New Artical

ကျေးဇူးကန်းသောပုဏ္ဏား (ပုံပြင်)


 ကျေးဇူးကန်းသောပုဏ္ဏား

ဗာရာဏသီမြို့အနီးတွင် မိဂါစိန်ဟူသော ဥယျာဉ်ရှိ၏။ ဗြဟ္ဓဒတ်မင်းကြီးသည် အခါအားလျော်စွာ ထိုဥယျာဉ်သို့သွားရောက်၍ အပန်းဖြေနေကျဖြစ်၏။ ဥယျာဉ်သည်သစ်ပင်ပန်းမံတို့ဖြင့် တင့်တယ်သာယာလှပသည်ဖြစ်၍ မင်းကြီးရောက်လေတိုင်း အပန်းဖြေ၍ စိတ်ရောကိုယ်ပါ လန်းဆန်းရလေသည်။


သို့ရာတွင် ထိုနေ့က တစ်ခေါက်ရောက်သည်တွင်ကား မင်းကြီးမှာ အပန်းမပြေရုံမှမက စိတ်ညစ်ညူး၍သွားရ၏။ ဥယျာဉ်တော်၏ အုတ်တံတိုင်းအနီးတွင် မမြင်အပ် မမြင်ချင်ဖွယ် မတင့်တယ်သော အရာကို မြင်လိုက်ရ၍ ဖြစ်ပေသည်။ထိုအရာကား ရုပ်ပျက်ဆင်းပျက် လူနာတစ်ယောက်ဖြစ်၏။ အုတ်တံတိုင်းနားမှာ ဖတ်ရွက်များကို ခင်း၍ အိပ်ကာ ဆင်းရဲပင်းပန်းစွာ သည်းညူးနေလေသည်။ 


သူ့တစ်ကိုယ်လုံးမှာ အနာများ ဗရပွဖြစ်နေ၏။ ပေါက်တဲ့နေရာကပေါက်။ သွေးယိုတဲ့နေရာကယို။တစ်ချို့ နေရာမှာတော့ အရိုးနှင်အရေများ ကပ်လျက်။ အရေအောက်တွင်အကြောကြီးများက ပိုက်ကွန်ကို ဖြန့်ထားသကဲ့သို့ ထင်းထင်းပေါ်၍နေကြ၏။ သူ၏ အဝတ်အဆင်နှင့် ဆံပင်ပြုပြင်ထားပုံ ရှုရခြင်းအားဖြင့် ပုဏ္ဏားတစ်ယောက်ဟု သိရပေသည်။ ထိုပုဏ္ဏားပေါ် တွင် ရွံရှာမိသည်နှင့်အမျှ ဗြဟ္ဓဒတ်မင်းကြီးသည် သနားခြင်းလည်းဖြစ်လာမိ၏။ ထို့အတူထိုအဖြစ်သို့ ရောက်လာရသည့်အကြောင်းကိုလည်း သိချင်နေ၏။


 ထို့ကြောင့်အို.. ပုဏ္ဏား၊ သင်ဘာဖြစ်လို့များ ဒါလောက်တောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရတာပါလဲ။ ဘယ်လိုမကောင်းမှုများ ပြုမှားမိလို့ပါလဲ ဟု အသာတကြည်မေးလိုက်၏။နားဆင်တော်မူပါ အရှင်မင်းကြီး။ ကျွန်တော်တက်နိုင်သမျှ တင်လျှောက်ပါ့မည်ဘုရား..ပုဏ္ဏားက အရိုအသေပြုကာ ဗြဟ္ဓဒတ်မင်းကြီးအား သူ့ဇာတ်ကြောင်းကို ပြန်ပြောင်း၍ပြောပြလေသည်။


အရှင်မင်းကြီး ကျွန်တော်က ကာသိကရွာက လယ်သမား ပုဏ္ဏားဖြစ်ပါတယ်။ လယ်ထွန်ဖြုတ်ချိန်မှာ ကန်သင်းပေါက်စရာရှိတာနဲ့ နွားတွေကို ကြိုးဖြုတ်ပြီး လှန်ထားမိပါတယ်။ အလုပ်မှာသာ စိတ်ဝင်စားနေမိတာမို့ နွားတွေဘယ်သွားပြီး ဘာစားနေတယ်ဆိုတာ ကျွန်တော်ဂရုမစိုက်မိပါတယ်။ သတိရလို့ ကြည့်လိုက်တဲ့အခါမှာ နွားတွေ မရှိတော့ပါဘူး ဘုရား။


