New Artical

မြန်မာနိုင်ငံ



အရှေ့တောင်အာရှရှိ အချုပ်ခြာပိုင်နိုင်ငံတစ်ခု

မြန်မာနိုင်ငံ (တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်)သည် အရှေ့တောင်အာရှတွင် ဧရိယာအားဖြင့် ဒုတိယ အကျယ်ဝန်းဆုံး နိုင်ငံဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ (အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် ၁၉၈၈ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင် လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။ အာဏာရစစ်အစိုးရအား အသိအမှတ် မပြုသော အဖွဲ့အစည်းများက ဘားမား ("Burma") ဟုသာ အသိအမှတ်ပြု သုံးစွဲခဲ့သည် [ကိုးကားချက်လိုသည်]။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစ၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။ နိုင်ငံတော်အလံကိုလည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀⁠၀၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ တွင် သတ်မှတ်ထားသည့် နိုင်ငံတော် အလံ ဖြင့် အစားထိုး၍ ပြောင်းလဲ အသုံးပြုခဲ့သည်။

ဝေါဟာရဗေဒ

၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အင်္ဂလိပ်ဘာသာဖြင့် (‌Burma) ဘားမားကို မြန်မာဟု ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းသည် အငြင်းပွားစရာ ဖြစ်ခဲ့သည် ။ ယေဘုယျအားဖြင့် မြန်မာသည် ၁၃၅မျိုးသော တိုင်းရင်းသားအားလုံး ကို ကိုယ်စားပြု၍ ဗမာ သည် ယင်း ၁၃၅ မျိုး အနက်မှ ဗမာလူမျိုးစု ကိုသာ ကိုယ်စားပြုသည်။ ဤအမည်နာမကို လွန်ခဲ့သည့် ၁၂ ရာစုခန့်ကတည်းက သုံးစွဲလာခဲ့ကြသည် ။ ဗမာမှာ လူများစုဗမာမျိုးနွယ်စု၏ ခေါ်ရာတွင် တရားဝင်ခေါ်သော အသုံးဖြစ်သည်။ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့စဉ်က ဗမာကို အင်္ဂလိပ်အခေါ် ဘားမား (Burma) ဟုသုံးခဲ့ကြသည်။ စစ်အစိုးရက 'မြန်မာ'သည် 'ဗမာ'ထက် လူနည်းစုများအား ပိုမိုခြုံငုံမိသည့် အချက်ကို ရောင်ပြန်ဟပ်စေလို၍ ဖြစ်သည်။ သမိုင်းကြောင်းအရ မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အမည်နာမ မရှိခဲ့ချေ။ လက်ရှိအနေ မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီအာဏာပိုင်များမှ ရှေးခေတ်ဗမာပြည်၏ အစိတ်အပိုင်း မည်သည့်အခါကမျှ မဖြစ်ခဲ့ဖူးသော အစွန်အဖျားဒေသ(ဗမာစကားမသုံးသော လူမျိုးများ နေထိုင်ရာဒေသ) များကိုထည့်သွင်းပြီး ဖန်တီးထားသောနယ်မြေဖြစ်သည် ။

အနောက်နိုင်ငံများက စစ်အစိုးရကို လက်မခံသည့်အတွက် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည်အား တရားဝင်ပြောင်းလဲရန် လုပ်ပိုင်ခွင့်မရှိဟု ယူဆကြသည် ။ ထို့ကြောင့် ၎င်းတို့သည် မြန်မာဘာသာဖြင့် မြန်မာနိုင်ငံဟု လက်ခံသုံးစွဲသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ဘားမားဟု ဆက်လက်သုံးစွဲလျှက်ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် သုံးနှုန်းသည့်အခါ သုံးစွဲသူအလိုက် "ဘားမား"သို့မဟုတ် "မြန်မာ"ကို ရွေးချယ်သုံးစွဲကြပြီး နည်းပညာအားဖြင့် အပြန်အလှန် ဖလှယ်သုံးစွဲနိုင်သော စကားလုံးများ ဖြစ်ကြသည်။

နိုင်ငံပြင်ပ သတင်းဌာနကြီးများ ဖြစ်သည့် ဘီ⁠ဘီစီ (BBC)၊ ဝေါလ်စထရိဂျာနယ် (Wall Street Journal) နှင့် ဖိုင်နင်းရှယ်တိုင်မ်း (Financial Times) တို့အပြင် အမေရိကန်နှင့် ဂရိတ်ဗြိတိန်အစိုးရများကပါ မြန်မာနိုင်ငံကို ဘားမားဟု ဆက်လက်ခေါ်ဝေါ်လျက်ရှိပြီး စီအင်အင် (CNN)၊ အီကော်နော်မစ် (The Economist)၊ နှင့် နယူးယောက်တိုင်မ်း (New York Times) တို့ကမူ မြန်မာဟူသည့် အသုံးအနှုန်းကို တိုင်းပြည်အဖြစ်လည်း ‌‌ကောင်း၊ ဘားမီစ်ဟူသည့် စကားလုံးကို နာမဝိသေသနအဖြစ်လည်းကောင်း လက်ခံကျင့်သုံးနေပြီဖြစ်သည်။

ဂရိတ်ဗြိတိန်၊ ကနေဒါနိုင်ငံ၊ ဩစတြေးလျနှင့် အမေရိကအစိုးရများသည် ဘားမား (Burma) ကို ဆက်လက်အသုံးပြုကြသည်။ သို့သော် ဥရောပသမဂ္ဂသည် ဘားမား/မြန်မာ (Burma/Myanmar) နှစ်မျိုးလုံးကို တွဲသုံးသည်။ တရုတ်နိုင်ငံသည် မြန်မာဟု မသုံးဘဲ ၎င်းတို့ထုံးတမ်းအခေါ်အဝေါ်အတိုင်း မြန်တျန့် (缅甸) ဟုသုံးသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား မြန်မာ (ミャンマー) ဟုခေါ်သော်လည်း မြန်မာလူမျိုးများအား ဘားမိစ် (Burmese) (ビルマ人) ဟု ဆက်လက်သုံးစွဲသည်။ ပြင်သစ်နိုင်ငံသည် အခြားနိုင်ငံအများစုကဲ့သို့ပင် ယခင်သုံးစွဲနေကျ ဘာသာပြန်ကိုသုံးပြီး မြန်မာပြည်ကို ဗိရ်မနီ (Birmanie) ဟုခေါ်ကြသည်။

၂၀၁၅ ခုနှစ် အစိုးရအသစ်တက်လာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းအခြေစိုက် သံရုံးရှိ သံအမတ်ကြီးများ၊ စစ်သံမှူးများ နှင့် ကောင်စစ်ဝန်များကို နေပြည်တော်တွင် တွေ့ဆုံကာ မြန်မာ ဟုခေါ်ခေါ် ဗမာ ဟုခေါ်ခေါ် အရေးမကြီးကြောင်း ပြောဆိုခဲ့သည်

သမိုင်း
ခေတ်ဦး

ယနေ့ မြန်မာမှုအဖြစ် ပုံဖော်ပေးခဲ့သည့် ယဉ်ကျေးမှုမှာ နှစ်ပေါင်း အတော်အတန်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများက သက်သေထူနိုင်သည်။ ရှမ်းပြည်နယ် ပြဒါးလင်းလိုဏ်ဂူအတွင်းရှိ ဂူနံရံပန်းချီများသည် ရှေးဟောင်းသုတေသီများ တွေ့ရှိထားသည့် ခေတ်ကာလ အစောဆုံး သမိုင်းသက်သေအထောက်အထားများ ဖြစ်သည်။

မွန်လူမျိုးများသည် အောက်ပိုင်းဧရာဝတီမြစ်ဝှမ်းဒေသသို့ အစောဆုံး ရွှေ့ပြောင်းခဲ့ကြသူများ ဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြပြီး ၎င်းတို့သည် ဘီစီ ၉၀၀ ပြည့်လယ်ခေတ်တွင် မြန်မာနိုင်ငံတောင်ပိုင်း၌ ကြီးစိုးလွှမ်းမိုးလာကြသည်။ မွန်လူမျိုးများသည်လည်း အရှေ့တောင်အာရှဒေသတွင် ထေရဝါဒဗုဒ္ဓဘာသာကို အစောဆုံး ကိုးကွယ်ယုံကြည်ကြသည့် လူမျိုးဖြစ်သည်။  ပျူလူမျိုးတို့သည် ဘီစီ ပထမရာစုနှောင်းပိုင်းတွင် အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာကြပြီး မြို့ပြ၊ တိုင်းနိုင်ငံများကို ထူထောင်ခဲ့ကြသည်။ အင်အားအတောင့်တင်းဆုံးပျူနိုင်ငံတော်မှာ သီရိခေတ္တရာဖြစ်သည်။ မွန်နှင့် ပျူတိုင်းပြည်တို့သည် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ပျူလူမျိုးများသည် ၆၅၆ ခုနှစ်တွင် သီရိခေတ္တရာကို စွန့်ခွာပြီး မြောက်ဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ပျူတို့တစ်စခန်း ပြန်ထခဲ့ကြသော်လည်း ၈၀၀ ခုအလယ်ပိုင်းတွင် နန်ချောင်နိုင်ငံမှ (လက်ရှိ တရုတ်နိုင်ငံ ယွင်နန်ပြည်နယ်) သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။

