New Artical

တားဆေးတွေ ရေရှည်သုံးစွဲသင့်သလား


သန္ဓေတားနည်း အမျိုးမျိုးထဲမှာ သောက်ဆေးအနေနဲ့လာတဲ့ သန္ဓေတားဆေးကို အမျိုးသမီးအတော်များများ ရွေးချယ်ကြပါတယ်။ ဝယ်ယူသုံးစွဲရတာ လွယ်ကူရိုးရှင်းသလို ငွေကုန်ကြေးကျလည်း သိပ်မများတာကြောင့် သုံးစွဲသူ များပြားပါတယ်။ ဒါပေမဲ့လည်း ဒီလို တစ်နေ့တစ်လုံးသောက်ရတဲ့ သန္ဓေတားဆေးတွေကို အချိန်အကြာကြီး သောက်သုံးမိနေရင် ဘာတွေဖြစ်နိုင်သလဲ။ လေ့လာကြည့်ကြရအောင်..

သန္ဓေတားဆေး(သောက်ဆေး) ကို အဓိက နှစ်မျိုး ခွဲပြောရအောင်ပါ။ တစ်နေ့တစ်လုံးသောက်ရတဲ့ အထဲမှာ ဟော်မုန်း တစ်မျိုးထဲပါတဲ့ဆေး (Minipills)၊ ဟော်မုန်း နှစ်မျိုးပါဝင်တဲ့ Combination Pills ဆိုပြီး ရှိပါတယ်။

ဟော်မုန်းတစ်မျိုးတည်း ပါဝင်သည့် Minipills

ဟော်မုန်းတစ်မျိုးတည်းပါတဲ့ Minipills က ပရိုဂျက်စတင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးတည်း ပါပါတယ်။ သားအိမ်အချွဲမြှေးတွေကို ထူလာစေပြီး သားအိမ်နံရံကိုပါးအောင်လုပ်ပေးရင်း ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ပါတယ်။ အချွဲတွေနဲ့ထူနေတော့ သုတ်ပိုးတွေ လွယ်လွယ်ကူကူ တက်မလာနိုင်တော့ပါဘူး။ သန္ဓေတည်ရင်လည်း သားအိမ်နံရံက ပါးနေတော့ တွယ်တပ်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါက ဒီဆေးရဲ့ အလုပ်လုပ်ပုံပါ။

ဟော်မုန်း နှစ်မျိုး ပါသည့် ဆေး Combination Pills

ဟော်မုန်း နှစ်မျိုးပါတဲ့ဆေးကျတော့ ပရိုဂျက်စတင်နဲ့ အီစထရိုဂျင်ဟော်မုန်း နှစ်မျိုး ပါပါတယ်။ ဒါကြောင့် သူ့ကို Combination Pills လို့ ခေါ်တာ ဖြစ်ပါတယ်။ သူတို့က အမျိုးသမီးရဲ့ သားဥအိမ်က သားဥတွေကို မျိုးဥပြွန်ထဲမဆင်းလာအောင် လုပ်ပေးပြီး ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်။

ဒီဆေးနှစ်မျိုး စလုံးက တစ်နေ့တစ်လုံးသောက်ရပြီး အချိန်မှန်မှန်ရင် ပိုထိရောက်မှု ရှိပါတယ်။ နောက်ပြီး အချိန်မှန်သောက်ရင် ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း သိပ်မခံစားရစေပါဘူး။

ဆေး နှစ်မျိုးစလုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ-

ဝက်ခြံထွက်တာ၊ ရာသီလာမမှန်တာ၊ လေပွတာ၊ သွေးပေါင်ချိန် နည်းနည်းတက်လာတာ၊ ကိုယ်အလေးချိန် ပိုတက်လာတာ၊ မူးဝေဝေဖြစ်တာ၊ ခေါင်းကိုက်တာ၊ အစာစားချင်စိတ်ပိုဖြစ်တာ၊ ညဖက်သိပ်မပျော်တာ၊ စိတ်အပြောင်းအလဲ မြန်တာ၊ ပျို့အန်ချင်တာ စတာတွေ အများဆုံးဖြစ်တတ်တာကို တွေ့ရပါတယ်။

အထူးသဖြင့် ဆေးစသောက်သောက်ခြင်း ပထမ ၃-၄လ မှာ ကြုံရတတ်ပြီး နောက်ပိုင်းတော့ တဖြည်းဖြည်း သက်သာသွားလေ့ရှိပါတယ်။