ဒါနဲ့ ဘုရားကျွန်တော်လဲ နွားတွေသွားတက်တဲ့ တောအုပ်ထဲဝင်ပြီးရှာပါတယ်။ အဲ့ဒီမှာ မတွေ့တာနဲ့တစ်တောပြီး တစ်တော ရှာလာလိုက်တာ ဟိမဝန္တာတောကြီးအထိရောက်လာပါတယ်။ ဟိမဝန္တာရောက်တယ်ဆိုရင်ပဲ မျက်စိလည်ပြီးလမ်းတွေပျောက်ကုန်ပါတယ်။ နွားကိုလည်း မတွေ့ အစာလည်း မစားရနဲ့ ၇ရကျတိုငျတိုငျပါပဲဘုရား။


ရောက်တက်ရာရာ သွားနေရင်းက ကံအားလျော်စွာ တည်ပင်တစ်ပင်ကို တွေ့ရပါတယ်။ တည်ပင်ဟာ အသူတစ်ရာနက်တဲ့ ချောက်ကမ်းပါးမှာပေါက်နေပါတယ်။ သူ့အသီးများဟာ စားချင်စဖွယ်မှည့်ဝင်းလို့ နေပါတယ်။ ဘုရားကျွန်တော်ဟာ တည်ပင်ကိုမြင်လိုက်ရရင်ပဲ အပြေးအလွှားသွားပြီး လေတိုက်လို့ ကြွေကျနေတဲ့ တည်သီးများကို ကောက်စားလိုက်ပါတယ်။ အင်မတန်မှ အရသာ ထူးမြတ်လှပါတယ်ဘုရား။


တည်သီးများဟာ ပါးစပ်က စားလိုက်ပေမယ့် ဘယ်ရောက်သွားတယ်လို့ မသိရအောင်ပါပဲ။ တစ်လုံးစားနေရင်းက နောက်တစ်လုံးကို စားချင်စိတ်ပေါက်နေပါတော့တယ်။ ဒါကြောင့် မကြာခင်မှာပဲ လေကြွေတည်သီးတွေ ကုန်လို့မို့ အပင်ပေါ်တက်ရပါတော့တယ်။ 


အပင်ပေါ်က လက်လှမ်းမမီသမျှ တည်သီးများကို ဘုရားကျွန်တော် ကြွပ်ကြွပ်မည်အောင် ခူးစားပါတယ်.။ တစ်စတစ်စနဲ့ ကိုက်ရင်းက အသီးတွေကုန်လို့မို့ ကိုင်းဖျားမှာသာ အသီးများကျန်ပါတော့တယ်။ အဲ့ဒီကိုင်းဖျားမှာပဲ အလွန်မှည့်ပြီး စားချင်စရာကောင်းလှတဲ့ အသီးကြီးရှိနေပါတယ်။ 

ဒါနဲ့ ဘုရားကျွန်တော် အရဲစွန့်ပြီး ကိုင်းဖျားကိုလျှောက်လို့ ဆွတ်ဖို့ရာ လက်လှမ်းလိုက်တာနဲ့ တစ်ပြိုင်နက် နင်းထားတဲ့ကိုင်းက ပြုတ်ကျပါရောဘုရား

အို၊ တစ်ခါဖြင့် သေဘေးတွေ့ပဟ

ဒီလိုပဲ စိတ်ထဲက တွေးလိုက်မိပါတယ်။ ဦးခေါင်းစောက်ထိုး။ ခြေထောက်မိုးမျှော် ချောက်ထဲသို့ ကျသွားပါတော့တယ်။ အောက်မှာ အတောင်များစွာနက်တဲ့ ရေတွေရှိတာကြောင့် သေဘေးတော့ မထိုက်ပါ။ သို့သော်လည်း ချောက်ပေါ်ကို ပြန်မတက်နိုင်။ တွေးကာ မှိုင်ကာနဲပ ငိုကြွေးကာပဲ ဆယ်ရက်တိုင်တိုင် နေခဲ့ရပါတယ်။