ပုဂံခေတ် (၁၀၄၄–၁၂၈၇)
ဗမာ တို့သည် ၇ ရာစုနှစ်ခန့်မှစ၍ ယနေ့တိဗက်ဒေသမှ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ဆင်းသက်ခဲ့ကြသည်။ အေဒီ ၈၄၉ ခုနှစ်ခန့်တွင် ပုဂံကို ‌အခြေပြု၍ အင်အားတောင့်တင်းသည့် မင်းနေပြည်တော်တစ်ခုကို ထူထောင်ခဲ့ကြသည်။ အနော်ရထာမင်းတရားကြီး (၁၀၄၄ – ၁၀၇၇) နန်းတက်ခဲ့သည့်ကာလက ‌ဗမာလူမျိုးများ၏ ဩဇာမှာ ယနေ့မြန်မာနိုင်ငံတစ်လွှားသက်ရောက်လွှမ်းမိုးခဲ့သည်။ ၁⁠၁၀၀ ခုနှစ်တွင်မူ အရှေ့တောင်အာရှတိုက်၏ ဒေသအတော်များ⁠များကို ပုဂံမင်းနေပြည်တော်မှ ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းကို အများက ပထမမြန်မာအင်ပါယာအဖြစ်လက်ခံကြသည်။ ၁၂၀၀ ခုနှစ်အနှောင်းပိုင်းကာလတွင် ကူဗလိုင်ခန် ဦးဆောင်သော မွန်ဂိုတို့က ပုဂံနေပြည်တော်အား သိမ်းပိုက်ခဲ့ကြသည်။

ထီးပြိုင်နန်းပြိုင်ခေတ် (၁၂၈၇–၁၅၃၁)

သို့သော် ၁၃၆၄ ခုနှစ်တွင် မြန်မာများသည် အင်းဝဒေသတွင် မိမိတို့၏ မင်းနေပြည်တော်ကို တည်ထောင်ခဲ့ကြပြီး မြန်မာ့ယဉ်ကျေးမှု၏ ရွှေရောင်လွှမ်းသော ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့ကြသည်။ သို့သော် ၁၅၂၇ ခုနှစ်တွင် ရှမ်းများက အင်းဝကို ဖျက်ဆီးပစ်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် မွန်တို့သည် ပဲခူးကို အခြေပြုပြီးအဓိကကျသော ကူးသန်းရောင်းဝယ်ရေးနှင့် ဘာသာရေး ဗဟိုအချက်အခြာအဖြစ် ပြန်လည်ရပ်တည်ခဲ့သည်။

တောင်ငူခေတ် (၁၅၃၁–၁၇၅၂)

အင်းဝမှ ထွက်‌ပြေးခဲ့ကြသော ဗမာများသည်၁၅၃၁ ခုနှစ်တွင် တောင်ငူ၌ တောင်ငူမင်းနေပြည်တော်ကို တပင်ရွှေထီးလက်အောက်တွင် ထူထောင်ခဲ့ကြသည်။ သူသည် မြန်မာနိုင်ငံကို စည်းရုံးပြီး ဒုတိယမြန်မာအင်ပါယာကို ထူထောင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဥရောပတိုက်သားများ၏ လွှမ်းမိုးမှုကြောင့် တောင်ငူမင်းနေပြည်တော်သည်လည်းကူးသန်း ရောင်းဝယ်ရေး ဗဟိုချက်အချာဖြစ်လာသည်။ ဘုရင့်နောင် မင်းတရားကြီးသည် မဏိပူရ၊ ဇင်းမယ်နှင့် အယုဓျာတို့အား သိမ်းသွင်း၍ နိုင်ငံတော်ကြီးအား ချဲ့ထွင်ခဲ့သည်။

သို့သော်လည်း အတွင်းပုန်ကန်မှုများနှင့် သိမ်းပိုက်နယ်‌မြေများကို ထိန်းချုပ်နိုင်ရန် လိုအပ်သော ဘုရင်မြစ်များ ချို့တဲ့မှုကြောင့်တောင်ငူနေပြည်တော်ကျဆုံးခဲ့ရသည်။ ပေါ်တူဂီများအား တိုက်ထုတ်ခဲ့သော အနောက်ဖက်လွန်မင်းတရားကြီးသည် ၁၆၁၃ ခုနှစ်တွင် မင်းဆက်သစ်တစ်ခုကို အင်းဝတွင် ထူထောင်ခဲ့သည်။ ၁၇၅၂ ခုနှစ်တွင် ပြင်သစ်တို့၏ အကူအညီဖြင့် ထကြွပုန်ကန်သော မွန်တို့ကြောင့်နေပြည်တော်ကျဆုံးခဲ့သည်။

ကုန်းဘောင်ခေတ် (၁၇၅၂–၁၈⁠၈၅)
၁၇၅၂ ခုနှစ်တွင် အလောင်းဘုရားသည် ကုန်းဘောင်မင်းဆက်ကို ထူထောင်ပြီး တတိယမြန်မာအင်ပါယာကြီးကို တည်ဆောက်ခဲ့သည်။ ၁၇၆၇ ခုနှစ်တွင် မြေဒူးမင်းတရားကြီးက အယုဓျာနိုင်ငံအား သိမ်းပိုက်အောင်မြင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုက ထိုင်းယဉ်ကျေးမှုအပေါ်အတော်လွှမ်းမိုးစေခဲ့သည်။ တရုတ်ပြည် ချင်မင်းဆက်သည် မြန်မာတို့၏ ကြီးထွားလာသော အင်အားကို စိုးရိမ်းသဖြင့်မြန်မာကို ၁၇၆၅ ၁၇၆၉ ခုနှစ်ကာလတွင်း တရုတ်  မြန်မာ စစ်ပွဲများလေးကြိမ်တိတိသိမ်းပိုက်ရန်ကြိုးစားအားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်မင်းဆက်များက အယုဓျာအား စွန့်လွှတ်ခဲ့ရသော်လည်း ရခိုင်နှင့် တနင်္သာရီတို့ကို ရရှိခဲ့သည်။

၁၈၂၄ ခုနှစ်ဘကြီးတော်မင်းတရားလက်ထက်တွင် စစ်သူကြီးမဟာဗန္ဓုလသည် အိန္ဒိယနိုင်ငံရှိဗြိတိသျှတို့၏ နယ်‌‌မြေနှင့် ထိစပ်နေသော အာသံပြည်နယ်ကို သိမ်းပိုက်ရာမှ စစ်မီးပွားခဲ့သည်။ ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲကို ၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရန္တပိုတွင် စာချုပ်ချုပ်၍ ငြိမ်းစေခဲ့ပြီး ကမ်းရိုးတန်းဒေသများဖြစ်သည့်ရခိုင်နှင့် တနင်္သာရီဒေသများကို စွန့်လွှတ်ခဲ့ရသည်။ ၁၈၅၂ ခုနှစ်တွင် သာယာဝတီမင်းတရားကြီးသည် နယ်စပ်ပြဿနာများမှ ပေါ်ပေါက်လာသည့် အခင်းများမှ အင်္ဂလိပ်အရာရှိများအားဖမ်းဆီးခဲ့သည်ကို အကြောင်း ပြုပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖန်တီးခဲ့ကြသည်။ ဤတစ်ကြိမ်တွင် အင်္ဂလိပ်တို့သည် ကျန်ရှိနေသေးသည့် ကမ်းရိုးတန်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတို့အား သိမ်းပိုက်ခဲ့သည်။ ၁၈⁠၈၅ ခုနှစ်တွင် မြန်မာကောက်တော်များသည် ဘုရင့်အမိန့်တော်အရ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာမှ ဘုံဘေ-ဘားမားသစ်ကုမ္ပဏီသည် သစ်များကို တရားမဝင်ခုတ်လှဲပြီး အခွန်တိမ်း ရှောင်ရန် ဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ သီပေါမင်းသည် ကုမ္ပဏီအားဒဏ်ရိုက်အရေးယူခဲ့သည် ကို ဗြိတိသျှတို့ဘက်မှ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံအား သိမ်းပိုက်ရန် အခွင့်အရေးအဖြစ် ယူဆခဲ့ပြီး ၁၈⁠၈၅ ခုနှစ်နိုဝင်ဘာတွင် ရက်သတ္တ နှစ်ပတ်တည်းနှင့် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ဆင်နွှဲခဲ့လေသည်။ သီပေါမင်းတရားကြီးနှင့် တကွ တော်ဝင်မိသားစုဝင်များအား ဖမ်းဆီးခဲ့ပြီး မဒြစ်သို့ ပြည်နှင် ဒဏ်ပေးခဲ့၍ နောက်ဆုံးတွင် ရတနာဂီရိသို့ ပို့ဆောင်ခဲ့ကြသည်။

ဗြိတိသျှအုပ်ချုပ်ရေး (၁၈⁠၈၆–၁၉၄၈)

မြန်မာနိုင်ငံသည် ၁၈⁠၈၅ ခုနှစ် နိုဝင်ဘာကုန်ပိုင်းတွင် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုအဖြစ် ကျရောက်သွားခဲ့ပြီး ၁၈⁠၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင် ဝိတိုရိယဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ဆက်သခဲ့ကြသည်။ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံသည် သီးခြားအုပ်ချုပ်နယ်မြေဖြစ်လာပြီး အိန္ဒယနိုင်ငံနှင့် ခွဲခဲ့သည်။ တိုင်းပြည်အတွင်းခွဲရေးတွဲရေး အရေးအခင်းကြောင့် ပေါ်ပေါက်လာသော အက်ကွဲကြောင်းသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းဆက်ဖြစ်လာသည့် ပြည်တွင်းဆူပူသောင်းကျန်းမှုများ၏ မြစ်ဖျားခံရာအဖြစ် တွေ့ရှိရမည်ဖြစ်သည်။

