New Artical

ကိုရီးယား ငရုတ်နှစ် ကြက်ကင် လုပ်စားရအောင်


 မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတူတူ ကိုရီးယားစတိုင် ငရုတ်နှစ် ကြက်သားကင်လုပ်စားဖို့ နည်းလမ်း မျှဝေပေးချင်ပါတယ်။ ပုံမှန်စားနေကျ ကြက်ကင် အရသာမျိုး မဟုတ်ဘဲ ကိုရီးယား ငရုတ်နှစ်၊ ငရုတ်မှုန့်၊ Carbonated Soda အချိုရည်တို့ရဲ့ အရသာ ပေါင်းစပ်မှုကို ခံစားမိစေမှာပါ။ အကင်စက် မသုံးဘဲ မီးသွေးနဲ့ ကင်မယ်ဆိုရင် မီးခိုးနံ့ သင်းသင်းလေးနဲ့ အရသာ ပိုပြီး ပြည့်စုံစေပါတယ်။

ကိုရီးယားငရုတ်နှစ် ကြက်ကင်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

ကြက်ရင်ဖုံသား
ကိုရီးယားငရုတ်အနှစ် (gochujang)
ကိုရီးယားငရုတ်မှုန့် (gochugaru)
ဆန်အရက်
သကြား
ကြက်သွန်နီ
Sprite (7 Up (သို့) lemon lime soda)
ပဲငံပြာရည်
ကြက်သွန်ဖြူ
ချင်း
ငရုတ်ကောင်းမှုန့်တို့
လိုအပ်ပါတယ်။

အရင်ဆုံး ကင်မယ့် ကြက်သားကို နှစ်သက်ရာ အနေတော် အတုံး တုံးထားပါ။ ပြင်ဆင်ဖို့ ၂ ယောက်စာအတွက် ကြက်သား ၄၅၀ ဂရမ် သုံးပါမယ်။ ပြီးရင် အသားနှပ်ဖို့ ငရုတ်နှစ် လုပ်ပါမယ်။

ကိုရီးယားငရုတ်အနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ကိုရီးယားငရုတ်မှုန့် စားပွဲတင်ဇွန်းဝက်၊ ဆန်အရက်၊ သကြားနဲ့ ကြက်သွန်နီ ထောင်းထားတဲ့အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းစီ၊ Sprite ဖန်ခွက် ၄ ပုံ ၁ ပုံ၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ချင်း ထောင်းထားတဲ့အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း စီနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ပန်းကန်လုံး အသေးတလုံးထဲ ထည့်ပြီး သမအောင်မွှေပါ။

အားလုံး သမသွားပြီဆိုရင် ကင်ဖို့ ပြင်ဆင်ထားတဲ့ ကြက်သားတုံးတွေပေါ် လောင်းချပြီး နယ်ပေးပါ။ အနှစ်နဲ့ နယ်ထားတဲ့ ကြက်သားတုံးတွေကို အနည်းဆုံး ၄ နာရီကြာအောင် ရေခဲသေတ္တာထဲထည့်ပြီး နှပ်ထားပေးရပါမယ်။

နှပ်ထားတဲ့ ကြက်သားတုံးတွေကို အပူချိန် ၁၆၅ ဒီဂရီဖာရင်ဟိုက်နဲ့ မျက်နှာပြင်တဖက်ကို ကျက်သွားတဲ့ထိ ၅ မိနစ်ကနေ ၇ မိနစ်ကြား ကင်ပေးရပါမယ်။ အသားမျက်နှာပြင် နှစ်ဖက်လုံး ကျက်သွားပြီဆိုရင်တော့ ပန်းကန်ပြားထဲ ထည့်ပြီး အရွက်သုပ်နဲ့ တွဲဖက်စားမယ့် အရသာရှိတဲ့ ကိုရီးယားငရုတ်နှစ်ကြက်သားကင် ရပါပြီ။

Ref: My Korean Kitchen

No comments