New Artical

လူငယ်များသိသင့်သည့် ထိခြင်းငါးပါးနှင့် ရှိခိုးဦးချပုံ ဦးချနည်း


ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရှိခိုးဦးချရာတွင် လိုက်နာအပ်သော အပြုအမူဖြစ်သည်။ မြေပြင် သို့မဟုတ် ကြမ်းပြင်ပေါ်၌ ကိုယ်အင်္ဂါ အစိတ်အပိုင်း ငါးမျိုးကို တည်စေလျက် ဦးခိုက်ဝပ်တွားခြင်း ကို ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းဟု ခေါ်ဆိုသည်။ ထိခြင်းငါးပါးကို တည်ခြင်းငါးပါးလည်း ခေါ်ဆိုကြသည်။ မြေပြင် သို့မဟုတ်ကြမ်းပြင်ပေါ်၌ -

(က) ဒူးနှစ်ဘက်တည်နေစေရမည်။
(ခ) တံတောင်ဆစ်တိုင်အောင် လက်နှစ်ဘက်ကို တည်နေစေရမည်။
(ဂ) နဖူးကိုတည်နေစေရမည်။

ဤကိုယ်အင်္ဂါ ငါးမျိုးကို အညီအညွတ်ပြု၍ ရှိခိုးမည့်ဘက်သို့ ရှေးရှုညွှတ်သောအားဖြင့် ဝပ်တွားဦးခိုက်ရမည်။ အစီအစဉ်အားဖြင့် ဖော်ပြရပါက အမျိုးသားများအနဖြေင့် -

(က) ရှေးဦးစွာ ရှိခိုးမည့်ဘက်သို့ မျက်နှာမူပြီး ဆောင့်ကြောင့်ထိုင်ရမည်။
(ခ) လက်အုပ်ကို နဖူးအထိ မြှောက်ချီရမည်။
(ဂ) ထို့နောက် ဒူးထောက်ချလိုက်ရမည်။
(ဃ) လက်အုပ်ကို မြေပြင် ကြမ်းပြင်သို့ချ၍ လက်ဝါးဖြန့်လျက် လက်ထောက်ရမည်။
(င) တံတောင်ဆစ်နှစ်ဘက်ကို မြေပြင် ကြမ်းပြင်သို့ထိအောင် လက်ဝါးနှစ်ဘက်ကို ရှေ့သို့လျှောထုတ်ရမည်။ ထိုအခါ ဦးခေါင်းနှင့် ပခုံးသည် :အလို အလျောက် ရှေ့သို့ငိုက်သွားမည်။
(စ) နဖူးကို လက်ဖမိုးပေါ် သို့မဟုတ် ကြမ်းပြင်ပေါ်သို့ထိအောင် နှိမ့်ချပါ။

ဤသို့ဝပ်တွားဦးခိုက်ခြင်းသည် တည်ခြင်း ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း မည်သည်။ ဤနည်းအတိုင်း သုံးကြိမ် ရှိခိုးကြရမည်။ အမျိုးသမီးများအနဖြေင့် တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ရှိခိုးနည်းမှာ -

(က) ရှေးဦးစွာ ရှိခိုးမည့်ဘက်သို့ မျက်နှာမူပြီး တင်ပါးလွှဲထိုင်ရမည်။
(ခ) လက်အုပ်ကို နဖူးအထိ မြှောက်ချီရမည်။
(ဂ) လက်အုပ်ကို မြေပြင် ကြမ်းပြင်သို့ချ၍ လက်ဝါးဖြန့်ရမည်။
(ဃ) တံတောင်ဆစ်နှစ်ဘက်ကို မြေပြင် ကြမ်းပြင်သို့ထိအောင် လက်ဝါးနှစ်ဘက်ကို ရှေ့သို့လျှောထုတ်ရမည်။
(င) နဖူးကို လက်ဖမိုးပေါ် သို့မဟုတ် ကြမ်းပြင်ပေါ်သို့ထိအောင် နှိမ့်ချဦးခိုက်ရမည်။

ဤနည်းအတိုင်း သုံးကြိမ် ရှိခိုးရမည်။ သီလက္ခန် ဋီကာသစ်နည်းအရ တည်ခြင်းငါးပါးဖြင့် ရှိခိုးရာ၌ တည်ရမည့် အင်္ဂါ ငါးပါးမှာ အောက်ပါအတိုင်းရေတွက်သည်။

(က) လက်ဝါးနှစ်ဘက် တည်ရှိရမည်။
(ခ) ခြေဖဝါးနှစ်ဘက် တည်ရှိရမည်။
(ဂ) တံတောင်ဆစ်နှစ်ဘက် တည်ရှိရမည်။
(ဃ) ဒူးနှစ်ဘက် တည်ရှိရမည်။
(င) နဖူး တည်ရှိရမည်။

လင်္ကာအတိုကောက်မှတ်ရန်နည်းလမ်းမှာ ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး၊ ငါးဦး ညီညွတ်စေ။ ဟူ၍ ဖြစ်သည်။ 

 ရှိခိုးဦးချပုံ ဦးချနည်း

ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက် “နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။

လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။ ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။


“ရှိခိုးခြင်း သုံးမျိုး”

(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယဝန္ဒနာ)၊

(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (ဝစီဝန္ဒနာ)၊

(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။

“ထိခြင်းငါးပါး ရှိခိုးခြင်း”

ဒူးနှစ်ဘက်၊ လက်နှစ်ဘက်၊ နဖူးတို့ကို မြေ၌ သို့မဟုတ် ကြမ်းပြင်၌ ထိစေ၍ ရှိခိုးခြင်းသည် ထိခြင်းငါးပါးနှင့်အညီ ရှိခိုးသည် မည်၏။

ဆောင်ပုဒ် ။ ။ ခြေ လက် နဖူး၊ တံတောင် ဒူး၊ ငါးဦး မြေထိစေ။


“ရပ်လျက်ရှိခိုးခြင်း”

လမ်းတွင် ရဟန်းသံဃာတော်တို့ကို တွေ့ဆုံသောအခါ  ဦးထုပ် ဖိနပ်ချွတ်၍ ခြေစုံရပ်ကာ လက်အုပ်ကို ဦးထိပ်၌ တင်လျက် ကိုယ်ကို ရှေ့သို့ ညွတ်ကာ ရှိခိုးရမည်။

“ထိုင်လျက် ရှိခိုးခြင်း”

အမျိုးသားဖြစ်လျှင် ဆောင့်ကြောင့်ထိုင်လျက်၊  အမျိုးသမီးဖြစ်လျှင် ကြုံ့ကြုံ့ထိုင်လျက် ထိခြင်းငါးပါးနှင့် အညီ
တုပ်ဝပ်လျက် ရှိခိုးရမည်။

ဘုရားရှိခိုးသောအခါ ဦးစွာပထမ ဦးချရမည်။ ဦးချသောအခါ -


ဗုဒ္ဓံ ပူဇေမိ = ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ = ဓမ္မံ - တရားတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။

သံဃံ ပူဇေမိ = သံဃံ - သံဃာတော်အရှင်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား
... ဟု ဆို၍ ဦးချရမည်။

Ref : Wikipedia

No comments