New Artical

ရာဇဝင်ထဲကသမိုင်းဝင်အသောကဘုရင်(နောက်ဆုံးပိုင်း) ၊ သေခြင်းကိုရှောင်လွှဲနိုင်ခဲ့သောအမည်မသိ ပညာရှင်( ၉ )ဦးနှင့်အသောက


ရာဇဝင်ထဲကသမိုင်းဝင်အသောကဘုရင်(နောက်ဆုံးပိုင်း) ၊ သေခြင်းကိုရှောင်လွှဲနိုင်ခဲ့သောအမည်မသိ ပညာရှင်( ၉ )ဦးနှင့်အသောက

လူသားတွေဟာ လျို့ဝှက်အသင်းအဖွဲ့အစည်းတွေကို တစ်ဖက်မှ စိတ်ဝင်စားကြသလို မသိစိတ်ကလည်း ကြောက်ရွံ့ထိတ်လန့်နေတတ်ကြပါတယ်။ ဥပမာ ဖရီးမေဆင်ဂိုဏ်း (Freemasons) မှစပြီး ပညာဥာဏ်အလင်းတော်ဂိုဏ်: (Illuminati) အထိပေါ့။ သူတို့အသင်းအဖွဲ့တွေဟာ လူသူမသိပဲ ဆက်သွယ်ကြတယ်။ လူအများမသိတဲ့ သင်္ကေတနဲ့ ဘာသာစကားတွေနဲ့ ဆက်သွယ်ကြပြီးတော့ လူသိမခံဝံ့တဲ့ လုပ်ကြံမှုတွေ ဖြစ်ရပ်တွေကို လူသားတွေ ကောင်းကျိုးအတွက် လျို့ဝှက်ဖန်တီးခဲ့ကြတယ်လို့ ခုခေတ်လူ အများစုက ယုံကြည်လက်ခံထားကြတာပါ။

သို့သော် ထိုအသင်းအဖွဲ့များသည် လူအများထင်မြင်ယူဆနေသကဲ့သို့ ရှေးအကျဆုံးလျို့ဝှက်အသင်းအဖွဲ့ မဟုတ်ခဲ့ပါချေ။

ထို Freemasons နှင့် Illuminati အသင်းအဖွဲ့များထက် နှစ်ပေါင်းများစွာစောလျင်ပြီး လွန်ခဲ့သော ၂၃၇ ဘီစီ ကတည်းက ဖွဲ့စည်းခဲ့သော လျို့ဝှက်အသင်းအဖွဲ့ကြီးတစ်ခု အိန္ဒိယတွင် ပေါ်ထွက်ခဲ့ဖူးပြီး ထိုလျို့ဝှက်အသင်းကြီး၏ အမည်ကို 'Nine Unknown Men' ခေါ်တွင်ခဲ့ကြလေသည်။

-'Nine Unknown Men' ဆိုတဲ့လျို့ဝှက်အသင်းအဖွဲ့ကြီး ဘယ်လိုစတင်ပေါ်ပေါက်လာခဲ့တာလဲ?

-ဘယ်သူက စတင်တည်ထောင်ခဲ့တာလဲ?

-ဒီအသင်းကြီးက ဘယ်လိုထူးဆန်းတဲ့ အရာဝတ္ထုတွေပိုင်ဆိုင်ခဲ့ကြလဲ?

(၂၃၇ ဘီစီ )ခန့်ကဖြစ်သည်။ (Mauryan )အင်ပါယာပြည့်ရှင် (ချန်ဒရာဂူပတာ )၏ မြေးတစ်ဖြစ်လဲ ရက်စက်ကြမ်းကြုပ်၍ သွေးအေးလှသော အသောကမင်းကြီး၏ လက်ထက်တွင် အိန္ဒိယတစ်ခွင်၌ သွေးချောင်းစီးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

အသောကမင်းကြီး၏ သမိုင်းဝင်တိုက်ပွဲတစ်ပွဲဖြစ်သော ကယ်လင်ဂါစစ်ပွဲတွင် (ယခု ကလက္ကတား နှင့် ချန်နိူင်းကြားရှိ အရှေ့အိန္ဒိယ အလယ်ပိုင်းဒေသ) စစ်သည်ရဲမက်ပေါင်း တစ်သိန်းကျော်ခဲ့ သေကြေပျက်ဆီးအပြီးတွင်မူ တိုက်ပွဲပေါင်းများစွာ ဆင်နွဲခဲ့ဖူးသော စစ်ဘုရင်ကြီးအသောကပင်လျင် သွေးပျက်ခြောက်ခြားခဲ့ရလေသည်။