ဆယ်ရက်မြောက်တဲ့နေ့ကျမှ ကယ်မယ့်သူနဲ တွေ့ရပါတော့တယ်။ ဧရာမမျောက်ကြီးတစ်ကောင်ဟာ ကယ်တင်ရှင်ဖြစ်နေပါတယ်။ သူဟာ သစ်ကိုင်းတစ်ခုကို ခုန်ကူးရင်း ကျွန်တော့်အထက် ကမ်းပါးမှာ ရောက်လာပါတယ်။ ချောက်အတွင်းက ကျွန်တော့်ကို လှမ်းပြီး ကြည့်နေပါတော့တယ်။

အဲ့ဒီအချိန်မှာ ကျွန်တော်ဟ အစာမစားရလို့ ကြုံလှီခြောက်ကပ်နေပါပြီ။ အသားအရေ ခြောက်ခန်းနေပါပြီ။ ဒါကို မြင်ပြီး မျောက်ကြီးက သနားလာဟန်တူပါတယ်။ သူက လူတို့ဘာသာ စကားနဲ့ပဲ အသင်ဟာ လူလား၊ ဘီလူးလား၊ အကြောင်းမှန်ကို ပြောစမ်းပါ လို့ဆိုပါတယ်။


အိုအသင်မျောက်မင်း၊ ကျွန်တော်ဟာ မနုဿလူသားစင်စစ်မှန်ပါတယ်။ ကျွန်တော်ဒီချောက်ထဲက ဘယ်နည်းနဲမှ မတတ်နိုင်ပါ။ အို အသင်မျောက်မင်း ကျွန်တော့်ကို ကယ်တင်ပါ

ရိုရိုသေသေနဲ့ပဲ ကျွန်တော်က တောင်းပန်လိုက်ရပါတယ်။ သည်တော့သန်မာလှတဲ့ မျောက်ကြီးဟာ ကျောက်ခဲတွေ၊ ကျောက်စွန်းတွေကို လက်မြဲမြဲခြေမြဲမြဲနဲ့ဆွဲပြီး ဆင်းလာပါတယ်

ကဲ ဒုက္ခသည်အမောင်လူသား၊ ငါ့ကျောမှာ မြဲမြဲခွစီးပြီး လည်ပင်းမှာ ဖက်ထားပေတာ့

ဒီလိုပြောပြီး ချောက်ကမ်းပါးအတွင်းက ကျွန်တော့်ကို ကယ်ထုတ်ခဲ့ပါတယ်။ နှစ်ယောက်ရဲ့၀န်ကို ထမ်းလာရတာမို့ သူ့လက်သူ့ခြေများ သွေးခြည်များ ဥကုန်ပါတော့တယ်။ အင်မတန်မှပဲ မောပန်းသွား ပါတယ်။


ဒါကြောင့်မို့ပဲ အပေါ်ရောက်တဲ့အခါ မျောက်ကြီးက ကဲ အမောင်လူသား၊ ငါတစ်ရေးအိပ်လိုက်ဦးမယ်။ ဒီတောအရပ်ဆိုတာ ကျားတွေ ကျားသစ်တွေ ရှိတတ်တယ်။ ငါအိပ်ပျော်နေတဲ့အခိုက်မှာ သင်က ကောင်းကောင်း စောင့်ရှောက်ပါဘိ

အရှင်မင်းကြီး၊ မျောက်ကြီးဟာ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့ပဲ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။

အဲ့ဒီအချိန်မှာ ကျွန်တော်ဆိုတဲ့ အမိုက်တကာ့ထိပ်ခေါင်တင်ဟာ မသင့်တော်တာ စိတ်ကူးမိတော့တာပါပဲ ဘုရား။


တောထဲမှာရှိတဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တွေကို လူတွေစားလို့နေကြတယ်။ အခု ဒီမျောက်လိုဟာကြီးတွေကိုကာ။ ဒါလည်း ရရင်တော့ စားကြတာပါပဲ။ ဆယ်ရက်တိုင်တိုင် အစာမစား ရတဲ့ ငါ့ဗိုက်ကလည်း တကြုတ်ကြုတ်မြည်လို့။ တောက် ဒီမျောက်ကြီးသတ်ပြီး ကင်စားလိုက်ရရင် တော့လား။ အောင်မယ် ပိုတဲ့ဟာတွေ ဖက်နဲ့ထုပ်ယူရင် တစ်လမ်းလုံးအတွက် ရိက္ခာတောင် ရဦးမှာ။


  အရှင်မင်းကြီး၊ ကံမကောင်းချင်တော့ စိတ်အကြံရဲ့နောက်မှာ လက်က ထက်ကြပ်ပါသွား ပါတော့တယ်။ အနားက ကျောက်တုံးကြီးကို ယူပြီးမျောက်ကြီးခေါင်းကို ထုခွဲလိုက်ပါတော့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ အစာပြတ်လို့ အားနည်းနေတာကြောင့် မျောက်ကြီးဟာ သေပွဲမ၀င်ပါ။


အဲ့ဒီတုန်းက သူ့မျက်နှာထားကို ကျွန်တော့်မျက်စိထဲမှာ ခုထက်ထိမြင်နေပါသေးတယ်။ သွေးသံရဲရဲနဲ့ ထခုန်ရင်းက ကျွန်တော်မှန်းလည်းသိရော တကထတည်း စိမ်းစိမ်းကြီးကြည့်နေလိုက်တာ ကျွန်တော် အသည်းတုန်အူတုန် ဖြစ်ရတဲ့အထိပါပဲ။


သူ့ခေါင်းကသွေးတွေက တပေါက်ပေါက်ကျလို့။ ဒီ့အတူပဲ သူ့မျက်လုံးများကလည်း မျက်ရည်တွေ တပေါက်ပေါက်နဲ့။ တစ်လုံးချင်းနဲ့ သူငိုရင်းပြောနေတဲ့စကားလုံးများကို ကျွန်တော့နားထဲက မထွက်သေးပါ။

အို အသင်ယောက်ျား၊ လုပ်မှ လုပ်ရက်လေစွတကား။ အသင်ဟာ တခြားရန်သူတွေကို ကာကွယ်ရမှာ ဖြစ်ပါလျက် အခု ငါ့ကို သင်ကိုယ်တိုင်က ရန်ပြုပါပကော။ သြော် အံ့သြလောက်တဲ့ ယောက်ျားပါပေတကား။

အသင် ယောက်ျား၊ ငါဟာ အသင့်ကို ဟိုးတမလွန်လောကက ကယ်ထုတ်လို့လာခဲ့ရတယ်။ ငါသာ မကယ်ရင် တမလွန်လောကသို့ ဧကန်သွားရတော့မယ်။ ဒီလို ကျေးဇူးရှင်ကိုမှ ဒီလိုယုတ်မာလှတဲ့ အကြံအစည်မျိုး ပြုရက်ပါပေ့ကွယ်။


အို သူတော်မဟုတ် ယောကျာ်းယုတ်၊ အသင့်အတွက်ကြောင့် ငါ့မှာဖြင့် ဒုက္ခဝေဒနာခံစားနေပြီ။ ဒါပေမယ့်လို့ အသင့်မှာတော့ ဒီလိုဆင်းရဲတဲ့ ဝေဒနာမျိုး မရောက်လာ မနှိပ်စက်ပါစေနဲ့။ ဝါးပင်ဟာ ကိုယ့်အသီးက ကိုယ့်ကိုသတ်သလိုပဲ ဒီမကောင်းမှုကသင့်ကိုမသတ်ပါစေနဲ့။


ကိုယ်စိတ်နှလုံး မစောင့်သုံးတဲ့ အို လူယုတ်။ သင့်ကိုတော့ဖြင့် ငါက အကျွမ်းတဝင်မပြုရဲတော့ပြီ။ ငါ့နောက်ပါးက သွေးစက်တွေ ခြေရာခံပြီးတော့သာ လိုက်ခဲ့ပေတော့မျောက်ကြီးဟာ သွေးပေါက်သွေးစက်နဲ့ ကျွန်တော့်ကိုလမ်းပြပြီး လူတို့ရပ်ထံ ပို့ဆောင်ပေးပါတယ်။ လမ်းဖုံဖုံရှိရာကိုရောက်ရင်ပဲ မျောက်ကြီးဟာ တောထဲကိုပြန်ဝင်ပြီးတော့ တောင်ပေါ်ကိုတက်သွားပါတော့တယ်။