အထက်ပါ သန္ဓေတားဆေး နှစ်မျိုးကို ရေရှည်သောက်သုံးမယ့်သူတွေ စိုးရိမ်ပူပန်လေ့ရှိတာက ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးပါ။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးဆိုတာ အခုထိလည်း မရှိသေးတာကြောင့် ဒီသန္ဓေတားဆေးတွေမှာလည်း ရှိတာပါပဲ။ ယေဘူယျအားဖြင့်တော့ စသောက်သုံးတဲ့အချိန်မှာ အပေါ်က ဘေးထွက်ဆိုးကျိုးတွေ ဆိုးဆိုးရွားရွား မခံစားရရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆက်လက် သောက်သုံးနိုင်ပါတယ်။

အချိန် ကြာကြာ သုံးစွဲလို့ ရလား

ကျန်းမာရေး ကောင်းမွန်တဲ့သူတစ်ယောက်အတွက်တော့ သန္ဓေတားဆေးတွေကို အချိန်အကြာကြီး သားဆက်ခြားနည်းအဖြစ် သုံးစွဲသွားလို့ရပါတယ်။ ဒါပေမဲ့ ဖြစ်လာနိုင်တယ့် ဆိုးကျိုးတွေ ကို ကြိုတင်တွက်ဆရမှာ ပါ။ နှစ်ရှည် ကိုယ်ဝန်တား မယ်၊ ဆိုရင်တော့ ကာလကြာရှည် သန္ဓေတားတဲ့နည်းလမ်းတွေ ကို အသုံးပြုတာ ပိုစိတ်ချရပါမယ်၊ (ဥပမာ . လက်မောင်းထဲ ထည့်တဲ့ပစ္စည်း (Implant)၊ ၊ သားအိမ်ထဲ ထည့်တဲ့ပစ္စည်း(IUD) တို့ပေါ့)

ချွင်းချက်လေး တချို့တော့ ရှိနေပါတယ်။ ဟော်မုန်းတစ်မျိုးတည်းပါတဲ့ Minipills တွေကို ဆေးလိပ်သောက်တဲ့သူတွေလည်း သောက်လို့ ရပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေဆို အသက် ၃၅ နှစ် အောက်ပဲသောက်သင့်တယ်၊ ၃၅ နှစ်ကျော်ရင် တခြားသားဆက်ခြားနည်း ပြောင်းသုံးပါ။ (ဥပမာ လက်မောင်းထဲ ပစ္စည်းထည့်တာမျိုးပါ)။

ဟော်မုန်း နှစ်မျိုးပါတဲ့ Combination Pills တွေက ဆေးလိပ်သောက်သုံးတဲ့သူတွေ လုံး၀ မသုံးစွဲသင့်ပါဘူး။ သူ့မှာပါဝင်တဲ့ အီစထရိုဂျင်ဓာတ်က သွေးခဲစေတဲ့ ပြဿနာရှိလို့ပါ။ ဆေးလိပ်မသောက်တတ်တဲ့သူကတော့ စိတ်ချလက်ချသုံးစွဲနိုင်ပါတယ်။

သန္ဓေတားဆေးကို အချိန်အကြာကြီး သောက်သုံးရင်ဖြစ်လာနိုင်တဲ့ ပြဿနာ တချို့တော့ ရှိနေပါတယ်။ ဒါတွေကတော့-

၁။ ကင်ဆာ

လူအတော်တော်များများ စိတ်ပူကြတဲ့ ပြဿနာပါ။ အခုချိန်ထိလေ့လာမှုတွေကအရ သန္ဓေတားဆေးကို ကာလကြာရှည်သောက်သုံးရင် သားအိမ်အတွင်းလွှာကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို အနည်းငယ်လျှော့ချပေးနိုင်ပေမဲ့ ရင်သားကင်ဆာ၊ အသည်းကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကိုတော့ အနည်းငယ် မြင့်တက်လာစေနိုင်တယ်လု့ိ ဆိုပါတယ်။ တကယ်လို့ ကိုယ့်မိသားစုမျိုးရိုးထဲက တစ်ယောက်ယောက် ဒီကင်ဆာ သုံးမျိုးထဲက တစ်ခုခုဖြစ်ဖူးတယ်ဆို ပိုသတိထားသင့်ပါတယ်။