ကယ်လင်ဂါသွေးချောင်းစီးတိုက်ပွဲအပြီး တွေ့မြင်ခဲ့ရသော အပျက်အဆီးများ, တောင်ပုံယာပုံရှိသော အလောင်းကောင်များ အစရှိသည့် အနိတ္ထာရုံများအပေါ် သံဝေဂယူတတ်ခဲ့သော အသောကမင်းကြီးသည် ယခင်ကဲ့သို့လူသားများအား လက်အောက်ခံအဖြစ်နှိမ်နှင်းသိမ်းသွင်းလိုစိတ် အလျင်းမရှိတော့ပဲ ကောင်းမွန်စွာပေါင်းစည်းရေးကိုသာ ဦးတည်ခဲ့သည်။

ထို့ကြောင့် အသောကမင်းကြီး၏ ပထမဆုံးခြေလှမ်းအနေဖြင့် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူခဲ့ပြီးနောက် ဗုဒ္ဓ၏အဆုံးအမများကို အိန္ဒိယမှတဆင့် အင်ဒိုနီးရှား, နီပေါ, တိဘက်, တရုတ် နှင့် မွန်ဂိုလီးယားတို့အထိ ပျံ့နှံ့အောင်ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။

ထို့အပြင် သူ၏စိတ်ထက်သန်မှုကို ပိုမိုခိုင်မာစေရန်အတွက် မိမိကိုယ်တိုင်အသားငါးစားခြင်းကို စွန့်လွှတ်ကာ အခြားသူများလည်း ထိုကဲ့သို့ ပူးပေါင်းပါဝင်လာစေရန် ဆော်သြလာခဲ့ပါသည်။ အသောကမင်းကြီး၏ ယူဆချက်အရ လူသားများသည် နောင်တစ်ချိန်၌ ဥာဏ်ပညာနှင့် အင်အားအပြင် ခေတ်လွန်သိပ္ပံနှင့် နည်းပညာများကို လူမှုဖျက်ဆီးရေးလမ်းစဉ်များတွင် အသုံးပြုလာလိမ့်မည်ဟု ဆင်ခြင်တွေးတောလာခဲ့သည်။

မိမိ၏ စိုးရိမ်ပူပန်မှုများအား ပြေလျော့စေရန်အတွက် အသောကမင်းကြီးသည် လျို့ဝှက်အသင်းအဖွဲ့တစ်ခုကို ဖန်တီးခဲ့ပြီး လွဲမှားစွာအသုံးချပါက လူသားမျိုးနွယ်စုကြီးအား မျိုးသုန်းပျောက်ကွယ်စေမည့် နည်းပညာအတတ်ပညာမှန်သမျနှင့် လူသားမျိုးနွယ်အား အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် အတတ်ပညာများအား ငွေကြေးအမြောက်အများ အသုံးပြုကာ ရှာဖွေလေ့လာစေခဲ့ပါသည်။ အသောကမင်းကြီး၏ တစ်ခုတည်းသောရည်ရွှယ်ချက်မှာ ခေတ်လွန်သိပ္ပံနှင့်နည်းပညာအားလုံးအား ရှာဖွေစုဆောင်းပြီး လူသားများထံမှ ကွယ်ဝှက်ထိန်းသိမ်းထားရန်ပင်ဖြစ်သည်။

ဤသို့ဖြင့် အသောကမင်းကြီး၏ အမည်မသိပညာရှင် ၉ ဦးပါဝင်သော လျို့ဝှက်အသင်းကြီး ပေါ်ပေါက်လာခဲ့ပါသည်။ အသောကမင်းကြီးသည် သိပ္ပံနှင့်နည်းပညာ တတ်ကျွမ်းသူများ အနက်မှ ၎င်း၏ ယုံကြည်စိတ်ချရသော လက်ရင်းတပည့် (၉ )ဦးအားရွေးချယ်ကာ အတတ်ပညာနယ်ပယ် တစ်မျိုးစီပါဝင်သော မှတ်တမ်းတစ်အုပ်စီအား ထိန်းသိမ်းစောင့်ရှောက်စေခဲ့သည်။