၁၉၄၀ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ) ကို တည်ထောင်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံတွင် စစ်သင်တန်းများတက်ရောက်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစစ်မျက်နှာတွင် အရေးပါသည့် အခန်းကမှ ပါဝင်ခဲ့သည်။ စစ်ပွဲ၏ ကနဦးပိုင်း မြန်မာပြည်စစ်ဆင်ရေးတွင် ဂျပန်ဦးဆောင်မှုသည် အောင်မြင်မှုများ ရရှိခဲ့ပြီး ဗြိတိသျှများအား မြန်မာပြည်အနှံ့မှ တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော်မဟာမိတ်များက ပြန်လည်တုံ့ပြန်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဇူလိုင်တွင် မဟာမိတ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာတို့သည် နှစ်ဘက်စလုံးမှ ပါဝင်ခဲ့ကြသည်။ မြန်မာများသည် အစပိုင်းတွင် ဂျပန်တို့ဘက်မှ ပါဝင်ခဲ့ကြသော်လည်း မြန်မာအချို့တို့သည် ၁၉၄၁-၁၉၄၂ ခုနှစ်များတွင် အင်္ဂလိပ်တို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၃ ခုနှစ်တွင် ချင်းတပ်နှင့် ကချင်တပ်များကို ဗြိတိသျှတို့ ထိန်းချုပ်သည့် နယ်စပ်ဒေသများတွင် ဖွဲ့စည်းခဲ့ကြသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်းများသည် ၁၉၄၃-၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အော့်ဝင်းဂိတ်၏ လက်အောက်၌ ချင်းဒစ်တပ်ဖွဲ့များအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အမေရိကန်များကန်-ကချင်အထူးတပ်များအားဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အောက်တွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ အခြားများစွာသော တပ်ဖွဲ့များမှာ ဗြိတိသျှအထူးစစ်ဆင်ရေးအဖွဲ့များ အောက်တွင် ပါဝင်ခဲ့ကြသည်။ ဗမာ့လွတ်မြောက်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ရခိုင်အမျိုးသားတပ်မတော်နှင့် အတူဂျပန်တို့ဘက်မှ ပါဝင်၍ ၁၉၄၂-၁၉၄၄ ခုနှစ်များတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အား ပြန်လှန်တွန်းလှန်ခဲ့ကြလေသည်။

၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကြားဖြတ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံအမှုဆောင်ကောင်စီအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံ တွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၁၉၄၇ ဇူလိုင်တွင် နိုင်ငံရေးပြိုင်ဘက်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အစိုးရအဖွဲ့ဝင်အချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။

ဒီမိုကရက်တစ်သမ္မတနိုင်ငံ (၁၉၄၈–၁၉၆၂)

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် ပထမဦးဆုံး သမ္မတ အဖြစ် စဝ်ရွှေသိုက် နှင့် ပထမဦးဆုံး ဝန်ကြီးချုပ်ဦးနု တို့ တာဝန်ယူခဲ့သော လွတ်လပ်သည့် သမ္မတနိုင်ငံဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ရပ်တည်ခဲ့လေသည်။ အခြားဗြိတိသျှကိုလိုနီနိုင်ငံများနှင့် မတူညီဘဲဓနသဟာယအဖွဲ့ဝင်အဖြစ်မပါဝင်ခဲ့ချေ။ အထက်လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ် ပါဝင်သော ပါလီမန်စနစ်ကို ကျင့်သုံးခဲ့သည်။

ယနေ့မြင်တွေ့ရသော မြန်မာနိုင်ငံသည် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံတို့ ပါဝင်သည့်မြန်မာပြည်မနှင့် ဗြိတိသျှတို့သီးခြားအုပ်ချုပ်ခဲ့သည့် နယ်ခြားဒေသတို့ကို ပူးပေါင်း၍ ဖွဲ့စည်းထားပြီး ပင်လုံစာချုပ်အရဖြစ်လာသော နယ်မြေအဖြစ်ဇစ်မြစ်လိုက်၍ ရလေသည်။ ၁၉၆၁ ခုနှစ်တွင် ထိုစဉ်က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်အဖြစ်နှင့် ယခင်ဝန်ကြီးပေး ခဲ့ဘူးသည့် ဦးသန့်သည် ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် အရွေးချယ်ခံခဲ့ရသည်။

စစ်အုပ်ချုပ်ရေး (၁၉၆၂–၂၀၁၁)

နိုင်ငံကို ၂၆ နှစ်တိုင်⁠တိုင်အုပ်ချုပ်ခဲ့သည့် နေဝင်း ဦးဆောင်သော စစ်အစိုးရက အာဏာသိမ်းယူသည့် ၁၉၆၂ ခုနှစ်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရပ်စဲသွားပြီး မြန်မာ့ဆိုရှယ်လစ်စနစ်လမ်းစဉ်ကို စတင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဦးသန့်၏ ဈာပနအခမ်းအနားမှ စတင်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုနှင့်အတူ သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ (၈⁠၈၈၈) တွင် တော်လှန်ရေးတစ်ရပ်၏ ဖြစ်လုဆဲ⁠ဆဲအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တန်ပြန်အနေနှင့် ဗိုလ်ချုပ်စောမောင်မှ အာဏာသိမ်းယူခဲ့သည်။ ၎င်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားပြီး စစ်အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ်များအား ရွေးချယ်တင်မြောက်မည့် စီမံချက်များကို ၁၉၈၉ ခုနှစ် မေ ၃၁ တွင် အပြီးသတ် ရေးဆွဲခဲ့ကြသည်။

၁၉၉ဝ ခုနှစ် မေတွင် လွတ်လပ်သော ရွေးကောက်တင်မြောက်ပွဲကို နှစ် ၃၀ အတွင်းပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ်ပါတီမှ စုစုပေါင်း အမတ်နေရာ ၄၈၉ အနက် ၄၀၉ နေရာကို အနိုင်ရရှိခဲ့သည်။ သို့သော်နဝတအစိုးရမှ ရွေးကောက်ပွဲ ရလဒ်များကို ငြင်းပယ်ခဲ့ပြီး ဆင်းပေးရန်ငြင်းဆိုခဲ့သည်။ နဝတအဖွဲ့သည် အင်္ဂလိပ်အခေါ် ဘားမား (Burma) အားမြန်မာ (Myanmar) ဟု ၁၉၈၉ ခုနှစ်တွင် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉⁠၉၁ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးဆောင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၁၉⁠၉၂ ခုနှစ်တွင် နဝတအဖွဲ့သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပဒေသစ် ရေးဆွဲရန် ဖော်ထုတ်ခဲ့ပြီး အမျိုးသားညီလာခံတစ်ရပ်ကို ၁၉⁠၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။

၁၉⁠၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများအဖွဲ့မှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ပြုခဲ့သည်။ အမျိုးသားညီလာခံသည် ဆက်လက် ကျင်းပလိုက် ရပ်နားလိုက်ဖြင့် စခန်းသွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများစွာတို့မှာ ညီလာခံတွင် ပါဝင်ခြင်းမရှိဘဲ တိုးတက်မှုမှာလည်း မရှိသလောက်ဖြစ်သည်။ ၂၀⁠၀၆ ခုနှစ် မတ် ၁၇ ရက်တွင် နအဖ စစ်အစိုးရသည် မြို့တော်ကို ပျဉ်းမနားအနီးရှိ ဒေသသို့ပြောင်းရွှေ့ခဲ့ကာ မင်းတို့၏ တည်နေရာ 'နေပြည်တော်' ဟုတရားဝင်‌ကြေညာခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် အမေရိကန်ဦးဆောင်သည့် မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအာဂျင်ဒါတွင် ထည့်သွင်းရေးကြိုးပမ်းမှုအောင်မြင်ခဲ့ပြီး လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သို့အရေးယူဆောင်ရွက်မည်ကို တရားဝင်ဆွေးနွေးရန် လမ်းစပေါ်ပေါက်ပြီဖြစ်သည်။

၂ဝဝ၆ ခုနှစ် နိုဝင်ဘာတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် မှ မြန်မာနိုင်ငံ၏ ဆက်တိုက်ကျူးလွန်ဖောက်ဖျက်နေသည့် စစ်တပ်မှ အဓမ္မလုပ်အား ပေးခိုင်းမှုများအား အပြည်ပြည်ဆိုင်ရာတရားရုံးချုပ်တွင် တိုင်တန်းအရေးယူနိုင်ရန် ကြေညာခဲ့သည်။

၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာသည်။

မြို့တော်များစာရင်း

သရေခေတ္တရာ အေဒီ ၃ ရာစု-အေဒီ ၉ ရာစု

ပုဂံ ၁ဝ၄၄–၁၂၈၇

စစ်ကိုင်းမြို့ ၁၃၁၅–၁၃၆၄၊ ၁၇၆ဝ–၁၇၆၄

အင်းဝမြို့ ၁၃၆၄–၁၇၅ဝ၊ ၁၇၆၄–၁၇၈၁

ပြည် ၁၄၈၅–၁၅၄၂၁၅၄၂–၁၆၀၈

တောင်ငူမြို့ ၁၄၈၅–၁၆၁၀

ရွှေဘိုမြို့ ၁၇၅ဝ–၁၇၅၃

ရန်ကုန်မြို့‌ ၁၈၆၂–၂ဝ⁠ဝ၆

အမရပူရမြို့ ၁၇၈၂–၁၈၂၃၁၈၄၁–၁၈၅၇

မင်းကွန်းမြို့ ၁၈၅၇–၁၈၆၁

မန္တလေးမြို့ ၁၈၆၁–၁၈⁠၈၆

နေပြည်တော် ၂ဝ⁠ဝ၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်

ပထဝီဝင်



မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်မြောက်အရပ်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံနယ်နိမိတ်၏ သုံးပုံတစ်ပုံ ၁၉၃ဝ ကီလိုမီတာ (၁⁠၁၉၉ မိုင်) မှာ တစ်ဆက်တစ်စပ်တည်းသော ကမ်းရိုးတန်းအဖြစ် တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် မြေဧရိယာအားဖြင့် ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အမှတ်စဉ် ၄၀ မြောက် မြေဧရိယာအကြီးဆုံး နိုင်ငံဖြစ်သည်။ ခေတ်သစ်ကာလအချိန်များတွင် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသော လူဦးရေမှ ယင်း၏ နိုင်ငံရေး၊ သမိုင်းကြောင်းနှင့် လူသားရင်းမြစ်များအား အဓိကအခန်းကဏ္ဍများမှ ဖော်ဆောင်လျက်ရှိသည်။ ၁၉⁠၉၂ ခုနှစ်က အာဏာရယူခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှအင်ပါယာ အောက်တွင် ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ လူမျိုးရေးတင်းမာမှုနှင့် အာဏာသိမ်းရန် ကြိုးစားအားထုတ်မှုများကို ဆက်လက်ရင်ဆိုင်ရလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှု နက်ရှိုင်းစွာခံနေရသည့် နိုင်ငံ၏ ယဉ်ကျေးမှုတွင် ထူးခြားသည့် ဗုဒ္ဓယဉ်ကျေးမှုနှင့် တိုင်းရင်သားဓလေ့များ ရောနှောလျက်ရှိသည်။

တည်နေရာ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှတိုက် အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်အထိ ကျယ်ဝန်းသည်။ အိမ်နီးချင်းနိုင်ငံများအဖြစ် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိပြီး တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တည်ရှိသည်။ ရန်ကုန်မြို့တော်ကို အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် မျဉ်းကြောင်းနှင့် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၅ မိနစ်မျဉ်းကြောင်းတို့ ဖြတ်သန်းသွားကြသည်။ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ မိနစ် ၃ဝ မျဉ်းကို မြန်မာစံတော်ချိန်မျဉ်းအဖြစ် သတ်မှတ်ထားရာ မြန်မာစံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် ၆ နာရီ မိနစ် ၃ဝ စောသည်။

အကျယ်အဝန်း

မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁,၂⁠၂၈ စတုရန်းမိုင် (၆၇၆,၅၇၈ စတုရန်းကီလိုမီတာ) ရှိသည်။ အရှေ့တောင်အာရှတိုက်တွင် ဒုတိယအကြီးဆုံးဖြစ်ပြီး မြေပြင်တဆက်တည်းအကျယ်အဝန်းအရဆိုလျှင် အကြီးဆုံးဖြစ်သည်။ ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ တက္ကဆက်ပြည်နယ်ထက် အနည်းငယ်သေးပြီး အာဖဂန်နစ္စတန်နိုင်ငံထက် အနည်းငယ်ကြီးမားသည်။ အရှေ့နှင့်အနောက် ၅၈၂ မိုင် (၉၃၆ ကီလိုမီတာ) ကျယ်ဝန်းပြီး တောင်နှင့်မြောက် ၁,၂၇၅ မိုင် (၂,ဝ၅၁ ကီလိုမီတာ) ရှည်လျားသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ်အရှည်သည် မိုင်ပေါင်း ၅,၂ဝဝ ခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်မိုင်ပေါင်း ၃,၈ဝ၈ မိုင် ဆက်စပ်လျက်ရှိရာတရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ (၁,၃၅၇ မိုင်)၊ မြန်မာ-ထိုင်း ၁,၃၁၄ မိုင်၊ မြန်မာအိန္ဒိယ ၈၅၇ မိုင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၅၂ မိုင်နှင့် မြန်မာ-လာအို ၁၂၈ မိုင် အသီးသီး ရှိကြသည်။ ရေမိုင်နယ်နိမိတ်မှာ နတ်မြစ်ဝမှ ကော့သောင်းအထိ အလျား ၁,၃၈၅ မိုင်ခန့်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ တည်ရှိကာ ပင်လယ်ကမ်းရိုးတန်းမှာ ၁၉၃ဝ ကီလိုမီတာ (၁⁠၁၉၉ မိုင်) ရှည်လျားသည်။ ကမ်းရိုးတန်း၏အလျားမှာ နိုင်ငံပတ်ပတ်လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသည်။ 


မြေမျက်နှာသွင်ပြင်

မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အကြမ်းအားဖြင့် အနောက်ဘက်တောင်တန်းကြီးများဒေသ၊ အလယ်ပိုင်း မြေနိမ့်မြစ်ဝှမ်း လွင်ပြင်ဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ သုံးပိုင်းပိုင်းခြားနိုင်သည်။ ဟိမဝန္တာတောင်တန်းသည် မြန်မာနိုင်ငံနှင့်ဆက်စပ်နေပြီး အနောက်ရိုးမတောင်တန်းအဖြစ် တောင်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ အနောက်ရိုးမတောင်တန်းဒေသ၏ မြန်မာနိုင်ငံမြောက်စွန်းတွင်ရှိသော ခါကာဘိုရာဇီတောင်မှာ ၅၈⁠၈၁ မီတာ (၁၉၂၉၅ ပေ) မြင့်၍ မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။ စာရာမေတိတောင်ထိပ်သည် ၁၂၅⁠၅၃ ပေမြင့်သည်။ မြန်မာနိုင်ငံတွင် ဟိမဝန္တာတောင်မကြီး၏ မြောက်မှ တောင်သို့ ဖြာဆင်းလာသော တောင်တန်းကြီးသုံးခုရှိရာယင်းတို့မှာ ရခိုင်ရိုးမ၊ ပဲခူးရိုးမနှင့် ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ကြလေသည်။ အနောက်ရိုးမတောင်တန်းကြီးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တံတိုင်းသဖွယ် ကာဆီးထားလျက်ရှိသည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသများတွင် ဧရာဝတီမြစ်ဝှမ်းဒေသသည် အကျယ်ဆုံးဖြစ်၍ ပထမပိုင်းကို မြစ်ဖျားမှ မန္တလေးမြို့အထိ၊ ဒုတိယပိုင်းကို မန္တလေးမှ ပြည်မြို့အထိ၊ တတိယပိုင်းကို ပြည်မြို့မှ မြစ်ဝအထိ ပိုင်းခြားလေ့လာတွေ့ရှိနိုင်သည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသတွင် စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတို့လည်း ပါဝင်သည်။ အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသ၌ ဇီးဖြူတောင်တန်း၊ မင်းဝံတောင်တန်း၊ မှန်ကင်းတောင်တန်းနှင့် ဂန့်ဂေါတောင်တန်းစသည့် တောင်တန်းငယ်များ တည်ရှိသည်။ ထိုဒေသ၌ ပဲခူးရိုးမတောင်တန်းသည် မြောက်မှတောင်သို့ တွန့်ခေါက်သွယ်တန်းလျက် ရှိသည်။ အရှေ့ဘက် ကုန်းမြင့်ဒေသမှာ ရှမ်းကုန်းပြင်မြင့်ဒေသဖြစ်၍ ပျမ်းမျှ ပေပေါင်း ၃ဝ⁠ဝဝ မှ ၄ဝ⁠ဝဝ အထိ မြင့်သည်။ ကုန်းပြင်မြင့်ဆိုသော်လည်း ညီညာနေခြင်းမဟုတ်ဘဲ မြင့်မောက်သော တောင်တန်းကြီးများရှိပြီး သံလွင်မြစ်သည် ရှမ်းကုန်းပြင်မြင့်ဒေသမှ တနင်္သာရီကမ်းမြောင်မြောက်ပိုင်း မြေညီလွင်ပြင်သို့ စီးဆင်းသည်။ ရှမ်းကုန်းပြင်မြင့်၌ မြစ်ဖျားခံသော ရွှေလီ၊ မြစ်ငယ်၊ ဇော်ဂျီနှင့် ပန်းလောင်မြစ်တို့သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြသည်။ ဧရာဝတီမြစ်သည် မြန်မာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး ၂၁၇ဝ ကီလိုမီတာ (၁၃၄၈ မိုင်‌) နီးပါးရှည်လျားပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ တောင်စဉ်တောင်တန်းကြီးအကြားတွင် မြေဩဇာကောင်းမွန်သော လွင်ပြင်ကျယ်ကြီးများ တည်ရှိလေသည်။ မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းကုန်းပြင်မြင့်ကြားတွင် ရှိသည့် ဧရာဝတီမြစ်ဝှမ်းဒေသတလျှောက် နေထိုင်ကြသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၎င်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ထိန်းသိမ်းပေးရာရောက်ခဲ့သည်။ သစ်တောအုပ်ကြီးများ ထူထပ်သိပ်သည်းသည့် အမြဲစိမ်းသစ်တောများနှင့် ကျွန်းတောကြီးများသည် အောက်မြန်မာနိုင်ငံ၏ ၄၉ ရာခိုင်နှုန်း ‌ကျော်သော ဧရိယာကို ဖုံးလွှမ်းလျက်ရှိသည်။ ဤဒေသတွင် အလေ့ကျပေါက်ရောက်သော အပင်များတွင် ကြက်ပေါင်စေးပင်၊ ရှားပင်၊ ပျဉ်းကတိုးပင်၊ လမုတော၊ အုန်းပင်နှင့် ကွမ်းသီးပင်များ ပါဝင်လေသည်။ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ဇလပ်ပင်မျိုးစုံတို့ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း အပူပိုင်းဒေသသစ်သီးဝလံမျိုးစုံပေါက်ရောက်ကြသည်။ မိုးနည်းရပ်ဝန်းဒေသတွင်မူ အပင်များမှာ ကြဲပြီးလှီကြသည်။

