New Artical

ဆီးဖြူသီးအကြောင်းသိကောင်းစရာ

 ဆီးဖြူသီးအကြောင်းသိကောင်းစရာ




ဆီးဖြူသီးရဲ့ အင်္ဂလိပ်နာမည်ကတော့ goose berry ပါ။ ရုက္ခဗေဒ နာမည်ကတော့ Emblica officinalis Gaertn လို့ ခေါ်ပါတယ်။ ဆီးဖြူပင်သည် ကျွန်တော်တို့မြန်မာနိုင်ငံတွင် သဘာဝအလျောက်သော်လည်းကောင်း စိုက်ပျိုးခြင်းဖြင့်သော်လည်းကောင်း ပေါက်ရောက်ပါတယ်။ ရွက်ကြွေပင်လတ်မျိုးဖြစ်ပါတယ်။ အပင်ရဲ့ အကိုင်းအခက်တလျှောက်မှာ စိမ်းဝါရောင်အပွင့်များ အဆုပ်လိုက် အဆုပ်လိုက်ပွင့်ပါတယ်။


ဆီးဖြူသီးရဲ့ပုံစံကတော့ လုံးဝိုင်းပြီး အမြှောင်း ၆ မြှောင်းပါရှိပါတယ်။ သူရဲ့အစေ့ကတော့ သုံးတောင့်ပုံစံ ရှိပါတယ်။ ဆီးဖြူသီးသည် အစိမ်းဖျော့ရောင်ရှိပြီး အထဲကအစေ့ကတော့ အစိမ်းရင့်ရောင်ရှိပါတယ်။


ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ ဆီးဖြူသီးကိုမစားဖူးတဲ့သူ နည်းပါတယ်။ ချဉ်ပေါင်းသည်တိုင်းလိုလိုမှာ ဆီးဖြူသီးပါလေ့ ရှိပါတယ်။ ဆီးဖြူသီးကို အမျိုးမျိုးလုပ်စားနိုင်ပါတယ်။ ထောင်းပြီး သုပ်စားနိုင်သလို အလုံးလိုက်ဆားရည်စိမ်ထားပြီး အတို့အမြုပ်အဖြစ်နဲ့ စားတာလည်းရှိပါတယ်။ ဒါ့အပြင် ငါးပိတို့ ခရမ်းချည်သီးတို့နဲ့ရောပြီး ဇီးဖြူသီးငပိချက်အနေနဲ့လည်း စားကြပါသေးတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဆီးဖြူသီးကို ဖျော်ရည်လုပ်သောက်ကြတာမျိုးလည်း ရှိလာပါတယ်။


ဆီးဖြူသီးမှာ သံဓါတ်၊ ဗီတာမင်စီဓါတ်နဲ့ အင်တီအောက်ဆီးဒန့် ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးကို လွန်စွာအထောက်ကူပြုပါတယ်။


ဆီးဖြူသီးစားခြင်းဖြင့်ရနိုင်တဲ့ ကျန်းမာရေးအကျိူးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


(၁) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို လျော့ပါးသက်သာစေခြင်း


ဇီးဖြူသီးမှာပါတဲ့ ဗီတာမင် စီက ကိုယ်ခံအားကို တိုးတက်စေပြီး တုပ်ကွေးဖြစ်တာနဲ့ လည်ချောင်းအတွင်း ပိုးကူးစက်မှုတွေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဆီးဖြူသီးမှာ ရောင်ရမ်းမှုကို သက်သာစေသော အာနိသင် (Anti inflammatory activity) လည်း ပါပါတယ်။


ဒါကြောင့် ဆီးဖြူသီးကို မကြာခဏ စားပေးမယ်ဆိုရင် အအေးမိတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ လေပြွန်ရောင်တာ၊  ပန်းနာရင်ကြပ်ဖြစ်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။


(၂) နှလုံးကို ကျန်းမာစေနိုင်ခြင်း


ဆီးဖြူသီးမှာ နှလုံးအတွက်အကျိုးပြုနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်သလို သွေးတွင်းမှာရှိတဲ့ မကောင်းသောအဆီဓါတ်ကို လျှော့ချပေးနိုင်တဲ့ (cholesterol lowering action) အာနိသင်လည်းရှိတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊  သွေးတိုးရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးကိုကျန်းမာစေပါတယ်။


(၃) ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း


ဇီးဖြူသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကြီးထွားဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက လူ့ခန္ဓာကိုယ်အတွက်အန္တရာယ်ရှိတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ free radical တွေကို ကန့်သတ်ထိန်းချုပ်ပေးတာကြောင့် အစာအိမ် (stomach cancer)၊ အရေပြား နဲ့အသည်းကင်ဆာ (liver cancer) တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကင်ဆာကျိတ်တွေကြီးမလာအောင်လည်းထိန်းသိမ်းပေးပါတယ်။


(၄) ဝမ်းမှန်စေခြင်း


ဆီးဖြူသီးဟာ အမျှင်ဓါတ်လည်းကြွယ်ဝစွာပါတာကြောင့် အစာကိုကြေညက်စေနိုင်ကာ ဝမ်းမှန်စေပြီး အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို နည်းစေပါတယ်။


(၅) လေဖြတ်ရောဂါကိုကာကွယ်နိုင်ခြင်း


သွေးတအားတိုးလို့ ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်တာ နဲ့ သွေးပျစ်ရာကနေ သွေးခဲပိတ်ပြီး သွေးမလျှောက်လို့ လေဖြတ်တာဆိုပြီးတော့ လေဖြတ်တဲ့အကြောင်းရင်းအခြေခံအားဖြင့် နှစ်မျိုးရှိပါတယ်။


ဆီးဖြူသီးမှာ သွေးတွင်းအဆီဓါတ်ကို လျှော့ချပေးတဲ့အာနိသင်အပြင် သွေးခဲပိတ်ဆို့ခြင်းကို ကာကွယ်ပေးနိုင်တဲ့ (Anticoagulant activity) အာနိသင်ပါရှိတာကြောင့် သွေးတိုးလို့လေဖြတ်တာရော၊ သွေးခဲပိတ်လို့ လေဖြတ်တာကိုပါ ဖြစ်နိုင်ခြေနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။


ဒီ ၅ ချက်ကတော့ ကျွန်တော်သိသလောက် ဆီးဖြူသီးရဲ့ကောင်းကျိုးတွေပါ။


မြန်မာတိုင်းရင်းဆေးကျမ်းတွေမှာတော့ ဆီးဖြူသီး သည် ဝမ်းမီးကိုတောက်စေ၏။ အစာကိုကြေညက်စေ၏။ သုက်ကိုပွားစေ၏။ အသက်ကိုရှည်စေ၏။ အရွယ်ကိုပျိုစေ၏။ မှတ်ဉာဏ်ကိုကောင်းစေ၏။ အဖျားကိုနိုင်၏။ ဆီးအောင့်၊ ဝမ်းသက်ဝမ်းလျှော၊ ချောင်းဆိုး၊ ပန်းနာရင်ကြပ်တို့ကို ပျောက်ကင်းသာသာစေသည်။


ရှေးဆရာတို့သည် (အသက်ရှည်ရသာရန) အသီးဟု ထူးခြားစွာဖော်ပြကြ၏။ ဆိုပြီးတော့ ဆီးဖြူသီးရဲ့ကောင်းကျိုးများကို ရေးသားထားတာ ဖတ်ရပါတယ်။


#Crd - #OnDoctor

 



 

No comments