ထို (၉ )ဦး၏ တာဝန်မှာ မိမိတို့ထိန်းသိမ်းစောင့်ရှောက်ခွင့်ရသော မှတ်တမ်းပါအကြောင်းအရာများအား အမြဲမပြတ် ပြင်ဆင်ဖြည့်စွက်ရမည့်အပြင် နောင်ရာစုများစွာအထိ အဆင့်ဆင့်လက်ဆင့်ကမ်း ပေးအပ်ထိန်းသိမ်းသွားရန်ဖြစ်သည်။ ထိုအဖွဲ့အား လေ့လာစောင့်ကြည့်သူအချို့၏ အဆိုအရ ယင်း ၉ ဦးသည် ၎င်းတို့၏ဆန်းကြယ်စုံလင်လှသော မှတ်တမ်းပါနည်းပညာများအရ သေခြင်းတရားကိုပင်လျင် ရှောင်လွှဲနိူင်ခဲ့ပြီး ယနေ့ထက်တိုင်ထိုမှတ်တမ်းမှတ်ရာများအား စောင့်ရှောက်လျက်ရှိကြောင်း ယုံကြည်နေကြပါသည်။

မည်သို့ဖြစ်စေ ထို ၉ ဦးအဖွဲ့၏ စည်းကမ်းချက်မှာ မှတ်တမ်း ထိန်းသိမ်း စောင့်ရှောက်သူ ၉ ဦးထက်မနည်း မများသော လူဦးရေပမာဏအတိုင်း ရာစုအဆင့်ဆင့် ဆက်ခံလာရမည်ဖြစ်ပြီး၊ လက်ရှိကမ္ဘာလောက၏ နိူင်ငံရေး, လူမှုရေး နှင့် သိပ္ပံနည်းပညာရေးတို့အား တိုက်ရိုက်ဝင်ရောက်ပက်သက်မှုမပြုပဲ အမှောင်ထဲ(နောက်ကွယ်မှသာ )လေ့လာစောင့်ကြည့်ရန်ဖြစ်သည်။

၎င်းတို့ ၉ ဦးသည် မိမိတို့၏ ကိုယ်ပိုင်ဘာသာစကား သင်္ကေတများဖြင့်သာ ဆက်သွယ်လေ့ရှိသည်ဟု ယုံကြည်ရပြီး ၊လူသားမျိုးနွယ်စု၏ အတက်အကျဖြစ်ရပ်အမျိုးမျိုးကို လေ့လာစောင့်ကြည့်ရန်နှင့် ၊၎င်းတို့၏မှတ်တမ်းအတွင်းမှ နည်းပညာ, အတတ်ပညာများကို ပြင်ဆင်ဖြည့်စွက်ရန်သာ အသောကမင်းကြီးမှ ညွှန်ကြားဖွဲ့စည်းခဲ့ပြီး ၊ လူသားမျိုးနွယ်စု၏ (နောက်ဆုံးနေဝင်ချိန်)ရောက်မှသာ ဝင်ရောက်ကူညီပံ့ပိုးရန် စည်းကမ်းချမှတ်ထားခဲ့ပါသည်။

ယင်းကား လေ့လာသူများ သိရှိခဲ့ရသော အသောကမင်းကြီး၏ ('Nine Unknown Men' ) လျို့ဝှက် အသင်းပေတည်း။ ယင်းအမည်မသိ ၉ ဦးထိန်းသိမ်းထားသော မှတ်တမ်းစာအုပ်များသည် အလွန်ကျယ်ပြန့်နက်ရှိုင်းသော အတတ်ပညာတစ်ခုချင်းစီအား ကိုယ်စားပြုပြီး၊ ယနေ့ခေတ်ကာလထက် များစွာခေတ်ရှေ့ပြေးသည်ဟု လေ့လာသူအများစုက ယူဆကြပါသည်။ 

ယင်းမှတ်တမ်းစာအုပ်များတွင် ပါရှိသော ပညာရပ်အကြောင်းအရာများမှာ -


၁- The Book of propaganda & psychological warfare
ဝါဒဖြန့်ခြင်းနှင့် စိတ္တဗေဒဆိုင်ရာ စစ်မက်ဆိုင်ရာနည်းပညာများ ပါဝင်သောစာအုပ်ဖြစ်သည်။ ပြည်သူလူထူအား ဝိဝါဒကွဲပြားစေမှု, လူထု၏ သဘောထားအား လိုအပ်သလို ပုံဖော်ထုဆစ်ရာတွင် အသုံးပြုရမည့် နည်းလမ်းပေါင်းများစွာ ပါဝင်ပါသည်။ လူပေါင်းများစွာ၏ စိတ်ဓာတ်ရေးရာ အခြေအနေကို လိုအပ်သလို ပြောင်းလဲပုံဖော်နိူင်သောကြောင့် နည်းပညာမှတ်တမ်း ၉ မျိုးအနက် အန္တရာယ်အများဆုံး ဟု သတ်မှတ်ထားသော စာအုပ်ဖြစ်သည်။