သားရဲတိရစ္ဆာန်များ

တောင်တွင်းသားရဲတိရစ္ဆာန်များအနက် ကျားနှင့် ကျားသစ်တို့သည် မြန်မာနိုင်ငံတွင် တွေ့ရတတ်လေ့ရှိသည်။ အထက်မြန်မာနိုင်ငံတွင် ကြံ့၊ ကျွဲရိုင်း၊ တောဝက်၊ သမင်၊ ဒရယ်နှင့် ဆင်များကို တွေ့နိုင်ပြီး ဆင်များကို ယဉ်အောင်မွေးယူ၍ သစ်လုပ်ငန်းများတွင် ခိုင်းစေအသုံးချကြသည်။ သေးငယ်သော နို့တိုက်သတ္တဝါများမှာလည်း ပေါများလှပြီး မျောက်လွှဲကျော်နှင့် မျောက်များမှအစ ရှူးပျံနှင့် ကြံ့သူတော်များအဆုံး တွေ့မြင်ရသည်။ ငှက်မျိုးစုစုပေါင်း ၈၀⁠၀ ကျော်ခန့်တွင် ကြက်တူရွေး၊ ရစ်၊ ဥဒေါင်း၊ ကျီးကန်း၊ ငဟစ်နှင့် စပါးခင်းငှက်များ ပါဝင်ပါသည်။ တွားသွားသတ္တဝါတွင်မူ မိချောင်း၊ တောက်တဲ့၊ ‌မြွေဟောက်၊ စပါးကြီးမြွေနှင့် လိပ်တို့ကို ပါတွေ့ရှိနိုင်သည်။ ရေချိုငါးမျိုးစုပေါင်း ရာနှင့်ချီ၍ တွေ့မြင်ရပြီး လွန်စွာမှ ပေါများကာ အရေးပါသည့် အစာအဟာရ ရင်းမြစ်လည်း ဖြစ်သည်။

ရာသီဥတု

မြန်မာနိုင်ငံသည် များသောအားဖြင့် ဥတ္တရယဉ်စွန်းတန်းနှင့် အီကွေတာအကြားတွင် ကျရောက်တည်ရှိသည်။ မြန်မာနိုင်ငံသည် အာရှဒေသ၏ မှတ်သုံရပ်ဝန်းဒေသတွင် ကျရောက်ပြီး ၎င်း၏ ကမ်းရိုးတန်းဒေသများရရှိသော မိုးရေချိန်မှာ နှစ်စဉ် ၅ဝ⁠ဝဝ မမ (၁၉၇ လက်မ) ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် နှစ်စဉ်မိုးရေချိန်မှာ ၂၅ဝဝ မမ (၉၈ လက်မ) ဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော မိုးနည်းရပ်ဝန်းဒေသတွင် နှစ်စဉ်မိုးရေချိန် ၁၀⁠၀၀ မမ (၃၉ လက်မ) ထက်နည်းလေသည်။ မြောက်ဘက်ဒေသများသည် အအေးဆုံးဖြစ်ပြီး ပျမ်းမျှအပူအချိန် ၂၁ ဒီဂရီစင်တီဂရိတ် (၇၀ ဒီဂရီ ဖာရင်ဟိုက်) ရှိလေသည်။ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၏ ပျမ်းမျှအပူချိန်မှာ ၃၂ ဒီဂရီစင်တီဂရိတ် (၉ဝ ဒီဂရီဖာရင်ဟိုက်) ရှိလေသည်။

အကြမ်းအားဖြင့် နွေ၊ မိုး၊ ဆောင်း ဟူ၍ သုံးရာသီ ပိုင်းခြားထားသည်။ မတ်လမှ မေလလယ်အထိ နွေဥတု၊ မေလလယ်မှ အောက်တိုဘာလကုန်အထိ မိုးဥတုနှင့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလကုန်အထိ ဆောင်းဥတုဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံသည် အပူပိုင်းမုတ်သုံရာသီဥတု ရှိသော်လည်း မြေမျက်နှာပြင်အနေအထား ကွဲပြားခြားနားမှုကြောင့် တစ်နေရာနှင့်တစ်နေရာ ရာသီဥတု ကွဲပြားသွားသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တစ်နှစ်လျှင် စုစုပေါင်း မိုးရေချိန်လက်မ ၄ဝ အောက်သာရရှိပြီး ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂ဝဝ ခန့်ရရှိသည်။

နွေဥတုဖြစ်သော မတ်လနှင့်ဧပြီလများတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ပျမ်းမျှအမြင့်ဆုံး အပူချိန်မှာ ၁⁠၁ဝ ဒီဂရီဖာရင်ဟိုက် (၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်) အထက်ဖြစ်၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ၉၇ ဒီဂရီ ဖာရင်ဟိုက် (၃၆ ဒသမ ၁ ဒီဂရီစင်တီဂရိတ်) ခန့်နှင့် ရှမ်းကုန်းပြင်မြင့်တွင် ၈၅ မှ ၉၅ ဒီဂရီဖာရင်ဟိုက် (စင်တီဂရိတ် ၂၉ ဒသမ ၄ နှင့် ၃၅ ဒီဂရီ) အတွင်းရှိသည်။ မြို့များ၏ တည်နေရာနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်ကိုလိုက်၍ အပူချိန်ကွာခြားသည်။ အပူချိန်မြင့်လွန်းခြင်း၊ နိမ့်ကျလွန်းခြင်းများ မရှိပေ။ တိုက်ခတ်သော လေကြောင်းနှင့် လေဖိအားအခြေအနေများကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်စေသည်။ အချို့နှစ်များတွင် မုန်တိုင်းပြင်းထန်စွာ ကျရောက်သဖြင့် ကမ်းရိုးတန်းဒေသများတွင် ရံဖန်ရံခါမုန်တိုင်းဒဏ်ခံရသည်။ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာနိုင်ငံတွင်ပေါ်ပေါက်ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်များတွင် အဆိုးရွား၊ အကြမ်းတမ်းဆုံးသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို မြန်မာနိုင်ငံသည် ၂ဝ⁠ဝ၈ ခုနှစ် မေလ ၂ရက်နေ့၌ ကြုံတွေ့ခဲ့ရသည်။ ရာသီဥတုမှန်ကန်မျှတမှုကို အထောက်အကူပြုစေရန်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နိုင်ငံတော်က ဦးစားပေး အကောင်အထည်ဖော်လျက်ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ

မြန်မာနိုင်ငံသည် ပြည်နယ် ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနှစ်တိုင်းတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။ တိုင်းဒေသကြီးများတွင် ဗမာများ အဓိကနေထိုင်ကြပြီး ပြည်နယ်များတွင် မျိုးနွယ်စုတိုင်းရင်သားများ နေထိုင်ကြသည်။ အုပ်ချုပ်ရေးအရမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအဖြစ် ထပ်မံခွဲထားသည်။ အဓိကမြို့ကြီးများ အားခရိုင်နှင့် မြို့နယ်များအဖြစ် ထပ်မံခွဲထားသည်။



