတယ်။ အပျော်အပါးများချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆေးကို မသုံးသင့်ပါဘူး။ အသက် ၄၀ အောက် ယောကျ်ားတွေလည်း မသုံးသင့်ပါဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရပါစေခင်ဗျာ။

ဇီဝတင်

No comments