၂- The Book of physiology
သက်ရှိတို့၏ ဇီဝကမ္မဗေဒဖြစ်စဉ်ဆိုင်ရာ အတတ်ပညာများ ပါဝင်ပါသည်။ အဆိပ်ဖော်စပ်နည်း, လူ့ခန္ဓာကိုယ်ရှိ Pressure Points ခေါ် အရေးကြီးသော နေရာများတွင် တို့ထိရုံဖြင့် သွေးကြော, အာရုံကြောများ ကမောက်ကမဖြစ်အောင်ပြုလုပ်ပြီး သေစေနိူင်သော နည်းလမ်းများပါဝင်သောကြောင့် 'The touch of death' ဟုလည်း ခေါ်ဆိုကြသည်။ ဂျူဒို ခေါ် ကိုယ်ခံပညာရပ်တို့ သည်လည်း ဤ ဒုတိယစာအုပ်မှ အနည်းငယ်ပေါက်ကြားလာသော ပညာရပ်တစ်ခုဖြစ်သည်ဟု ယူဆပြောဆိုကြပါသည်။

၃- The Book of Microbiology
အဏုဇီဝဗေဒဆိုင်ရာ ပညာရပ်များပါဝင်သော စာအုပ်ဖြစ်သည်။ လူသားတို့အား အကျိုးပြုစေနိူင်သော အဏုပိုးမွှားများအပြင် လူသားတို့အား ပျက်ဆီးစေမည့် အဏုပိုးမွှားများကိုလည်း ဖန်တီးမွှေးမြူနိူင်သော နည်းပညာများပါရှိပါသည်။ ကာလဝမ်းရောဂါ ကာကွယ်ဆေးကိုလည်း ယင်းမှတ်တမ်းပေါက်ကြားမှုမှ ဖော်စပ်နိူင်ခဲ့သည်ဟု အချို့ကယုံကြည်ကြသည်။

၄- The Book of alchemy
အဂ္ဂိရတ်အတတ်ပညာဆန်းများ ပါဝင်ပြီး သတ္ထုများကို လိုအပ်သလို ဓာတ်သဘာဝ ပုံသဏ္ဍာန်များ ပြောင်းလဲနိူင်သည်ဟု ယုံကြည်ရသည် ရှေးယခင်က အိန္ဒိယတစ်ဝှမ်းလုံး ရေဘေးကြုံတွေ့ ချိန်တွင် လူထုအား ပြန်လည်ဖြန့်ဝေပေးရန် ဘာသာရေးကျောင်းများသို့ မဖော်ပြနိူင်သောအဖွဲ့အစည်းတစ်ခုမှ ရွှေသားတန်ချိန် ပေါင်းများစွာ ပေးအပ်ဖူးသည်ဟု ပြောဆိုကြပါသည်။

၅- The Book of communication
ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိသမျှသော သက်ရှိအားလုံးအပြင် ကမ္ဘာ့အပြင်ဘက်ရှိ သက်ရှိ (ဂြိုလ်သား) များနှင့်ပင် အဆက်အသွယ်ပြုနိူင်သော နည်းလမ်းပေါင်းစုံ ပါဝင်သောစာအုပ်ဖြစ်ပါသည်။ ထို့ကြောင့် အသောကမင်းလက်ထက် ၂၃၇ ဘီစီ ကတည်းကပင် ဂြိုလ်သားဝါဒကို အယုံအကြည်ရှိခဲ့ကြောင်း တွေ့ရှိနိူင်ပါသည်။

၆- The Book of gravitation
ကမ္ဘာမြေ၏ ဆွဲငင်အားနှင့်ပက်သက်သည့် အကြောင်းအရာများအပြင် ထိုဆွဲငင်အား အားဆန့်ကျင်ကာ Vimana ခေါ် ယာဉ်ပျံတည်ဆောက်နည်းအား သင်ကြားပြသထားသော စာအုပ်ဖြစ်သည်။ ထိုအချက်ကလည်း အိန္ဒိယ ရာမယနဇာတ်တော်များတွင် ပါဝင်အသုံးတော်ခံခဲ့သော Vimana ယာဉ်ပျံသည်လည်း အမှန်တကယ်ရှိကောင်း ရှိခဲ့သည်ဟု ဝိဝါဒကွဲစရာ၊စဉ်းစားစရာဖြစ်ပေါ်စေခဲ့ပါသည်။