တိုင်းဒေသကြီးများ

ဧရာဝတီတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး

ပြည်နယ်များ

ကချင်ပြည်နယ်

ကယားပြည်နယ်‌

ကရင်ပြည်နယ်

ချင်းပြည်နယ်

မွန်ပြည်နယ်

ရခိုင်ပြည်နယ်

ရှမ်းပြည်နယ်

စီးပွားရေး

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် နိုင်ငံတစ်ခုဖြစ်သည်။ ဆယ်စုနှစ်များစွာစီးပွားဆုတ်ယုတ်မှု၊ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ တားဆီးပိတ်ဆို့မှုဒဏ် ခံနေရသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်နှုန်း (GDP) မှာ နှစ်စဉ် ၂.၉ ရာခိုင်းနှုန်းသာရှိသည်။ မဟာမဲခေါင်မြစ်ဝှမ်း ဒေသခွဲနိုင်ငံများတွင် တိုးတက်မှု အနိမ့်ဆုံးဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းပြီးနောက်ဝန်ကြီးချုပ်ဦးနုသည် မြန်မာနိုင်ငံကို သာယာဝပြောသည့် ပြည်တော်သာနိုင်ငံတော်အဖြစ် ထူထောင်ရန် အားထုတ်ခဲ့သည်။ ဦးနု အစိုးရသည် နှစ်⁠နှစ်တာ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်အစိုးရက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူအပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှလွဲ၍ စက်မှုလက်မှုကဏ္ဍအားလုံးကို ပြည်သူပိုင်သိမ်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရသည် စီးပွားရေးချုပ်ကိုင်မှုများကို ‌လျှော့ချခဲ့သည်။ ပုဂ္ဂလိကပိုင် လုပ်ငန်းများအား အတင့်အသင့် တိုးချဲ့ခွင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သောကြောင့် နိုင်ငံအတွက် လိုအပ်နေသည့် နိုင်ငံခြားဝင်ငွေများ ရရှိခဲ့သည်။  သို့သော်လည်း အမြတ်စွန်းများသော ကျောက်မျက်ရတနာ၊ ရေနံနှင့် သစ်လုပ်ငန်းကိုမူ ဆက်လက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီများမှာ မြန်မာ့သယံဇာတများအားထုတ်လုပ်နိုင်ရန် အစိုးရနှင့် အကျိုးတူဖက်စပ်လုပ်ငန်းများ ထူထောင်ကာဝင်ရောက်နေရာယူကြသည်။
မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်များစာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။ ၁၉၉၂ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံတော်အကြီးအကဲဖြစ်လာပြီး နောက်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးခဲ့သည်။ သို့သော်နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် သွားရောက်လည်ပတ်မှုမှာ ဦးရေ ၇၅ဝ,ဝ⁠ဝဝ ပင် မပြည့်ပါ။ မကြာမီနှစ်များက တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် စီးပွားရေးအကျိုးအတွက်ငှာ စစ်အစိုးရနှင့်ဆက်နွယ်မှုများကို အားဖြည့်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် အမေရိကန်၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပိတ်ပင်မှုများကို ချမှတ်လာကြသည်။ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှာ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ထိုင်းတို့မှဖြစ်သည်။

ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့သည်။။ ထစ်ချိန်က မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။ ဗြိတိသျှတို့ အုပ်ချုပ်စဉ်အခါက ရေနံကို ဘီအိုစီကုမ္ပဏီမှတစ်ဆင့် တင်ပို့ရောင်းချခဲ့သည်။ မြန်မာပြည်အနေနှင့် လူအားအရင်းအမြစ်နှင့် သဘာဝသယံဇာတများကိုပါ ပိုင်ဆိုင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ကျွန်းသစ် ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စာတတ်မြောက်သည့် လူဦးရေမှာလည်း မြင့်မားလှသည်။ ထိုအချိန်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ အရှိန်အဟုန်ဖြင့် ဦးတည်လျှောက်လှမ်းလျက်ရှိခဲ့သည်ဟု အများက ယုံကြည်လက်ခံခဲ့ကြသည်။

ယနေ့မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံ လုံလောက်မှု မရှိသေးပေ။ ကုန်စည်များကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ရောင်းဝယ်ဖောက်ကားကြပြီး နယ်စပ်လမ်းကြောင်းမှပင် တရားမဝင်မူးယစ်ဆေးဝါးများအား ပြည်ပသို့ မှောင်ခိုတင်ပို့ကြသည်။ ရထားသံလမ်းများမှာလည်း ဟောင်းနွမ်း၊ ဆွေးမြေ့လျက်ရှိပြီး ၁၉⁠၉၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ချိန်မှစ၍ မွန်းမံပြင်တင်မှု မရှိသလောက်ပင် ဖြစ်သည်။  အဝေးပြေးလမ်းမကြီးများမှာလည်း မြို့ကြီးများမှလွဲ၍ သေချာခင်းထားခြင်းမရှိချေ။ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။  မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းထုတ်လုပ်မှု ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်ပြီး၊ ကမ္ဘာ့ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အမ်ဖက်တမင်း စိတ်ကြွဆေးပြား အပါအဝင်မူးယစ်ဆေးဝါးအဓိက မြစ်ဖျားခံရာလည်း ဖြစ်သည်။ အခြားစီးပွားရေးလုပ်ငန်းများတွင် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ယက္ကန်းနှင့် အထည်အလိပ်၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ပါဝင်သည်။

စိုက်ပျိုးရေး

အဓိကကျသော စိုက်ပျိုးရေးထွက်ကုန်မှာ ဆန်စပါး ဖြစ်ပြီး နိုင်ငံ၏ စိုက်ပျိုးမြေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးသည်။ ဆန်စပါးသည် စုစုပေါင်းသီးနှံထုတ်လုပ်မှု အလေးချိန်အားဖြင့် ၉၇ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၆၆ နှင့် ၁၉⁠၉၇ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအရ ခေတ်မီဆန်မျိုးရင်းပေါင်း ၅၂ မျိုးအား ဖြန့်ဖြူးခဲ့သည်။ ဤသို့ဖြင့် ဆန်စပါးထုတ်လုပ်မှုကို ၁၉၈၇ ခုနှစ်တွင် တန်ချိန် ၁၄ သန်းနှင့် ၁၉⁠၉၆ ခုနှစ်တွင် ခေတ်မီမျိုးစပါးများကို နိုင်ငံ၏ ထက်ဝက်ရှိ လယ်ကွင်းများစီသို့ ဖြန့်ကျက်စိုက်ပျိုးနိုင်ခဲ့ပြီး ရေသွင်းစိုက်ပျိုးမြေ၏ ၉၈ ရာခိုင်နှုန်းထိစိုက်ပျိုးနိုင်ခဲ့သည်။ မြန်မာ့စီးပွားရေးကဏ္ဍတွင် ခေတ်မှီနည်းပညာ ကျွမ်းကျင်သူ ပညာတတ်လုပ်သားအင်အားချို့တဲ့ခြင်းမှာ ကြီးထွားလျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်သည်။

လူမှုပထဝီဝင်

လူဦးရေပျံ့နှံ့နေထိုင်မှု

ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကျော်နေထိုင်ပြီး အဓိကအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့်ရှမ်းစသည့် မျိုးနွယ်စုများ မှီတင်းနေထိုင်ကြသည်။ ၁၉⁠၉၈-၉⁠၉ခုနှစ်စာရင်းများအရ လူဦးရေ ၄၇ ဒသမ ၂၅ သန်းရှိပြီး လူဦးရေတိုးနှုန်းမှာ ၁ ဒသမ ၈၄ ရာခိုင်နှုန်း ဖြစ်သည်။ ၁-၁ဝ–၂ဝ၁ဝ ရက်နေ့ရှိ ခန့်မှန်းလူဦးရေမှာ ၅၉ ဒသမ ၇၈ သန်းရှိသည်။ အမျိုးသားဦးရေ ၂၉ ဒသမ ၇၂ သန်းနှင့် အမျိုးသမီးဦးရေ ၃ဝ ဒသမ ဝ၆ သန်းရှိသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁,၄၈၆,၂၅၃ ယောက် ရှိသည်။ မြန်မာနိုင်ငံ လူဦးရေ၏ (၃၉.၈) ရာခိုင်နှုန်းသည် အသက် (၁၅) နှစ်မှ (၃၅) နှစ် အရွယ် လူငယ်များ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၄၀ မှ ၅၅ သန်းခန့်ရှိသည်‌။ လက်ရှိလူဦးရေစစ်တမ်းမှာ ခန့်မှန်းခြေမျှသာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနမှ ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် မပြီးပြည့်စုံသော စစ်တမ်းပေါ်တွင် အခြေခံထားသောကြောင့် ဖြစ်သည်။ ၁၉၃ဝ ခုနှစ်မှစ၍ တိကျခိုင်လုံသော ပြည်လုံးကျွတ်စစ်တမ်း ကောက်ယူခဲ့ခြင်း မရှိချေ။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေသိပ်သည်းနှုန်းမှာ တစ်စတုရန်းကီလိုမီတာလျှင် ၇၅ ရာခိုင်နှုန်းဖြစ်ပြီး အရှေ့တောင်အာရှတွင် လူဦးရေထူထပ်မှု အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယမြန်မာနယ်စပ်၊ ဘင်္ဂလားဒေရှ်မြန်မာနယ်စပ်နှင့် ထိုင်းမြန်မာနယ်စပ်များတစ်လျှောက်တွင် ဒုက္ခသည်စခန်းများရှိနေပြီး ထောင်ပေါင်းများစွာမှာလည်း မလေးရှားနိုင်ငံတွင် ရှိလေသည်။ လျှော့⁠လျှော့ပေါ့ပေါ့ တွက်သည်ဆိုဦးတော့၊ တိုင်းတစ်ပါးရောက် မြန်မာဒုက္ခသည်ဦးရေ ၂၉၅,၈ဝ⁠ဝ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းရပြီး အများစုမှာ ကရင်နှင့် ကရင်နီများဖြစ်ကြလေသည်။

မျိုးနွယ်စုများ

မြန်မာနိုင်ငံရှိ လူမျိုးနွယ်စုများမှာ များစွာကွဲပြားခြားနားကြသည်။ အစိုးရက လူမျိုးပေါင်း ၁၃၅ မျိုးအား တရားဝင် အသိအမှတ်ပြုထားသော်လည်း လက်တွေ့မှာမူ အနည်းဆုံး ၁၀၈ မျိုးရှိနိုင်သည်ဟု ခန့်မှန်းရသည်။  ဗမာလူမျိုး သည် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းရှိသည်။ ၁၀ ရာခိုင်နှုန်းသည် ရှမ်းလူမျိုး ဖြစ်ပြီ၊ ကရင်လူမျိုး သည် ၇ ရာခိုင်နှုန်းရှိသည်။ ရခိုင်လူမျိုး သည် ၄ ရာခိုင်နှုန်းရှိသည်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးမှာ ၃ ရာခိုင်နှုန်းနီးပါးရှိသည်။ မွန်လူမျိုးများမှာ ၂ ရာခိုင်နှုန်းရှိသည်‌။ ကျန်မျိုးနွယ်စုများမှာ ကချင်၊ ချင်း၊ အိန္ဒိယနွယ်ဖွားနှင့် အခြားသော လူနည်းစု အုပ်စုများဖြစ်ကြသည်။
ဘာသာစကားများ

မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ဘာသာစကားအုပ်စုကြီး လေးမျိုးရှိသည်။ ၎င်းတို့မှာ တရုတ်-တိဗက်၊ ဩစတြိုနီးရှန်း၊ တိုင်းကဒိုင်နှင့် အင်ဒို-ဥရောပတို့ဖြစ်ကြသည်‌။ တရုတ်-တိဗက်သည် အကျယ်ပြန့်ဆုံးအသုံးပြုသော ဘာသာစကားဖြစ်သည်။ ယင်းတွင် ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် တရုတ်ဘာသာများ ပါဝင်သည်။ တိုင်-ကဒိုင်ဘာသာတွင် အဓိကမှာ ရှမ်းဘာသာဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကပြောဆိုသည့် ဩစတြိုနီးရှန်းစကားမှာ မွန်ဘာသာဖြစ်သည်။ အဓိကကျသော အင်ဒို-ဥရောပဘာသာစကားနှစ်မျိုးမှာ ဗုဒ္ဓဘာသာ စာပေသုံးပါဠိဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြစ်သည်။

မြန်မာဘာသာစကားသည် ဗမာတို့၏ မိခင်ဘာသာစကားနှင့် ရုံးသုံးဘာသာစကားများ ဖြစ်ပြီး တိဗက်နှင့် တရုတ်ဘာသာစကားများနှင့်လည်း နီးစပ်လေသည်။ ဗျည်းအက္ခရာ ရေးသားပုံစနစ်မှာ လခြမ်းပုံနှင့် စက်ဝိုင်းပုံများကို အခြေထားသော မွန်အက္ခရာစနစ်မှ ဆင်းသက်လာသည်။ မြန်မာအက္ခရာအရေးအသားတွင် မွန်ပုံစံကို အခြေခံထားပြီး မွန်အက္ခရာစနစ်သည် ၇၀၀ ပြည့်နှစ်က တောင်ပိုင်းဗြဟ္မိအက္ခရာစနစ်ပေါ်တွင် အခြေခံထားလေသည်။ ရှေးအကျဆုံးမြန်မာအရေးအသားကို လွန်ခဲ့သည့် နှစ် ၁၀⁠၀၀ ကျော်လောက်က တွေ့ရှိခဲ့သည်။ ဤအရေးအသားစနစ်ကို ထေရဝါဒဗုဒ္ဓဘာသာ၏ ကျမ်းဂံများ ရေးသားရာတွင် သုံးသည်။ ပါဠိစာပေရေးသားရာတွင်လည်း အသုံးပြုသည်။ ရှမ်း၊ ကရင်နှင့် ကယားစာပေများ ရေးသားရာတွင်လည်း မြန်မာအက္ခရာများနှင့်အတူ သီးခြားတီထွင်ထားသော ဗျည်းအက္ခရာများ၊ အသံထွက်ပြ သင်္ကေတများကိုလည်း အသုံးပြုထားသည်။ မြန်မာစကားသည် အရိုအသေပြုသုံးနှုန်းခြင်းနှင့် အသက်အရွယ်အလိုက်‌ပြောဆိုသုံးနှုန်းရခြင်းများပါဝင်သည်။ မြန်မာလူမှုရေးစနစ်သည် ပညာရေးကိုအလေးပေးသည်။ ကျေးရွာများတွင် လောကီပညာများကို ဘုန်းတော်ကြီးကျောင်းများ၌ သင်ယူကြရသည်။ နိုင်ငံတော်က ဖွင့်လှစ်သည့် အစိုးရ ကျောင်းများက အလယ်တန်းများနှင့် အထက်တန်းပညာများအား တာဝန်ယူသင်ကြားပေးသည်။

ပညာရေး

ယူနက်စ်ကို (UNESCO) စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ တရားဝင်စာတတ်မြောက်နှုန်းမှာ ၂၀⁠၀၀ ပြည့်နှစ်က ၈၉.၉ ရာခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံသည် သမိုင်းအစဉ်အဆက်ကတည်းက စာတတ်မြောက်နှုန်း မြင့်မားခဲ့သည်။ သို့သော် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းဝင်နိုင်ပြီး ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်အတွက် ဆိုရှယ်လစ်ပါတီအစိုးရက ၁၉၈၇ ခုနှစ် စာတတ်မြောက်နှုန်းကို ၇၈.၆ ရာခိုင်နှုန်းမှ ၁၈.၇ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ သို့သော်အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးဌာနကမူ အလုပ်ဖြစ်ရန် စာတတ်မြောက်နှုန်းကို ၃၀ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။

ကိုးကွယ်ယုံကြည်မှု

မြန်မာနိုင်ငံတွင် ထွန်းကားသော ဗုဒ္ဓဘာသာမှာထေရဝါဒ ဗုဒ္ဓဘာသာဖြစ်သည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်သည် []။ စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ ၈၉ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ယုံကြည်ကြပြီး အထူးသဖြင့် ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်နှင့် တရုတ်လူမျိုးအများစုဖြစ်ကြသည်။ ခရစ်ယာန်ဘာသာကို ၄ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ပြီး အထူးသဖြင့် ကချင်၊ ချင်းနှင့် ကရင်အပြင် သာသနာပြုလုပ်ငန်းများ ထွန်းကားခဲ့သည့် ဒေသအသီးသီးရှိ ဥရောပ-အာရှမျိုးနွယ်စုများဖြစ်သည်။ မြန်မာနိုင်ငံ၏ ခရစ်ယာန်ဘာသာဝင်များအနက် ငါးပုံလေးပုံမှာ ပရိုတက်စတင့်များ (Protestants) ဖြစ်ကြပြီး အဓိကအားဖြင့် မြန်မာနှစ်ခြင်းကွန်ဗင်ရှင်းအသင်းဝင် နှစ်ခြင်းခရစ်ယာန်များ ဖြစ်ကြသည်။ ကျန်သူများမှာ ရိုမန်ကက်သလစ်ဘာသာဝင် (Roman Catholics) များဖြစ်ကြသည်။

လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာ ကို ကိုးကွယ်ကြပြီး အများစုမှာ ဆူနီများဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တို့တွင် အိန္ဒိယတိုင်းရင်းသား၊ အိန္ဒိယ-မြန်မာ၊ ပါရှန်း၊ အာရပ်နှင့် ပန်းသေးများ ပါဝင်ကြသည်။ ဟိန္ဒူဘာသာကို ကိုးကွယ်သူ အနည်းငယ်မျှသာ ရှိသည်။

၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု အပြည့်အဝရှိပြီး ခြားနားသော ဘာသာအယူဝါဒများ လွတ်လပ်စွာရှင်သန်ထွန်းကားနိုင်မှုသည် ရှေးအစဉ်အဆက်ကပင် တည်ရှိခဲ့သော အစဉ်အလာဖြစ်သည်။ ထို့ကြောင့် ဘာသာရေး အဆောက်အအုံများ၊ ဘာသာအယူဂိုဏ်းကွဲများ၊ ဘာသာရေးပွဲလမ်းများ၊ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ကြသည်။ ဘာသာဝင်အမျိုးအစားအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာဝင်မှာ လူဦးရေ၏ ၈၉ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ အများစု ဖြစ်သော်လည်း အခြားဘာသာဝင်များလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြသည်။ ယင်းတို့တွင်ခရစ်ယာန် ဘာသာဝင် ၅ ဒသမ ဝ၆ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဟိန္ဒူ ဘာသာကိုးကွယ်သူ ဝ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ဝ ဒသမ ၂ ရာခိုင်နှုန်း ရှိကြသည်။

ယဉ်ကျေးမှု

မြန်မာနိုင်ငံတွင် ကွဲပြားခြားနားသည့် ဒေသခံရိုးရာယဉ်ကျေးမှုများစွာ ရှိသော်လည်း အဓိကပင်တိုင်မှာ ဗုဒ္ဓဘာသာနှင့် ဗမာယဉ်ကျေးမှုသာဖြစ်သည်‌။ ဗမာ့ယဉ်ကျေးမှုသည်လည်း အိမ်နီးချင်းနိုင်ငံ၏ယဉ်ကျေးမှုများက လွှမ်းမိုး လေသည်။ ဤသည်ကို ယင်း၏ဘာသာစကား၊ အစားအသောက်၊ ဂီတ၊ ပန်တျာနှင့် ပြဇာတ်တို့က သက်သေထူလျက်ရှိသည် [ကိုးကားချက်လိုသည်]။ အနုပညာတွင် အထူးသဖြင့် စာပေကို မြန်မာ့ဟန်ဝင်နေသော ထေရဝါဒဗုဒ္ဓဘာသာက လွှမ်းမိုးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ မော်ကွန်းတစ်ရပ်အဖြစ် ယူဆထားသော ရာမဇာတ်တော်ကြီး မှာ ရမ္မာရန မူရင်းမှ ကူးယူထားခြင်းဖြစ်ပြီး ထိုင်း၊ မွန်၊ အိန္ဒိယမူများ လွှမ်းမိုးခြင်းကို ကောင်းစွာခံထားရသည်။ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုတို့ ရောထွေးလျက်ရှိပြီး နတ်ကိုးကွယ်မှုတွင် ၃၇ မင်းအနက် တစ်ပါးပါးကို ခမ်းနားကြီးကျယ်စွာ ပူဇော်ပသကြလေ့ရှိသည်။