၂။ သွေးခဲခြင်းနှင့် နှလုံးပြဿနာ

အသက် ၃၅ နှစ်အထက် အမျိုးသမီးတွေ သန္ဓေတားဆေးကို အကြာကြီးသုံးစွဲနေရင် သွေးခဲတဲ့ ပြဿနာနဲ့ နှလုံးဖောက်တဲ့ပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ အစကတည်းက သွေးတိုးရောဂါ၊ နှလုံးပြဿနာနဲ့ ဆီးချို ပြဿနာ တစ်ခုခုရှိနေမယ်ဆို ပိုလို့တောင် ဖြစ်နိုင်ပါသေးတယ်။ ဆေးလိပ ်သောက်တတ်တဲ့သူဆို ပိုပြီး ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။

၃။ ခေါင်းတစ်ခြမ်းကိုက်ခြင်း

ကိုယ့်မှာအရင်ကတည်းက ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာရှိတယ်ဆို သန္ဓေတားဆေးထဲမှာ ပါတဲ့ အီစထရိုဂျင်ဓာတ်က ဒီဝေဒနာကို ပိုဆိုးစေမှာပါ။

ဒါတွေက သန္ဓေတားဆေးကို ရေရှည်သောက်ရင်ကြုံလာနိုင်တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အခုပြောသွားတဲ့ နှစ်မျိုးထဲ မပါပေမဲ့ လူအတော်များများ သုံးစွဲနေတဲ့ သန္ဓေတားဆေးတစ်မျိုး ရှိပါသေးတယ်။ အရေးပေါ် သန္ဓေတားဆေးပါ။

အရေးပေါ် သန္ဓေတားဆေးကို ရေရှည် သောက်လို့ရလား

အရေးပေါ် သန္ဓေတားဆေးကိုရေရှည်သုံးစွဲဖို့ လုံးဝမစဉ်းစားပါနဲ့လို့ အကြံပေးချင်ပါတယ်။ ဆေးနာမည်ကိုက အရေးပေါ်တားဆေးပါ။ အရေးပေါ်အခြေအနေတစ်ခုခု (ဥပမာ -အလိုမတူဘဲ သားမယားပြုကျင့်ခံတာမျိုး) မှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ဖို့ပဲ ထုတ်လုပ်ထားတာပါ။ ဒါကို မြေပဲဆားလှော်ဝါးသလို ခဏခဏ သောက်နေတဲ့သူတချို့ တွေ့ဖူးပါတယ်။

သူက အပေါ်မှာ တစ်နေ့တစ်လုံး သောက်တဲ့ဆေးထက် ဟော်မုန်းဓာတ် အကြမ်းဖျင်း ၄ ဆလောက် ပိုပါတာကြောင့် ဘေးထွက်ဆိုးကျိုး အင်မတန်များပါတယ်။ အဆိုးဆုံးက ရာသီလာမမှန်တော့တာပါ။ ဒါကိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးမှန်းမသိဘဲ တခြားဘာဆေးညာဆေးတွေ ထပ်သောက်တော့ ပြဿနာက ဗူးလေးရာ ဖရုံဆင့်ဆိုသလို ပိုလို့တောင် များလာပါတော့တယ်။ ဒါ့ကြောင့် အရေးပေါ်တားဆေးဟာ အချိန်အကြာကြာ ဆွဲသောက်ဖို့ လုံးဝမသင့်တော်ဘူးဆိုတာထပ်လောင်းပြောကြားလိုပါတယ်။

ပြန်ပြီး ချုံပြောရရင်တော့ သန္ဒေတားဆေးတွေကို ရေရှည်သုံးစွဲဖို့ ဆိုတာ အချက် နှစ်ချက်အပေါ် မူတည်ပါတယ်။ ပထမ အချက်ကတော့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ နောက်တစ်ခုကတော့ အသက်အရွယ်ပါ။ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေမယ်၊ ရှိတဲ့ ပြဿနာကလည်း သန္ဓေတားဆေးတွေကြောင့် ပိုဆိုးလာနိုင်တယ်ဆို ရေရှည် မသုံးစွဲသင့်ပါဘူး။ အသက်အရွယ်အားဖြင့်လည်း ၃၅ နှစ်အထက်ဆိုရင် တခြားသားဆက်ခြားနည်း တစ်ခုခု ပြောင်းလဲသုံးစွဲတာ ပိုသင့်တော်မှာဖြစ်ကြောင်း အကြံပေးရင်း နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျာ။

Dr.Barry

No comments