၇- The Book of cosmology
စကြာဝဋ္ဌာဗေဒဆိုင်ရာ ပညာရပ်များပါဝင်သော အပိုင်းဖြစ်သည်။ စကြာဝဠာလောကဓာတ်အကြောင်း အသေးစိတ်ပါဝင်ပြီး အလင်းနှုန်းထက်မြန်သောနည်းဖြင့် သွားနည်း, ကြားခံတစ်ခုမှ တစ်ခုအကြားကူးပြောင်း သွားလာနည်းများအပြင် အချိန်ခရီးသွားနည်း လျို့ဝှက်ချက်များပါ ပါဝင်နေသည်ဟု ပြောဆိုနေကြသော စာအုပ်ဖြစ်သည်

၈- The Book of light
အလင်း၏ သဘာဝနှင့် လျို့ဝှက်ချက်များ ပါဝင်သောစာအုပ်ဖြစ်သည်။ ဤအပိုင်းကို လေ့လာခြင်းဖြင့် အလင်း၏မြန်နှုန်းကို ထိန်းချုပ်နိူင်ပြီး လိုအပ်သလိုကွေးညွှတ်နိူင်ကာ လေဆာကဲ့သို့သော လက်နက်ဆန်းတစ်မျိုးမျိုး ဖန်တီးနိူင်မည်ဟု ယုံကြည်ကြပါသည်။

၉- The Book of sociology
နောက်ဆုံးအပိုင်းမှာ ခေတ်လွန် လူမှုသိပ္ပံပညာရပ်များ ပါဝင်သော စာအုပ်ဖြစ်သည်။ ထိုအပိုင်းတွင် လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ အတက်နှင့် အကျကိုခန့်မှန်းနိူင်သော အတတ်ပညာများပါဝင်သကဲ့သို့ ပျက်ဆီးယိုယွင်းလာမည့် လူ့အဖွဲ့အစည်းကြီးအား ရပ်တန့်နည်း သို့မဟုတ် ပိုမိုယိုယွင်းမြန်ဆန်လာအောင်ပြုလုပ်သော နည်းပညာများ ပါဝင်သည်ဟု ပြောဆိုကြသည်။

အချုပ်အားဖြင့်ဆိုရလျင် အသောကမင်းကြီး၏ ထိုအမည်မသိ ၉ ဦးသည်သာမက ထိုသူတို့ ထိန်းသိမ်းစောင့်ရှောက်ထားသော မှတ်တမ်း ၉ မျိုး နည်းပညာရပ် ၉ ရပ်တို့သည် ရှေးယခင်ကတည်းက ယနေ့အချိန်အထိ အမှန်တကယ်ရှိခဲ့သည် သို့တည်းမဟုတ် စိတ်ကူးသက်သက်သာဖြစ်သည်ဟူသော အတွေးများအား လူအများကြား လွန်ဆွဲစေကာ ယနေ့ထက်တိုင် ပဟေဠိများ ဖန်တီးပေးလျက် ရှိနေပါတော့သည်။

- ဤသို့ဆိုလျင်
-ထိုအမည်မသိ လူ ၉ ဦးက ဘယ်သူတွေလဲ, ဘယ်လိုနည်းနဲ့ သေခြင်းတရားကို ရှောင်လွှဲပြီးတော့ အမှောင်ကမ္ဘာ ထဲမှာ ပုန်းကွယ်နေထိုင်နေကြတာလဲ?

-လူသားတွေအတွက် ခေတ်လွန်ပညာရပ်တွေကို ရာစုအလီလီ ထိန်းသိမ်းကာကွယ်ပေးထားခြင်းကား ဘာအတွက်လဲ?

-ဘယ်လို ရည်ရွှယ်ချက်တွေ အစီအစဉ်တွေ သူတို့ ၉ ယောက်မှာရှိနေတာလဲ?

-မိမိတို့ လူသားမျိုးနွယ်စုကြီးရဲ့ နေဝင်ချိန်ရောက်ရင်ကော အမှန်တကယ် ကူညီကယ်တင်ဖို့ထွက်ပေါ် လာနိူင် မှာလား?

- ဆိုတာတွေကတော့ အသောကမင်းကြီးမှလွှဲ၍ မည်သူတစ်ဦးတစ်ယောက်မှ မဖြေရှင်းနိူင်သော ပဟေဠိ ပုစ္ဆာတစ်ပုဒ် အဖြစ် ကျန်ရှိနေဦးမှာဖြစ်ပါတော့တယ်။

No comments