ရိုးရာဓလေ့ထွန်းကားသော မြန်မာ့ရွာတစ်ရွာတွင် ရွာဦးဘုန်းကြီးကျောင်းမှာ ကျေးရွာယဉ်းကျေးမှုဘဝ၏ ဗဟိုချက်ဖြစ်သည်။ ဘုန်းတော်ကြီးများအား ဘာသာဝင်များက ရိုသေလေးစားပြီး ပစ္စည်းလေးပါးကို ထောက်ပံ့ကြသည်။ အရွယ်ရောက်လာသည့်ယောက်ျားကလေးတစ်ယောက်၏ ဘဝတွင် ရှင်ပြုမင်္ဂလာမှာ အလွန်အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာမိသားစုတိုင်းမှ ယောက်ျားကလေး မှန်သမျှသည် အသက် ၂၀ မတိုင်မီ ကိုရင်အဖြစ်ကိုလည်းကောင်း၊ အသက် ၂၀ ပြည့်လျှင် ရဟန်းအဖြစ်ကိုလည်းကောင်း ခံယူကြရသည်။ ရဟန်းအဖြစ် အနည်းဆုံး တစ်ပတ်ခန့်ကြာမြင့်လေ့ရှိတတ်သည်။ မိန်းကလေးများမှာမူ နားထွင်းနားသခြင်း မင်္ဂလာကို ခံယူကြရသည်။ မြန်မာ့ယဉ်ကျေးမှုကို အဓိကမြင်တွေ့ရသည့် နေရာမှာ ကျေးရွာများတွင် နှစ်လုံးပေါက်ကျင်းပလေ့ရှိသည့် ဘုရားပွဲများတွင်ဖြစ်သည် ရွာများတွင် ရွာစောင့်နတ်များရှိကြပြီး မြန်မာ့လူနေမှုဘဝတွင် အယူသည်းခြင်းနှင့် ပိတ်ပင်တားမြစ်ခြင်းများမှာလည်း မနည်းပေ။
ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် မြန်မာ့ယဉ်ကျေးမှုအတွင်းသို့ အနောက်တိုင်းဓလေ့များ စတင်ဝင်ရောက်လာခဲ့သည်။ မြန်မာ့ပညာရေးစနစ်ကို ဗြိတိသျှ ပုံစံအတိုင်း ပုံတူကူးယူထားသည်။ ရန်ကုန်ကဲ့သို့သော မြို့များတွင် ကိုလိုနီပိုင်ဗိသုကာပုံစံများ လွှမ်းမိုးနေသည်ကိုတွှေ့ရှိရသည်။ တိုင်းရင်းသားမျိုးနွယ်စုများအနက် ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုကို အရှေ့တောင်ဒေသရှိ ကရင်များတွင်လည်းကောင်း၊ မြောက်ဘက်အရပ်နှင့် အနောက်မြောက်ဒေသ၌ ကချင်နှင့် ချင်းတိုင်းရင်းသားများတွင်လည်းကောင်း မြင်တွေ့နိုင်သည်။

အစားအစာ

မြန်မာ့အစားအစာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားလူမျိုးစုများ၏ လွှမ်းမိုးမှုကို တွေ့ရှိနိုင်သည်။ ဆန်မှာ မြန်မာ၏ အဓိကအစားအစာဖြစ်သည်။ ခေါက်ဆွဲနှင့် ပေါင်မုန့်တို့ကိုလည်း စားသောက်သည်။ ဗမာ့အစားအစာတွင် မပါမဖြစ်သည်မှာ ငါး၊ ပုစွန်၊ ငါးပိငံပြာရည်နှင့် ဝက်သား၊ ဆိတ်သားများ ဖြစ်သည်။ အမဲသားကိုမူ တချို့က ရှောင်ကြသည်။ ဟင်းချက်ရာတွင် မဆလာနှင့် ငရုတ်သီးတို့ကို အသုံးပြုသည်။ မြန်မာ့အမျိုးသား အစားအစာဟုကျယ်ပျံ့စွာ ယူဆထားသည့် မုန့်ဟင်းခါးချက်ရာတွင် ငါးခူဟင်းရည်တွင် ကုလားပဲမှုန့်၊ ဆန်ကြာဆံနှင့် ငံပြာရည်များ ရော၍ ချက်ကြသည်။ အပူပိုင်း အသီးအနှံများကို အချိုပွဲအဖြစ် တည်ခင်းသည်။ မြို့ကြီးပြကြီးများတွင် ရှမ်းစာ၊ တရုတ်စာနှင့် အိန္ဒိယအစားအစာများကိုပါ စုံလင်စွာ ရရှိနိုင်သည်။

တေးဂီတ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာဂီတ

မြန်မာ့တေးဂီတကို ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ္တလားနှင့် လေမှုတ်တူရိယာများဖြစ်သည့် နှဲ၊ နှဲကြီး၊ ပလွေ၊ ဝါးလက်ခုပ်နှင့် ကြိုးတတ်တူရိယာများအား ဆိုင်းဝိုင်းခေါ် သံစုံတီးဝိုင်းဖွဲ့၍ တီးခတ်ကြသည်။ မြန်မာ့ယဉ်ကျေးမှုတွင် လှေပုံသဏ္ဌာန် ကိုယ်ထည်တွင် ပိုးကြိုးသွယ်တန်းထားပြီး လည်တိုင်တွင် မှန်စီရွှေချထားသော စောင်းကောက်မှာ နှစ်ပေါင်းများစွာကတည်းကပင် ရှိခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်မှစ၍ မြို့ကြီးပြကြီးများတွင် အနောက်တိုင်းတေးဂီတများ စတင်ရေပန်းစားလာသည်။


ရုပ်ရှင်

အနောက်နိုင်ငံများ၌ ရုပ်ရှင်လုပ်ငန်းပေါ်ပေါက်လာပြီးနောက် အနှစ်လေးဆယ်ခန့် အကြာတွင်မှ မြန်မာရုပ်ရှင် လုပ်ငန်းကို စတင်ပျိုးထောင်ခဲ့ရသည်။ မြန်မာနိုင်ငံရှိ ပရိသတ်ရှေ့မှောက်တွင် ပထမဆုံးတင်ဆက်သော ဦးထွန်းရှိန်၏ ဈာပနသတင်းကားနှစ်ပိုင်းသည် ပထမမြန်မာရုပ်ရှင် ဖြစ်သည်ဟု ဆိုရပေမည်။ ပထမဆုံး ဇာတ်လမ်းနှင့်ဇာတ်ကားမှာ မေတ္တာ နှင့် သူရာရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပထမဦးဆုံးသော အသံတိတ် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။ ပထမဆုံး မြန်မာအသံထွက် ဇာတ်ကားမှာ ငွေပေးလို့မရ ဖြစ်သည်။ ထိုကားကို ၁၉၃၂ ခုနှစ်တွင် ပြသခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စစ်ရေးကြောင့်လည်းကောင်း၊ ဖလင်လိပ်နှင့် ရုပ်ရှင်ကရိယာ ရှားပါးမှု တို့ကြောင့်လည်းကောင်း ရုပ်ရှင်ရိုက်ကူးခြင်း လုံးဝမပြုနိုင်ခဲ့ပေ။ ၈၈၈၈ အရေးအခင်း ပြီးနောက်တွင် ရုပ်ရှင်လုပ်ငန်းကို အစိုးရမှ အများဆုံးထိန်းချုပ်ခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများအား ရုပ်ရှင်ပါဝင်ရိုက်ကူးမှုကို တားမြစ်ခဲ့သည်။ ရုပ်ရှင်ဆင်ဆာကို တင်းကြပ်ခဲ့သလို ရုပ်ရှင်ထူးချွန်ဆုပေးအပ်ရာတွင်လည်း ဝင်ရောက်စွက်ဖက်ခဲ့သည်။

နိုင်ငံတကာ အညွှန်းကိန်းများ

စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၏ ၂၀၂၀ စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းမှာ နယ်စည်း မခြား သတင်းထောက်များ အဖွဲ့ (R. S. F)၏ ထုတ်ပြန်ချက် အရ နိုင်ငံပေါင်း (၁၈၀)အနက်တွင် အဆင့် (၁၃၉) ရှိသည်။ R. S. F ၏ အဆိုရ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၏ စာနယ်ဇင်း ကဏ္ဍတွင် သတင်းများ ကိုယ်တိုင် ကန့်သတ်မှု (Self - Censorship) ရှိနေသည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ် -နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၅၁)

၂၀၁၇ ခုနှစ် - နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၃၁)

၂၀၁၈ ခုနှစ် - နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၃၇)

၂၀၁၉ ခုနှစ် - နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၃၈)


မြန်မာနိုင်ငံသား/သူအပေါင်း မိမိတို့နိုင်ငံ၏ အခြေခံအကြောင်းတရားများစိရှိစေရန်ရည်ရွယ်၍ ပြန်လည်မျှဝေသည်။

Source: wikipedia

.

2 comments:

  1. လေ့လာမှတ်သားခဲ့ရပါတယ်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

      Delete