တောထဲကထွက်အလာမှာ ကျွန်တော့်တစ်ကိုယ်လုံးဟာ ပူလောင်လွန်းမက လောင်လာပါတယ်။ ရေသောက်ချင်လွန်းလို့ ရေကန်တစ်ခုကိုဆင်းလိုက်တဲ့အခါ စောစောက ကြည်လင်အေးမြနေတဲ့ရေကန်ဟာ သွေးတွေ၊ပြည်တွေလိုဖြစ်ပြီး ကျိုက်ကျိုက်ဆူလို့နေပါရောဘုရား

ဒါတင်မကသေးပါဘူး ဘုရား။ အဲဒီရေကန်က ရေပေါက်တွေဟာ ကျွန်တော့်ကိုယ်ပေါ်မှာစင်လာကြပါတယ်။ အဲဒီရေပေါက်တွေအမျှ ကျွန်တော့်ကိုယ်ပေါ်မှာ အနာကြီးတွေဖြစ်လာပါတယ်။ ချက်ချင်းပဲ သွေးတွေပြည်တွေတည်လို့ ကိုယ့်ကိုကိုယ်တောင် မသတီစရာဖြစ်ရပါတော့တယ်။ 


ဘယ်လိုပဲဒုက္ခရောက်ပေမယ့် ကျွန်တော်ဟာ ကိုယ့်ရပ်ရွာကိုတော့ ရောက်အောင်ပြန်မယ်ဟဲ့ဆိုပြီး အားခဲလို့လာခဲ့ပါတယ်။ လမ်းမှာတွေ့သမျှ ရွာတွေ၊လူတွေကိုလည်း အသနားခံတောင်းပန်ပါတယ်။ ဒါပေမယ့်တွေ့သမျှလူတွေကဖြင့် သနားဖို့နေနေသာသာ ကျွန်တော်လာတာမြင်ရင်ပဲ အဝေးကရှောင်ကြပါတော့တယ်။ ကျွန်တော်ကမတတ်သာလွန်းလို့ ဇွတ်တိုးသွားပြန်တေ့ာလဲ တုတ်တွေ၊ဓားတွေနဲ့ ကာကွယ်ပြီး ဆဲဆိုကြိမ်းမောင်းကြပါတော့တယ်။


ကဲ ကျွန်တော့ဖြစ်အင်၊ ကျွန်တော့်မကောင်းမှုကိုတော့ဖြင့် အရှင်မင်းကြီးကြားသိရပါပပြီ၊ ရှုမြင်ရပါပြီ။ ဒီနားမှာရောက်နေကြတဲ့ အရှင်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါအပေါင်းကို ကျွန်တော်အထူးတလည် အမှားစကားပါးလိုက်ချင်တာကတော့ဖြင့် မိတ်ကောင်း၊ဆွေကောင်းများကို ကျွန်တော့်နည်းတူ မပြစ်မှားဖို့ပါပဲ ဘုရား။ ဒုက္ခသည် ပုဏ္ဏားကဖြစ်ကြောင်းကုန်စင်ကို ဤသို့ စီကာပတ်ကုံးပြောပြကာ မကြာမီသေဆုံးလေ၏။ဗြဟ္မဒတ်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါတို့သည် သတိသံဝေဂရလျက် နန်းတော်သို့ ပြန်ခဲ့ကြလေသည်။

မေတ္တာဖြင့်.

Credit

1 comment:

  1. If you're attempting to satisfy 바카라사이트 wagering necessities, play varieties of|these type of|most of these} video games at the beginning. It’s mainly a single free spin on Scores’ signature slot, and can result in payouts of something from $1 a lot as} $1,000,000. The payouts come in the form of bonus money, with the regular wagering necessities hooked up.

    ReplyDelete